သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန် ဒလမြို့နယ် သောက်သုံးရေ ရှားပါးမှုကြုံ


၂၀၀၉ ခုနှစ်က ဒလမြို့နယ်မှာ သောက်သုံးရေရရှိရေး တန်းစီစောင့်ဆိုင်းနေပုံ။
၂၀၀၉ ခုနှစ်က ဒလမြို့နယ်မှာ သောက်သုံးရေရရှိရေး တန်းစီစောင့်ဆိုင်းနေပုံ။
ရေရှားပါးတဲ့ ရန်ကုန်တိုင်း ဒလမြို့နယ်ထဲက ကျေးရွာတွေမှာ ရန်ကုန်ကနေ ရေပိုက်သွယ်ပြီး ရေလွှတ်ပေးနေလို့ သောက်ရေသန့်ကို ရရှိနေကြပါပြီ။ ရန်ကုန်မြို့ ပုဂ္ဂလိကအလှုရှင်တွေက အခုလို ရေရှိနိုင်ဖို့ ကူညီဆောင်ရွက်ပေးကြတာ ဖြစ်ပါတယ်။ မိုးခေါင်ရေရှားမှုကြောင့်ရော ဒီနှစ်အတွက် မိုးမရွာသေးတာကြောင့်ပါ သောက်သုံးရေ ရှားပါးနေတဲ့ ဒလဖက်မှာ အခုလို ရန်ကုန်ကနေ သွယ်တန်းလွှတ်ပေးနေတဲ့ ရေတွေကို ဒေသခံတွေက အင်မတန် တန်ဖိုးထား သုံးစွဲနေကြတဲ့ အကြောင်း Reuters သတင်းကို အခြေခံပြီး မစုမြတ်မွန်က တင်ပြထားပါတယ်။

ရန်ကုန်မြို့ရဲ့ အနောက်တောင်ဘက် ရန်ကုန်မြစ် တဘက်ကမ်းမှာ တည်ရှိတဲ့ ဒလမြို့နယ်ထဲက ရေကန်တော်တော် များများဟာ ပူပြင်းလှတဲ့ နွေရာသီမှာ ရေတွေ ခြောက်ခန်းကုန်တဲ့အတွက် ဒေသခံတွေမှာ ရေရှားပါးတဲ့ ပြဿနာကို ကြုံတွေ့ခဲ့ကြပါတယ်။ ဒလမြို့နယ်ဟာ ရန်ကုန်မြစ် မြစ်ကမ်းဘေးနဲ့ မဝေးတဲ့နေရာမှာ တည်ရှိနေပေမဲ့ သောက်သုံးနိုင်လောက်အောင် သန့်ရှင်းတဲ့ ရေသန့် အရင်းအမြစ်ကလည်း ရှားပါးပါတယ်။ မေလ ၆ ရက် အင်္ဂါနေ့တုန်းကတော့ ဒီရွာက ဒေသခံတွေအတွက် ပထမဆုံးအကြိမ် သန့်ရှင်းတဲ့ရေကို ရရှိခဲ့ကြပါတယ်။

ရန်ကုန်မြို့က ရေအလှူရှင်တွေက ရန်ကုန်မြို့ထဲကနေ ဒလအထိ ရေပိုက်သွယ်တန်းပြီး သန့်ရှင်းရေ ရရှိအောင် လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အရင်ကဆိုရင် ဒီဘက်က ရွာတွေအတွက် သောက်ရေအခက်အခဲဟာ အင်မတန်ဆိုးတယ်လို့ ဒလမြို့နယ် ကျန်စစ်သား ရပ်ကွက်အကြီးအကဲ ဦးဇော်မျိုး က ရှင်းပြပါတယ်။

“ဒီရေကငန်တယ်။ ငန်ပြီးလို့ရှိရင် သံဓာတ်ပါပြီးတော့ အဆီတွေဝေ့နေတယ်။ အဲ့ဒါတွေကို တချို့တွေက ဒီရေကို ချိုးလို့ အဝတ်လျှော်လို့ရအောင်ပေါ့ ထုံးအနည်းငယ်ထည့်ပြီးတော့ သုံးတာရှိတယ်။”

သန့်ရှင်းတဲ့ရေတပုံး ရရှိနိုင်ဖို့ ခက်ခက်ခဲခဲ လုပ်ရတဲ့ ဒေသခံတွေအတွက်က ရန်ကုန်မြို့က ပုဂ္ဂလိက ရေအလှူရှင်တွေရဲ့ ကျေးဇူးကြောင့် သောက်လို့ရတဲ့ အထိ သန့်ရှင်းတဲ့ ရေရရှိနိုင်ဖို့ ဘယ်လောက်ပဲ တန်းစီရ တန်းစီရ မမှုဘူးလို့ ဆိုကြပါတယ်၊ အသက် ၆၀ အရွယ် ဒေါ်မြရင်ကဆို အင်မတန် တန်ဖိုးထားပြီး သုံးရမယ်လို့ ဆိုပါတယ်၊

“ရေသည်မလာတော့ဘူး ကြာပြီ။ ဒီရက်ထဲမှာ ရေက ပြတ်နေတာ တော်တော်ကြာပြီလေ။ ဒါကတော့ ဒီရေကိုပဲ ဘုရားလိုကို ကိုးကွယ်ပြီးတော့ သုံးရမှာ ဒီရေကတော့၊ သောက်ရေက ရှားပါးလွန်းအားကြီးလို့။”

မြန်မာနိုင်ငံရဲ့ ဒီနှစ်နွေရာသီက အရင်နှစ်တွေကထက်ကို အဆမတန်ပို ပူပြင်းလှတဲ့အတွက် ရေရှားပါးတဲ့ ပြဿနာက နိုင်ငံတဝန်းမှာ ဖြစ်နေပါတယ်။ တချို့နေရာတွေမှာ အပူချိန်က ၄၀ degrees Celsius အထိကို ပူတဲ့အတွက် မြစ်ချောင်းတွေ၊ ရေလှောင်ကန်တွေ အများအပြား ခြောက်ခန်းကုန်ပါတယ်။ ဒီလိုအခြေအနေမှာ ဒလမြို့နယ်ထဲက ရွာသူ ရွာသားတွေကတော့ ရေအရင်းအမြစ်တခုကို ရှားရှားပါးပါး ရရှိလိုက်တဲ့အတွက် အင်မတန် ကျေးဇူးတင်နေကြပါတယ်။
XS
SM
MD
LG