သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အထည်ချုပ်လုပ်ငန်း ပြဿနာ


အထည်ချုပ်လုပ်ငန်း ပြဿနာ
please wait

No media source currently available

0:00 0:05:12 0:00
တိုက်ရိုက် လင့်ခ်


အထည်ချုပ်အလုပ်သမားတွေရဲ့ ကန့်ကွက်ဆန္ဒပြပွဲနဲ့ သပိတ်မှောက်ပွဲတွေကို သတင်းမီဒီယာတွေမှာ မကြာခဏ တွေ့ရပါတယ်။ အထည်ချုပ်စက်ရုံလေးရာက အလုပ်သမားဦးရေ လေးသိန်းမှာ အမျိုးသမီးက (၉၀) ရာခိုင်နှုန်း ရှိပါတယ်။ ဦးသိန်းစိန်အစိုးရ မတက်မီက ဒေါ်လာသန်းသုံးရာကျော်ဖို့သာ တင်ပို့နိုင်ခဲ့ပေမယ့် (၂၀၁၅) မှာ ဒေါ်လာသန်း (၁၄၆၀) ဖိုး နိုင်ငံခြားကို တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ငါးနှစ်အတွင်းမှာ ဒေါ်လာသန်းတထောင်ကျော်ဖိုး တိုးပြီးတင်ပို့နိုင်တဲ့သဘော ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ့အထည်ချုပ်လုပ်ငန်းက ဝင်ငွေကောင်းသလောက် အလုပ်သမားတွေကတော့ ဝင်ငွေမကောင်းကြပါဘူး။

ဒါကြောင့် အထည်ချုပ် အလုပ်သမားတွေ မကြာခဏ ကန့်ကွက်ဆန္ဒပြနေတာ ဖြစ်ပါတယ်။ အထည်ချုပ်လုပ်ငန်းမှာ သင့်လျော်တဲ့ လုပ်ခမပေးဘဲ ခေါင်းပုံဖြတ်နေပုံကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေက အစီရင်ခံစာ ရေးကြပါတယ်။ အထည်ချုပ်လုပ်ငန်းမှာ ရင်းနှီးမြုပ်နံှမှုတွေ များလာလို့ အလုပ်သမားတွေကတော့ ဆင်းရဲတွင်းက မထွက်နိုင်သေးဘူးလို့ ၂၀၁၅ ဒီဇင်ဘာမှာထုတ်တဲ့ Made in Myanmar ဆိုတဲ့ အစီရင်ခံစာမှာ Oxfam အဖွဲ့က ရေးသားထားပါတယ်။ အထည်ချုပ်လုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာပေမယ့် အလုပ်သမားဘဝဟာ ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့နေတယ်လို့ ဆိုပါတယ်။

အထည်ချုပ်အလုပ်သမားတွေဟာ တနေ့ (၁၁) နာရီနှုန်းနဲ့ တပတ် (၆) ရက် လုပ်နေရပေမယ့် ဆင်းရဲဒုက္ခရောက်နေကြတုန်းပဲလို့ Oxfam အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ၂၀၁၅ စက်တင်ဘာလမှာ သတ်မှတ်လိုက်တဲ့ အနည်းဆုံးလုပ်ခ တလ (၈၃) ဒေါ်လာဟာ အလုပ်သမားမိသားစုအတွက် မလုံလောက်ဘူးလို့ ဆိုပါတယ်။ ရန်ကုန်တဝိုက်က အထည်ချုပ်စက်ရုံ (၂၀) ကျော်ကို စုံစမ်းကြည့်တဲ့အခါမှာ အချိန်ပိုလုပ်လို့ တစ်လ ဒေါ်လာ (၁၀၀) ရတာတောင် ရိက္ခာ၊ ဆေးဝါး နဲ့ လမ်းစရိတ်အတွက် မလုံလောက်ကြောင်း သိရပါတယ်။ စစ်တမ်းကောက်တဲ့ အလုပ်သမားဦးရေ တဝက်လောက်ဟာ အခြေခံစားသောက်ကုန်အတွက် ချေးငွေသုံးရတယ်လို့ ဆိုပါတယ်။ ကုန်ထုတ်လုပ်မှု တိုးပွားအောင် အလုပ်သမားကို အတင်းအကျပ် အချိန်ပိုလုပ်ခိုင်းတဲ့ သဘောဖြစ်လို့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် စိုးရိမ်စရာ အခြေအနေဖြစ်တယ်လို့ ဖော်ပြပါတယ်။

အထည်ချုပ်အလုပ်သမားတွေ သင့်လျော်တဲ့လုပ်ခရရှိပြီး အလုပ်သမားအခွင့်အရေး ခံစားနိုင်အောင်လုပ်ပေးဖို့ ပုဂ္ဂလိကုမ္ပဏီတွေနဲ့ မြန်မာအစိုးရမှာ တာဝန်ရှိပါတယ်။ အထည်ချုပ်အလုပ်သမားတွေ သင့်လျော်တဲ့လုပ်ခ ရနိုင်ပါ့မလားဆိုတာကို ဆန်းစစ်ထားတဲ့ The Myanmar Dilemma ဆိုတဲ့ (၁၃၆) စာမျက်နှာ အစီရင်ခံစာကို အလုပ်သမားရေးရာအဖွဲ့ (၃) ခုက အလုပ်သမားလေးရာကျော်ကို တွေ့ဆုံမေးမြန်းပြီး ရေးထားတဲ့ စာတမ်း ဖြစ်ပါတယ်။ အထည်ချုပ်အလုပ်သမားဟာ ကိုယ့်ရပိုင်ခွင့် ကိုယ်မရတဲ့ လူငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ အနည်းဆုံးလုပ်ခကို တနေ့ကျပ် (၃၆၀၀) နှုန်းနဲ့ အစိုးရက သတ်မှတ်ထားပေမယ့် အခုတော့ တနေ့ (၆၀၀၀) လောက် ဖြစ်သင့်တယ်လို့ အလုပ်သမားအဖွဲ့တွေက ဆိုပါတယ်။

ပို့ကုန်ကို အဓိကထားတဲ့ အထည်ချုပ်လုပ်ငန်းဟာ တိုင်းပြည်စီးပွားရေး တိုးတက်စေပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ အထည်ချုပ်လုပ်ငန်းမှာ အလုပ်သမားတွေပါ အကျိုးခံစားနိုင်ဖို့ လိုအပ်ပါတယ်။ အရင်းရှင်အကျိုးအမြတ်ကိုသာ အဓိကထားပြီး အလုပ်သမားဘဝကို တိုးတက်ကောင်းမွန်အောင် မလုပ်နိုင်ဘူးဆိုရင် တိုင်းပြည်အတွက် မကောင်းပါဘူး။ ဒါကြောင့် အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို ရိုသေလေးစားဖို့ အထည်ချုပ်လုပ်ငန်းပိုင်ရှင်နဲ့ အစိုးရမှာ တာဝန်ရှိပါတယ်။ သင့်လျော်တဲ့ လုပ်ခ မရမှု၊ လုပ်ခဖြတ်တောက်ခံရမှု၊ အလုပ်ချိန်ကြာရှည်မှု၊ လုပ်ခမပေးဘဲ အချိန်ပိုစေခိုင်းမှု၊ အတင်းအကျပ် အချိန်ပိုလုပ်ခိုင်းမှု၊ အလုပ်သင်ကို လုပ်ခလျော့ပေးမှု၊ ကလေးသူငယ် ခိုင်းစေမှု၊ လုပ်ငန်းခွင် အခြေအနေ၊ ကျန်းမာရေးနဲ့ မညီညွှတ်မှုနဲ့ မလုံခြုံမှု စတာတွေကို အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အထည်ချုပ်လုပ်ငန်းက အခြေအနေကိုကြည့်ပြီး အလုပ်သမားတွေအတွက် အလုပ်အကိုင်ကောင်းကောင်း ပေးနိုင်ပါ့မလားလို့ The Myanmar Dilemma အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဒီလိုဖြစ်နေရတာဟာ OEDC နိုင်ငံတွေဖြစ်တဲ့ Sweden, UK, Netherlands, Germany, Japan, တောင်ကိုရီးယားနဲ့ မြန်မာအစိုးရတို့မှာ အများဆုံး တာဝန်ရှိတယ်လို့ ဆိုပါတယ်။ အခြေခံလိုအပ်ချက်တွေ မရှိသေးဘဲ လုပ်ငန်းကို အလျင်အမြန် တိုးချဲ့တဲ့အတွက် ဖြစ်ပေါ်လာမယ့် အန္တရာယ်တွေကို ကြိုတင်သိမြင်ပြီး အထည်ချုပ်လုပ်ငန်းကို အချိန်မနှောင်းမီ ပြုပြင်ပြောင်းလဲဖို့ အကြံဉာဏ်ပေးထားပါတယ်။

ဆင်းရဲသားအကျိုးပြုမယ့် ရေရှည်ခံမယ့် မြန်မာ့စီးပွားရေးကို အထောက်အကူပြုဖို့ကိစ္စဟာ စိန်ခေါ်မှုကြီးတခု ဖြစ်ပါတယ်။ ဒီအထဲမှာ အထည်ချုပ်အလုပ်သမားတွေရဲ့ လုပ်ငန်းခွင် အခြေအနေ ကောင်းမွန်ရေးလည်း ပါဝင်နေပါတယ်။ အထည်ချုပ်လုပ်ငန်းနဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေမှာရော ဒီကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ အစိုးရတွေမှာရော အလုပ်သမားအခြေအနေ မြှင့်တင်ဖို့ တာဝန်ရှိပါတယ်။ လက်ရှိ အလုပ်သမားဥပဒေကို ပြုပြင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ ဒီအထဲမှာ တာဝန်အရှိဆုံးဟာ မြန်မာအစိုးရဖြစ်ကြောင်း The Myanmar Dilemma အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG