သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

DANA ဆိုင်ကလုန်းမုန်တိုင်းအဖြစ် စတင်အသွင်ပြောင်းတိုက်ခတ်


ဆိုင်ကလုန်းမုန်တိုင်း (DANA)
ဆိုင်ကလုန်းမုန်တိုင်း (DANA)

မုန်တိုင်းငယ်ကနေ ပိုအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (DANA) အဖြစ်အသွင်ပြောင်းတိုက်ခတ်နေပြီလို့ မိုးဇလက အောက်တိုဘာ ၂၃ ရက် ဒီကနေ့ ထုတ်ပြန်ပါတယ်။ အိန္ဒိယနိုင်ငံ ပူရီမြို့နဲ့ ဆာဂါကျွန်းတို့အကြားမှာ ဖြတ်ကျော်တိုက်ခတ်မယ့် ဆိုင်ကလုန်းမုန်တိုင်း (DANA)အရှိန်ကြောင့် နေပြည်တော်အပါအဝင် ရန်ကုန်တိုင်းနဲ့ ပြည်နယ် ၁၁ ခုလောက်မှာ မိုးများ ရေကြီးရေလျှံ လေပြင်းတိုက်ခတ်နိုင်တာနဲ့ ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းခရီး ပျံသန်းမှု အထူးသတိထားကြဖို့ မိုးဇလက နှိုးဆော်နေတာပါ။

ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသော မုန်တိုင်းငယ်ဟာ အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း (DANA) အဖြစ်သို့ အသွင်ပြောင်းပြီး တိုက်ခတ်နေတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၂၃ ရက် ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံ ဟိုင်းကြီးကျွန်းမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ အနောက် ဘင်္ဂလားပြည်နယ်၊ ဆာဂါကျွန်း တောင်-အရှေ့တောင်ဘက် ရေမိုင် ၃၄၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုတိုက်ခတ်နေတဲ့ ဆိုင်ကလုန်း DANA ဟာ လက်ရှိ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားမယ့် အခြေအနေမရှိတာကြောင့် မိုးဇလက အဝါရောင်အဆင့် သတ်မှတ်ထားပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း DANA ဟာ အောက်တိုဘာ၂၅ ရက် မနက်အစောပိုင်းမှာ အိန္ဒိယနိုင်ငံ ဩရိဿပြည်နယ်မြောက်ပိုင်းနဲ့ အနောက် ဘင်္ဂလားပြည်နယ်ကမ်းခြေ ရဲ့ ပူရီမြို့ နဲ့ ဆာဂါကျွန်း တို့အကြားမှာ ဖြတ်ကျော်နိုင်တယ်လို့ မိုးဇလက ခန့်မှန်းထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း ဖြတ်ကျော်တိုက်ခတ်မယ့် ကာလမှာ ရခိုင်၊ ချင်း စတဲ့နေရာမှာ မိုးထစ်ချုန်းနိုင်တယ်လို့ မိုးလေဝသ နဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးး ဦးလှထွန်းက VOA ကို ပြောပါတယ်။

“မုန်တိုင်းကတော့ တဖြေးဖြေးနဲ့ မြန်မာ့ကမ်းရိုးတန်းထဲကို ဝေးလာပြီးပေါ့နော်။ အိန္ဒိယဘက်တော့ တဖြေးဖြေးချဉ်းကပ်နေတာပေ့ါနော်။ အဲ့တော့ ဒီရန်ကုန်တို့ဘာတို့ကတော့ မြစ်ဝကျွန်းပေါ်တို့ကတော့ မိုးနည်းလာမှာပေါ့၊ တဖြေးဖြေးနဲ့ မိုးပါးသွားမှာပေါ့နော်။ ဘယ်နေရာတွေက သက်ရောက်မှုပြန်ပြီးတော့ ရှိလာနိုင်မလဲဆိုတော့ ရခိုင်ကမ်းရိုးတန်းဒေသတွေပေ့ါနော်၊ ချင်း၊ စစ်ကိုင်းပေါ့နော် အဲ့နေရာတော့ မုန်တိုင်းအရှိန်ပေါ့ မိုးနည်းနည်းလေး အားကောင်းတဲ့ အနေအထား အဲ့နေရာ မိုးနည်းနည်းများလာနိုင်တယ်။ ဆိုပါတော့ မုန်တိုင်းကတော့ ကျနော်တို့ ၂၅ ရက်နေ့မနက်လောက်မှာတော့ ဒါ အိန္ဒိယကမ်းခြေဘက်ကို ဖြတ်မယ်လို့မှန်းတာဆိုရင်တော့ အဲ့ရက်အတွင်းမှာတော့ ရခိုင်တို့ ချင်းတို့ မကွေးတို့ စတိုင်းတို့လေ အဲ့ဘက်မှာ မုန်တိုင်းမိုးများအုံးမယ်။”

ဒီသီတင်းပတ်ထဲ မုန်တိုင်းအရှိန်နဲ့ ရက်ဆက်တိုက် မိုးများရေကြီးနေလို့ ရန်ကုန်မြို့လည်အပါအဝင် ရန်ကုန်တိုင်းတွင်းက မြို့နယ်တချိုံ ဆင်ခြေဖုန်းရပ်ကွက်တွေမှာ မကြုံစဖူးစံချိန်တင် ရေလွှမ်းမိုးမှုတွေဖြစ်ပြီး နေအိမ်တွေ ရေနှစ်မြုတ်ကုန်လို့ မီးသတ်ဦးစီးဌာနအပြင် ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ်နေရာရွှေ့ပြောင်းပေးနေရပါတယ်။

အခု တိုက်ခတ်လာနေတဲ့ ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် အောက်ဘာတိုလ ၂၃ ရက် ဒီကနေ့ မနက်ပိုင်းကနေ ၂၄ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ် နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ် ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ တချို့ ဒေသတွေမှာ ဒေသအလိုက် မိုးကြီးတာ နေရာကွက်ပြီး မိုးကြီးတာနဲ့အတူ လေပြင်းတိုက်ခတ်မှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်တွေ လေပြင်းတိုက်ခတ်တာ ရေကြီးမြေပြိုတာတွေ အထူးသတိထားရမယ်လို့ ဒုတိယညွှန်ကြားရေးမှူးး ဦးလှထွန်းက သတိပေးပြောပါတယ်။

“မိုးရွာသွန်းမှုများရင်တော့ သူ့ရဲ့ နောက်ဆက်တွဲပေါ့နော်၊ ရေကြီးရေလျှံတာတို့ တောင်ကုန်းစောင်းပိုင်းမှာ နေရာတဲ့သူတွေ မြေပြိုမှုအန္တရာယ်၊ နောက်တခါ မြစ်ငယ်ချောင်းငယ်ပေါ့နော်၊ အဓိကအားဖြင့် တောင်ကျရေ စီးဆင်းမှုများလို့ မြစ်ချောင်းတွေ ရုတ်တရက်ရေကြီးတာ လျှပ်တပြတ်ရေကြီးတာ ဒါမျိုးတွေ သတိထား၊ မြစ်ငယ်ချောင်းငယ်ဘေးနေရာတဲ့သူတွေ သတိပြုဖို့ ဒီရက်တွေမှာ သတိပြုဖို့ လိုတယ်။”

မုန်တိုင်းအရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မကြာခဏ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးရာကနေ လှိုင်းအလွန်ကြီးမှာဖြစ်ပြီး မိုးသက် လေပြင်းကျစဉ် ရေပြင်၊ မြေပြင်လေ ဟာ တစ်နာရီ မိုင် ၅၀ ကနေ ၅၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့်တော့ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာတော့ ၁၁ ပေ ကနေ ၁၅ ပေခန့် ရှိနိုင်မယ်လို့ မိုးဇလက သတိပေးထားပါတယ်။

မိုးများရေကြီးမှုကြောင့် လေပြင်းတိုက်ခတ်တာ မိုးထစ်ချုန်းတာ မိုးကြိုးပစ်တာ လျှပ်စီးလက်တာ မိုးသီးကြွေတာ လျှပ်တစ်ပြက်ရေကြီးတာ၊ မြေပြိုတာနဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူတွေ အနေနဲ့ မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေနဲ့ ရေကြီး၊ ရေလျှံမှုတွေကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြု အထူးသတိထားကြဖို့ သတိပေး နှိုးဆော်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG