သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတရုံး ဝဘ်ဆိုဒ် တိုက်ခိုက်ခံရ


မြန်မာသမ္မတရုံး ဝဘ်ဆိုဒ်
မြန်မာသမ္မတရုံး ဝဘ်ဆိုဒ်
အင်တာနက်ကတဆင့် ကြားဖြတ် နှောင့်ယှက်မှုတွေကြောင့်လို့ ယူဆရတဲ့ တိုက်ခိုက်မှုတွေကြောင့် မြန်မာအစိုးရရဲ့ သမ္မတရုံး ဝဘ်ဆိုဒ်ဟာ ဒီကနေ့ ကြည့်ရှုလို့ မရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ သမ္မတရုံး ကတော့ ဒါဟာ ဝက်ဘ်ဆိုဒ်ကို ဝင်ရောက်ထိုးဖောက် တိုက်ခိုက်မှုမျိုး မဟုတ်ဘဲ၊ ပြင်ပကနေ နှောင့်ယှက်တဲ့ နည်းတမျိုးဖြစ်တဲ့ အစုလိုက် အပြုံလိုက် ဝဘ်ဆိုဒ်ကို စုပြုံဝင်ရောက်အောင် ဖန်တီးတာ ဖြစ်မယ်လို့ ယူဆရကြောင်း ပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၅ ရက် မနက် ၉ နာရီလောက်ကစပြီး နိုင်ငံတော်သမ္မတရုံး ဝဘ်ဆိုဒ်ဟာ ကြည့်လို့ မရနိုင်ပဲ ဖြစ်နေခဲ့ရတာဟာ DDos လို့ အတိုကောက် ခေါ်ဝေါ်သုံးစွဲတဲ့ Distributed Denial of Service လို့ခေါ်တဲ့ ဝဘ်ဆိုဒ်ကို တပြိုင်နက်တည်း အလုံးအရင်းနဲ့ ဝင်ရောက် ကြည့်ရှုကြသလို ဖန်တီးခဲ့တာလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောပါတယ်။

ဝဘ်ဆိုဒ်တွေကို တရားမဝင် ထိုးဖောက်ဝင်ရောက်တဲ့ ဟက်ကာ (Hackers) တွေရဲ့ လုပ်ရပ်တော့ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။ သမ္မတရုံး ဝဘ်ဆိုဒ်ကို အင်္ဂါနေ့ တနေ့တည်းမှာပဲ ၃ ကြိမ်တိတိ တိုက်ခိုက်ခံခဲ့ရကြောင်း တွေ့ရှိရတယ်လို့လည်း အခုလို ပြောပါတယ်။

“ကျနော်တို့ မနက်က ဖြစ်တာပါ။ ၉ နာရီလောက်ကပေါ့။ ကျနော်တို့ ဝဘ်ဆိုဒ်ကို ပြန်တင်လိုက်တော့ error (ပြဿနာ) တက်နေတယ်။ အဲဒါနဲ့ ကြည့်လိုက်တော့ ၃ ကြိမ်တိတိပေါ့။ တောက်လျှောက်လည်း ဆော်နေတာတွေ့တယ်။ အင်ဒိုနီးရှား က ပါတယ်။ နောက် အော်ပရေးရှင်း မြန်မာဆိုတာနဲ့ မြန်မာသမ္မတရုံး ဆိုတာနဲ့ ပြောင်းပြီး ချတာပေါ့နော်။ ဝဘ်ဆိုဒ်က request (ဝင်တာတွေ) များတော့ လေးသွားတာပေါ့။”

“အခုက ဝဘ်ဆိုဒ်က အဖောက်ခံရတာတော့ မဟုတ်ဘူးပေါ့။ ကြည့်တဲ့အခါမှာ ကျန်တဲ့ လူတွေဖွင့်ရင် မတက်တော့ဘူး၊ အဲလိုဖြစ်အောင် လုပ်ထားတာ။ အဲ့ဒီတော့ ကျနော်တို့ ဒီမှာ Firewall တွေလည်း ခံထားတယ်။ အခုလာတဲ့ဟာတွေလည်း request တွေ များလာရင် ကျနော်တို့ စိစစ်ပြီးတော့ တချို့ ပိတ်သင့်တဲ့ ID တွေ ပိတ်ပစ်လိုက်တယ်။ တချို့ဟာတွေဆိုရင် package ကြီးကြီးမားမား မဟုတ်ဘူး ဆိုရင်တော့ ဖွင့်ပေးလိုက်တယ်။ အဲလိုပဲ လုပ်နေတယ်။”

၂၀၁၂ ခုနှစ် မေလ ၃ ရက်နေ့က စတည်ထောင်ခဲ့တဲ့ သမ္မတရုံးဝဘ်ဆိုဒ်ဟာ စတည်ထောင်စဉ် ကာလက တကြိမ် အတိုက်ခိုက်ခံရဖူးပြီး အခုတကြိမ်ဟာ ဒုတိယ တိုက်ခိုက်ခံခဲ့ရတာလို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

အခုနောက်ပိုင်းမှာတော့ သတင်းနဲ့ နည်းပညာ ကျွမ်းကျင်သူတွေနဲ့ လုံခြုံရေးကို တိုးမြှင့်ထားတဲ့ ကြားက အခုလို ထပ်ပြီး ကြုံခဲ့ရတာလို့လည်း သူက ပြောပါတယ်။

“ဒီဝဘ်ဆိုဒ် စတင်ပြီးတော့ မကြာဘူး ကျနော်တို့ သတင်းတွေ တင်တဲ့ အချိန်မှာ တခါ အတည်ပေါက် နဲ့ ချတယ်။ အဲဒီတုန်းကတော့ ကျနော်တို့က မသိလိုက်ဘူး။ သတိမထားမိဘူးပေါ့နော်။ အဲ့ဒီ နောက်ပိုင်းမှာတော့ ကျနော်တို့ hardware ရော၊ software ရော လုံခြုံရေးကို အသားပေးပြီးတော့ ပြင်ဆင်ထားပါတယ်။”

ဒီလို တိုက်ခိုက်မှုတွေကိုတော့ အရင်တုန်းက ပြည်ပရောက် သတင်းမီဒီယာတွေ ခံခဲ့ရဖူးပေမဲ့ အခုအခါ မှာတော့ ပြည်တွင်းမှာပါ တိုက်ခိုက်မှုတွေ ကြုံလာနေရတာပါ။ DDos နဲ့ပတ်သက်ပြီး ကာကွယ်လို့ မရပေမဲ့ ဒီလိုရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်လိုသူတွေ၊ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ် ဟက်ကာ (Hackers) တွေဘက်က တချိန်တည်း၊ တပြိုင်တည်းမှာ ဆိုဒ်တခုကို အသုံးပြုသူ သိန်းဂဏန်းအထိ ချီပြီး ဝင်ရောက်လာတဲ့အခါမှာ ဆိုဒ်ထဲကို အသုံးပြုသူ အမြောက်အများ ဝင်ရောက်လာတဲ့အတွက် အမှန်တကယ် ဖတ်ရှု့သူတွေ လုံးဝ ဝင်လို့ မရအောင်အထိ လေးသွားပြီး၊ ဆာဗာဒေါင်းတဲ့အထိ ဖြစ်သွားနိုင်တယ်လို့လည်း ကွန်ပျူတာပညာရှင် မထိုက်ထိုက်အောင်က ပြောပါတယ်။

“ဆိုဒ်တခုမှာ ဆိုလို့ရှိရင် bandwidth က အကန့်အသတ် ရှိတယ်လေ။ တကြိမ်မှာ ဆိုလို့ရှိရင် ကြည့်တဲ့လူ ဘယ်နှစ်ယောက် ကြည့်လို့ ရတယ်ဆိုပြီးတော့ သတ်မှတ်ချက်ရှိတယ်။ အဲဒီ Denial of Service (DDos) ကကျတော့ ဘာလုပ်တာလဲဆိုတော့ သူ့ကို လှမ်းပြီးတော့ အများကြီးက တကြိမ်တည်းမှာ ဝင်ပြီးတော့ ဥပမာ အကြိမ် ၁ သန်းလောက် ၂ သန်းလောက် တချိန်တည်း ကြည့်တဲ့ ပုံစံမျိုးလုပ်တော့ တကယ် ဝင်ကြည့်ချင်တဲ့ သူတွေဆိုရင် ဝင်ကြည့်လို့ မရအောင် တိုက်ခိုက်တဲ့ ပုံစံမျိုးပေါ့နော်။”

နောက်ပိုင်းမှာတော့ ဝင်ရောက်လာတဲ့ IP လိပ်စာတွေကတဆင့် စုံစမ်း တွေ့ရှိချက်တွေအရ အင်ဒိုနီးရှားနိုင်ငံဘက်ကနေ အများစု ဝင်ရောက်ခဲ့တာဖြစ်ပြီး၊ ရရှိလာတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး ဘယ်အဖွဲ့အစည်းရဲ့ လက်ချက် ဖြစ်တယ်ဆိုတာ သတင်းထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောပါတယ်။

အခုအချိန်မှာတော့ သမ္မတရုံးဝဘ်ဆိုဒ်က ပုံမှန်အနေအထားမှာ ပြန်ရောက်နေပြီး၊ လိုအပ်တဲ့ နည်းပညာ လုံခြုံရေး တိုးမြှင့် ကာကွယ်လိုက်နိုင်ပြီလို့ သမ္မတရုံး ညွှန်ကြားရေးမှူး က ပြောပါတယ်။ အင်္ဂါနေ့မှာပဲ ပြည်တွင်း သတင်းဌာနတခုဖြစ်တဲ့ Eleven မီဒီယာကလည်း တရားဝင် ရပ်တည်နေတဲ့ မီဒီယာတွေကို နည်းပညာသုံး တိုက်ခိုက်နေမှုများအား ဖြေရှင်းပေးရန် သတင်းမီဒီယာ ကောင်စီမှ တဆင့် အစိုးရ တာဝန်ရှိသူများထံသို့ Eleven Media Group မှ ပေးပို့ခဲ့ပါတယ်။
XS
SM
MD
LG