သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Remal ဆိုင်ကလုန်း ဘင်္ဂလားဒေ့ရှ်မှာ အချိန်အကြာဆုံးမုန်တိုင်း စံချိန်တင်


Remal ဆိုင်ကလုန်း အချိန်အကြာဆုံးမုန်တိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ် စံချိန်တင်ခဲ့ (မေ ၂၇၊ ၂၀၂၄)
Remal ဆိုင်ကလုန်း အချိန်အကြာဆုံးမုန်တိုင်းအဖြစ် ဘင်္ဂလားဒေ့ရှ် စံချိန်တင်ခဲ့ (မေ ၂၇၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း Remal ဟာ အချိန်အတိုအတွင်း အလျင်အမြန် ဖြစ်တည်လာတဲ့ မုန်တိုင်းတခုဖြစ်ပြီး ကာလအရှည်ကြာဆုံး တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းတခုဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးဇလ ပညာရှင်တွေက ဒီကနေ့ ပြောကြားလိုက်ပြီး အဲဒီလိုဖြစ်ရတာဟာ ဥတုရာသီပြောင်းလဲမှုကြောင့်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်၊ တနင်္ဂနွေနေ့နှောင်းပိုင်းက ဘင်္ဂလားဒေ့ရှ်နဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံတို့ကို ဝင်ရောက်တိုက်ခဲ့တဲ့ အဲဒီ ဆိုင်ကလုန်း Remal ရဲ့ ပြင်းထန်တဲ့ လေတိုက်နှုန်းနဲ့ ရေလိုင်းကြီးတွေ ရိုက်ခတ်ခဲ့မှုကြောင့် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့တဲ့အပြင်၊​ နှစ်နိုင်ငံစလုံးမှာ ထောင်နဲ့ချီတဲ့ အိမ်တွေပျက်ဆီးပြီး ကမ်းရိုးတန်းမှာတည်ဆောက်ထားတဲ့ တံတိုင်းတွေပြိုကျပြီး ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့ပါတယ်။​

ကုန်းတွင်းပိုင်းမှာ ဝင်ရောက်တိုက်ခတ်နေခဲ့တဲ့အချိန်ဟာ ၃၆ နာရီအထိ ရှိတာကြောင့် ဒါဟာ သူတို့နိုင်ငံသမိုင်းမှာ အချိန်ကာလအားဖြင့် အကြာဆုံး တိုက်ခတ်မှုဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် မိုးဇလညွန်ကြားရေးမှူး Azizur Rahman က AFP သတင်းဌာနကို ပြောပါတယ်။​

၂၀၀၉ ခုနှစ်က ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်း Aila ကတော့ ၃၄ နာရီ ကြာခဲ့တယ်လို့ ဆိုပါတယ်။​

ကုန်းနိမ့်ပိုင်းမှာတည်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်စဉ် ဆိုင်ကလုန်း မုန်တိုင်းတွေ ဝင်ရောက်တိုက်ခတ်လေ့ရှိတာမို့ လွန်ခဲ့တဲ့ ဆယ်စုနှစ် အနည်းငယ်အတွင်း လူတွေ ထောင်ပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပါတယ်။​ ဒါ့အပြင် Superstorm လို့ခေါ်တဲ့ ထူးခြား အားပြင်းတဲ့ မုန်တိုင်းတွေ ကမ်းရိုးတန်းဒေသတွေကို ဝင်ရောက်တိုက်ခတ်မှုဟာလည်း သိသိသာသာ တိုးမြင့်လာနေတာမှာ အရင်က တနှစ်မှာ တကြိမ်လောက်သာ ဖြစ်လေ့ရှိခဲ့ရာက အခုဆိုရင် တနှစ်ကို ၃ ကြိမ်လောက်အထိ တိုးမြင့် ဖြစ်ပေါ်လာနေတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG