သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Daily Eleven သတင်းစာအာဘော် ရန်ကုန်တိုင်းအစိုးရ မေးခွန်းထုတ်


Daily Eleven သတင်းစာ ရှင်းလင်းပွဲ (VOA)
Daily Eleven သတင်းစာ ရှင်းလင်းပွဲ (VOA)

ပြည်တွင်းသတင်းစာ တစောင်ဖြစ်တဲ့ Daily Eleven ရဲ့ အယ်ဒီတာ့အာဘော်ပါ အချက်အလက်တချို့နဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရက မေးခွန်းထုတ်ခဲ့တဲ့အတွက် အခြေအတင် အငြင်းပွားစရာတွေ ပေါ်ပေါက်လာနေပါတယ်။ အစိုးရအဆင့်မြင့် အရာရှိတဦး၊ အဂတိလိုက်စားမှုနဲ့ ဆက်နွယ်နေတဲ့ သဘောမျိုးတွေ ပါဝင်နေတဲ့ အယ်ဒီတာ့အာဘော်နဲ့ ပတ်သက်လို့ နောက်ဆက်တွဲ အပြန်အလှန် သတင်းစာရှင်းလင်းပွဲတွေ ကျင်းပဖို့လည်း စီစဉ်နေကြပါတယ်။ အကြောင်းစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ထက်အောင် ကပြောပြပေးမှာ ဖြစ်ပါတယ်။

Daily Eleven နေ့စဉ်သတင်းစာမှာ တနင်္ဂနွေနေ့က ဖော်ပြခဲ့တဲ့ ရွေးကောက်ပွဲ တစ်နှစ်ကြာသော် အယ်ဒီတာ့အာဘော်မှာ ဝန်ကြီးချုပ် တစ်ဦးက စီးပွားရေးလုပ်ငန်းရှင် သူဌေးတစ်ဦး လက်ဆောင်ပေးတဲ့ အဖိုးတန် နာရီဝတ်ဆင်ခဲ့တဲ့အကြောင်း ထည့်သွင်းရေးသားခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်း အစိုးရက တရားဝင် စာပေးပို့ မေးခွန်းထုတ်ခဲ့ရာက အငြင်းပွားစရာတွေ နောက်ဆက်တွဲ ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က သတင်းစာပါ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အကြောင်းကြားစာ ပေးပို့ခဲ့ပေမဲ့ Daily Eleven ကတော့ သတင်းမီဒီယာတွေရဲ့ တာဝန်အတိုင်း ဆောင်ရွက်ခဲ့ကြောင်း အင်္ဂါနေ့ထုတ် သတင်းစာတွေမှာ ဖော်ပြခဲ့တာပါ။ ညနေပိုင်းမှာလည်း အစိုးရတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ ရန်ကုန်မြို့မှာ Daily Eleven က သူတို့ ရပ်တည်ချက်ကို သတင်းထောက်တွေကို ထပ်ရှင်းပြခဲ့ပါတယ်။

“ပထမဆုံးအချက်အနေနဲ့ အခုပြောသွားတဲ့အချက်မှာ လုံးဝအမှားအယွင်းမပါပါဘူး သူက ကျနော်တို့ကို စွပ်စွဲထားတာဖြစ်ပါတယ် ဒေါ်လာ ၁ သန်းတို့ ။ ကျနေ်ာတို့ သုံးနှုန်းထားတာမှာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆိုတာ တလုံးမှာ ဖော်ပြထားခြင်းမရှိသလို ဒေါ်လာ ၁ သန်းဆိုတဲ့ စကားလုံးကျနော်တို့ ဘယ်မှာမှ ဖော်ပြထားခြင်းမရှိပါဘူး။”

Daily Eleven နေ့စဉ်သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုး ပြောပြသွားတာပါ။

Daily Eleven ရဲ့ ရေးသားချက်တွေနဲ့ ပတ်သက်လို့ ရှင်းလင်းဖို့ ပြောကြားထားတဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကတော့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာပဲ ပြည်တွင်းမှာရှိတဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတချို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရုံးမှာ တွေ့ဆုံခဲ့တဲ့ အထဲက မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးသီဟစော ကတော့ Daily Eleven သတင်းစာ ဖော်ပြချက်နဲ့ ပတ်သက်လို့ ဆောင်ရွက်သင့်တဲ့ ကိစ္စတွေကို အဓိကထားဆွေးနွေးခဲ့တယ်လို့ ပြောပါတယ်။

“အကျိုးအကြောင်းရှင်းပြတယ်။ ရှင်းပြပြီးတော့ အကြံ ဉာဏ်ပြောတယ်ပေါ့နော် ဥပဒေအရ လုပ်ပိုင်ခွင့်ရှိတဲ့ ဒီ Complain Mechanism ကိုရှင်းပြခဲ့တာပါ။အငြင်းပွားမှုများ ညှိနှိုင်းဖြေရှင်းရေးကော်မတီဆိုတာရှိတယ်။ အဲဒီကိုတိုင်ရင် ၂ ဘက်စလုံးကိုခေါ်ပြီးတော့ အကျိုးအကြောင်းဖော်ထုတ်ညှိနှိုင်းဖြေရှင်းပေါ့နော် အဲဒါမျိုးတွေ လုပ်ခြင်းအားဖြင့် တကယ်လို့ မလိုအပ်ရင်တရားစွဲတာတွေ လုပ်စရာမလိုတော့ဘူးပေါ့နော်။ အဲဒီလိုမျိုးဖြေရှင်းတဲ့ နည်းလမ်းရှိပါတယ်။ အဲဒီလိုမျိုးဖြေရှင်းစေချင်တယ်လို့ အကြံပြုလိုက်တယ်။”

Daily Eleven ရဲ့ အယ်ဒီတာ့အာဘော်မှာတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အရပ်သား အစိုးရ လက်ထက်မှာလည်း အဂတိလိုက်စားမှုတွေ ဆက်လက်ကြီးထွားနေတာကြောင့် လူထုက စိတ်ပျက်နေတယ်လို့လည်း ရေးသားခဲ့တာပါ။ တစ်လကို အမေရိကန် ဒေါ်လာ ၂၅၀၀ သာရတဲ့ ဝန်ကြီးချုပ် တစ်ဦးက၊ ဒေါ်လာသိန်းချီတန်တဲ့ Patek Philippe နာရီကို ဝတ်ဆင်နေပြီး၊ ဒီနာရီကို မူးယစ်ဆေးဝါးအမှုနဲ့ ထောင်က လွတ်လာခဲ့တဲ့ သူဌေးတစ်ဦးဆီကနေ လက်ဆောင်ရထားတာလို့လည်း စွပ်စွဲထားပါတယ်။ ဒီအတွက်လည်း ဆောင်းပါးမှာ ရည်ညွှန်းဖော်ပြထားတဲ့ တန်ဘိုးကြီးနာရီ လက်ဆောင်ပေးတဲ့ ပုဂ္ဂိုလ် ဘယ်သူ ဘယ်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုဖို့ အပါအဝင် ရှင်းလင်းချက်ပေးဖို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရုံးက Daily eleven နေ့စဉ်သတင်းစာ အယ်ဒီတာချုပ်ကို လိပ်မူပြီး တနင်္လာနေ့က အကြောင်းကြားစာ ပေးပို့ခဲ့တာပါ။

Daily Eleven နေ့စဉ်သတင်းစာကတော့ ဒါဟာ အယ်ဒီတာအဖွဲ့နဲ့ မီဒီယာ အဖွဲ့အစည်းတွေကို ဖိအားပေးတဲ့ သဘောဖြစ်ပြီး ဆောင်းပါးထဲမှာတော့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့နာမည်တွေကို တိုက်ရိုက် သုံးနှုန်းထားခြင်း မရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဒီစာဟာ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့် freedom of Press ကို ဖိအားပေးတဲ့ သဘောဖြစ်တာကြောင့် ပြန်လည် ဖြေကြားမှာ မဟုတ်ဘူးဆိုပြီး ဒီကနေ့ အင်္ဂါနေ့ထုတ် သတင်းစာမှာ ဝန်ကြီးချုပ်ရုံးက ပေးပို့ထားတဲ့ စာနဲ့အတူ တုံ့ပြန်စာတစောင်ကို ဖော်ပြခဲ့တာပါ။

မြန်မာ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်ဦးမြင့်ကျော်ကတော့ ဒီဆောင်းပါးမှာ ရေးသားထားတဲ့အတိုင်း အချက်အလက် ခိုင်ခိုင်မာမာ ရှိရင် ချပြသင့်တယ်လို့ ပြောပါတယ်။

“ဒီဟာက တကယ့်ကို Corruption သဘောမျိုးကိစ္စပေါ့လေ၊ စွမ်းဆောင်ရည်ကို အကဲဖြတ်တာမဟုတ်ဘူး၊ အရည်အချင်းကို အကဲဖြတ်တာမဟုတ်ဘူး၊ လုပ်ဆောင်တာကို အကဲဖြတ်တာမဟုတ်ဘူး။ Corruption ကိစ္စဆိုတော့ တကယ် Evidence ရှိရင်တော့ ထုတ်ပြစေချင်တယ်ပေါ့နော်။ အထောက်အထားနဲ့ အဲဒါမျိုးကို ပြစေချင်တယ်။ Evidence မရှိရင်တော့ ဒါကလည်း တဘက်မှာ ကာကွယ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ အနေအထားမျိုးဖြစ်ပါတယ်။”

ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်လို့ ကြာသပတေးနေ့ ညနေပိုင်းမှာ သတင်းစာရှင်းလင်းပွဲတရပ် ကျင်းပမယ်လို့လည်း ဗွီအိုအေကို ပြောပါတယ်။ တချိန်တည်းမှာပဲ Daily Eleven သတင်းစာက ရည်ညွှန်းဖော်ပြခံရတဲ့ စီးပွားရေးသမားလို့ အများက ထင်ကြေးပေး ပြောဆိုခံနေရတဲ့ လုပ်ငန်းရှင်တဦးဖြစ်တဲ့ မောင်ဝိတ် ကလည်း မနက်ဖြန်အစောပိုင်းမှာ သတင်းစာရှင်းလင်းပွဲ ကျင်းပမှာ ဖြစ်တဲ့အကြောင်း သတင်းမီဒီယာတွေကို အကြောင်းကြားထားပါတယ်။

XS
SM
MD
LG