သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေး အလားအလာ


မြန်မာ့စီးပွားရေး အလားအလာ
please wait

No media source currently available

0:00 0:05:13 0:00
တိုက်ရိုက် လင့်ခ်


ကမ္ဘောဒီယား၊ လာအို၊ ထိုင်းနဲ့ ဗိယက်နမ်တို့ရဲ့ အတွေ့အကြုံအရ သင့်တော်တဲ့ ပေါ်လစီကို ချမှတ်ကျင့်သုံးနိုင်ရင် စီးပွားရေးဟာ နှစ်စဉ် (၇) ရာခိုင်နှုန်းကနေ (၈) ရာခိုင်နှုန်းအထိ ရေရှည်တိုးတက်တာ တွေ့ရပါတယ်။ ဒီနိုင်ငံတွေ ပြုပြင်ရေးလုပ်ချိန်နဲ့ လက်ရှိ မြန်မာ့အခြေအနေဟာ အတူတူဖြစ်နေတာမို့ မြန်မာ့စီးပွားရေးဟာလည်း နှစ်စဉ် (၇) သို့မဟုတ် (၈) ရာခိုင်နှုန်းလောက် တိုးတက်နိုင်တယ်လို့ IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ဖေဖေါ်ဝါရီလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ် အရင်းအနှီးကို ဆွဲဆောင်ပြီး လုပ်အားသုံး ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ တရုတ်ပြည်ကို တင်ပို့ရင် အကျိုးရှိမယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်ကလည်း ရှေ့လာမယ့် သုံးနှစ်အတွင်းမှာ မြန်မာ့စီးပွားရေး (၇) ရာခိုင်နှုန်းကျော် နှစ်စဉ်တိုးတက်မယ်လို့ ခန့်မှန်းတာကို စီးပွားရေးပညာရှင်အချို့ ဘဝင်မကျနိုင်ဘဲ ဖြစ်နေပါတယ်။ မြန်မာဟာ တရုတ်နဲ့ထိုင်းကို အများဆုံး တင်ပို့တာမို့ ဒီနိုင်ငံတွေရဲ့ စီးပွားရေးအတက်အကျပေါ်မှာ မူတည်ကြောင်း ထောက်ပြကြပါတယ်။ လောလောဆယ် ရင်ဆိုင်နေရတဲ့ လုံခြုံရေးနဲ့ နိုင်ငံရေးပြဿနာကို ထည့်မတွက်တာဟာ ကမ္ဘာ့ဘဏ်ရဲ့ အားနည်းချက် ဖြစ်တယ်လို့ မြင်ကြပါတယ်။ ADB အာရှဖွံ့ဖြိုးရေးဘဏ်ကလည်း လက်ရှိဘဏ္ဍာရေးနှစ်မှာ စီးပွားရေး (၈) ရာခိုင်နှုန်းနီးပါး တိုးတက်လိမ့်မယ်လို့ ခန့်မှန်းပါတယ်။

ကုန်ထုတ်မှု မြှင့်တင်ရေးမှာ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေ ယုံကြည်လာဖို့အတွက် သန့်ရှင်းတဲ့ အစိုးရဖြစ်ဖို့လိုကြောင်း ဇွန်လ (၆) ရက်က ကျင်းပတဲ့ မြန်မာ့ရင်းနှီမြုပ်နံှမှု ဖိုရမ် (forum) မှာ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း က ပြောပါတယ်။ ကြိုးနီစနစ် ကျင့်သုံးမှုနဲ့ အဂတိလိုက်စားမှု မရှိအောင်လည်း ကြိုးစားနေတယ်လို့ ဆိုပါတယ်။ အပြောင်းအလဲအတွက် အချိန်ယူပြီး အပင်ပန်းခံလုပ်ထားတာရှိပေမယ့် အခက်အခဲနဲ့ အမှားအယွင်းရှိလာရင် လုပ်ရင်းကိုင်ရင်း ပြင်သွားရမယ်လို့ ဆိုပါတယ်။ အတိုက်အခံဘဝက အစိုးရ ဖြစ်လာတဲ့ အစိုးရဟာ စီးပွားရေးလုပ်ငန်းကြီးတွေကို မယုံသင်္ကာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ NLD အစိုးရဟာ ပြည်တွင်းပြည်ပ လုပ်ငန်းရှင်တွေနဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးပြီး ပုဂ္ဂလိက မျှော်လင့်ချက်နဲ့ အစိုးရ မျှော်လင့်ချက်တို့ကို သုံးသပ်သင့်ပါတယ်လို့ စင်္ကာပူပါမောက္ခဆိုင်မွန်တေး က ဆိုပါတယ်။ပေါ်လစီ ချမှတ်ရာမှာ ပုဂ္ဂလိက လုပ်ငန်းကဏ္ဍနဲ့ ဆွေးနွေးမှုများလေလေ အကျိုးရှိလေလေလို့ အကြံပြုထားပါတယ်။

စီဒိုနာဟိုတယ်မှာ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံတဲ့ Bloomberg Invest Myanmar ဆွေးနွေးပွဲ တက်ရောက်တဲ့ မြန်မာလုပ်ငန်းရှင်တွေကလည်း ရေရှည်မှာ စီးပွားရေးကောင်းဖို့ အလားအလာရှိတယ်လို့ သုံးသပ်ကြောင်း မတ်လ (၁၁) ရက်နေ့ထုတ် DVB သတင်းမှာ ဖော်ပြပါတယ်။ အပြောင်းအလဲမှာ ခက်ခဲမှု၊ အဆင်မပြေမှုတွေ ရှိနေပေမယ့် ပြည်သူ လိုချင်တဲ့လမ်းကြောင်းကို လျှောက်နေတာမို့ ရေရှည်မှာ ကောင်းလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း Max Myanmar ကုမ္ပဏီက ဦးဇော်ဇော် က ပြောပါတယ်။ အရင်းအနှီးရဖို့ ခက်ခဲမှု၊ မြေယာပြဿနာရှိမှု၊ ကျွမ်းကျင်လုပ်သား ရှားပါးမှုနဲ့ အခြေခံအဆောက်အအုံ အားနည်းမှုကြောင့် စီးပွားရေးဖွံ့ဖြိုးမှု နှောင့်နှေးနေရတယ်လို့ ပြည်ပပညာရှင်တွေက သုံးသပ်ပါတယ်။

မြန်မာပြည်မှာ အသေးစားနဲ့ အလတ်စား လုပ်ငန်းရှင်ဦးရေ နည်းပါးနေတာကို ဗဟိုစာရင်းအင်းဌာနနဲ့ UNDP ကုလသမဂ္ဂဌာနခွဲတို့ ဖေဖေါ်ဝါရီလက ထုတ်ဝေတဲ့ မြန်မာ့လုပ်ငန်းစစ်တမ်း Business Survey မှာ ဖော်ပြထားပါတယ်။ လုပ်ငန်းရှင်ပေါင်း တသောင်းလေးထောင်ကို ဆက်သွယ်မေးမြန်းတဲ့အပေါ်မှာ အခြေခံထားတဲ့စာတမ်း ဖြစ်ပါတယ်။ လူဦးရေးတထောင်မှာ လုပ်ငန်းရှင် နှစ်ယောက်ခွဲသာ မြန်မာပြည်မှာ ရှိပါတယ်။ အခြားအာရှနိုင်ငံတွေမှာတော့ လူတထောင်မှာ လုပ်ငန်းရှင် ကိုးယောက်ရှိပြီး ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ လူတထောင်မှာ လုပ်ငန်းရှင် (၂၇) ယောက် ရှိပါတယ်။ ရန်ကုန် နဲ့ မန္တလေးတိုင်းမှာ စီးပွားရေးလုပ်ငန်းရှင် (၃၃) ရာခိုင်နှုန်းရှိပြီး အခြားနေရာတွေမှာ နည်းနည်းပါးပါတယ်။ ဒီလို မညီမမျှ ဖြစ်နေတဲ့အကြောင်းရင်းကို ရှာဖွေတွေ့ရှိပြီး ပြုပြင်နိုင်လိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။

အာဏာအလွဲသုံးစားလုပ်တဲ့ အစိုးရတွေ နှစ်ပေါင်းများစွာ ကြီးစိုးသွားတဲ့ ရလဒ်တခုဟာ စီးပွားရေး စတင်လုပ်ကိုင်ချင်သူဦးရေ နည်းပါးနေတာ ဖြစ်ပါတယ်။ လုပ်သက်လေးနှစ်အောက်သာရှိတဲ့ လုပ်ငန်းရှင်ဦးရေဟာ မြန်မာပြည်မှာ (၁၆) ယောက်သာရှိပြီး ဗိယက်နမ်မှာ (၄၀) ရှိပါတယ်။ တိုင်းပြည်စီးပွားရေး တိုးတက်တယ်ဆိုပေမယ့် လုပ်ငန်းရှင်ဦးရေ တိုးတက်မလာတာဟာ အနုတ်လက္ခဏာ ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေကသာ နိုင်ငံခြားအရင်းအနှီးနဲ့ ဆက်သွယ်ပြီး လုပ်ကိုင်နိုင်ပါလိမ့်မယ်။

နိုင်ငံခြားလုပ်ငန်းရှင်ဟာ ပြည်တွင်းကုမ္ပဏီနဲ့ လက်တွဲမှ စီးပွားရေးလုပ်နိုင်တယ်ဆိုတဲ့ ကန့်သတ်ချက်ကို ဖယ်ရှားလိုက်တဲ့ ရင်းနှီးမြုပ်နံှမှု ဥပဒေသစ်ကို

နိုင်ငံခြားက ကြိုဆိုပါတယ်။ တချို့ကလည်း ရှင်းလင်းပြတ်သားတဲ့ ဥပဒေသစ်ကို ကြိုဆိုပေမယ့် အစိုးရ လုပ်နည်းလုပ်ထုံးပြဿနာကို ထောက်ပြကြပါတယ်။ ကန်ထရိုက်စာချုပ်ကို စဉ်းစားသုံးသပ်ပြီး တုံ့ပြန်တဲ့နေရာမှာ အချိန်ယူလွန်းတယ်လို့ ဆိုပါတယ်။ ကန်ထရိုက်တခု အတည်ပြုပြီး ငါးလကြာမှ လက်မှတ်ထိုးတာကို မကျေနပ်ကြကြောင်း ဇွနလ (၁၉) ရက်ထုတ် Frontier Myanmar စာစောင်မှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG