သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လာမယ့်သီတင်းပတ်မှာ အထူးသတိပြုကြဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး


ဒေါ်အောင်ဆန်းစုကြည် (သတင်းဓာတ်ပုံ - Myanmar State Counsellor Office)
ဒေါ်အောင်ဆန်းစုကြည် (သတင်းဓာတ်ပုံ - Myanmar State Counsellor Office)

(Zawgyi/Unicode)

မြန်မာနိုင်ငံတွင်း သောင်းဂဏန်းရှိတဲ့ သီးသန့်ခွဲစောင့်ကြည့်နေသူတွေ ရက်ပြည့်သွားလို့ နေအိမ်ပြန်ကြတဲ့အခါ တဦးချင်းရော လူ့အသိုင်းအဝိုင်းကပါ ပိုပြီး သတိထားဖို့ လိုနေတယ်ဆိုတဲ့ သတင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် တင်ဆက်ပါမယ်။

COVID-19 နဲ့ ပတ်သက်လို့ မြန်မာပြည်ဟာ လာမယ့်အပတ်မှာ စိန်ခေါ်မှုအကြီးဆုံး ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မကွေးတိုင်းက ပြည်သူတွေနဲ့ ဒီကနေ့ တွေ့ဆုံစဉ် ပြောဆိုလိုက်ပါတယ်။ ဒီလိုတွက်ဆတာကတော့ လက်ရှိ Quarantine ခေါ် အသွားအလာ ကန့်သတ်ထားသူတွေ ၁၄ ရက်ပြည့်တာနဲ့ ဆက်စပ်နေတာကြောင့် ဖြစ်ပါတယ်။

☞ ဝင်ငွေမရှိသူတွေအတွက် သင်္ကြန်ကာလ အစိုးရက စားနပ်ရိက္ခာထောက်ပံ့ပေးမည်ဆိုတဲ့ အကြောင်းလည်း ဖတ်နိုင်ပါပြီ။

ဒေါ်အောင်ဆန်းစုကြည်က တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်သူတွေနဲ့ နေ့စဉ် တွေ့ဆုံဆွေးနွေးတဲ့အစီအစဉ်ကို သူ့ရဲ့ Facebook စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွှင့်နေတာပါ။

ဒေါ်အောင်ဆန်းစုကြည် (သတင်းဓာတ်ပုံ - Myanmar State Counsellor Office)
ဒေါ်အောင်ဆန်းစုကြည် (သတင်းဓာတ်ပုံ - Myanmar State Counsellor Office)

ဒီကနေ့ မကွေးတိုင်းဒေသကြီးက ပြည်သူတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို သတိပေးပြောဆိုတာဖြစ်ပါတယ်။

“တွက်လိုက်မယ်ဆိုရင် မကွေးတိုင်းအတွက်ရော၊ မကွေးတိုင်းလို တိုင်းတွေ၊ ပြည်နယ်တွေအတွက်ကော တကယ့် စိန်ခေါ်မှုကြီးတဲ့အပတ်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြန်လာပြီးတော့ Quarantine ဝင်တဲ့လူတွေ ၂ ပတ်ပြည့်ပြီ။ ၂ ပတ်ပြည့်တဲ့သူတွေ ရှိလာပြီဆိုတော့ သူတို့က ထွက်ချင်နေပြီ။ ထွက်ချင်နေပြီဆိုပေမဲ့ အဲဒါနဲ့ပတ်သက်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက အသေးစိတ် ညွှန်ကြားချက်တွေ ထုတ်ပြန်ပါလိမ့်မယ်။ ဘာတွေ သတိပြုရမယ်ဆိုတာ၊ Quarantine က ထွက်ပြီးလို့ရှိရင်။ ထွက်ပြီးတဲ့အခါ ဘယ်လို နေရမယ် ထိုင်ရမယ် ပြန်သတိပေးတာပေါ့။ နောက်ပြီးတော့ Quarantine ထဲမှာ ဘာမှ မတွေ့လို့ နောက် ရောဂါမရဘူးဆိုတာ အာမခံချက် မရှိဘူး။ အဲတော့ Quarantine က ထွက်တဲ့လူတွေကို ထိန်းဖို့ အဲဒါကလည်း စိန်ခေါ်မှုတစ်ခု။”

နောက်တစ်ခုကတော့ လက်ရှိ Quarantine လုပ်ထားသူတွေမှာ ရောဂါပိုးတွေ့မယ်ဆိုရင် သူတို့ကို ကုသပေးဖို့နဲ့ သူတို့နဲ့ ဆက်စပ်သူတွေကို စုံစမ်းဖော်ထုတ်ပြီး Quarantine လုပ်ဖို့ စစ်ဆေးဖို့ ထပ်မံလိုအပ်လာမယ်လို့ ဆက်ပြောပါတယ်။

“အဲဒီအချိန်မှာ ရောဂါပါလာတဲ့သူတွေက ရောဂါပြတော့မယ်။ တစ်ပတ်နဲ့ နှစ်ပတ်ကြားဆို ရောဂါလက္ခဏာတွေက ပြလာပြီ။ ဟိုဘက်က ရောဂါပါလာပြီး ပြန်လာတဲ့သူတွေက ရောဂါလက္ခဏာပြတော့မယ်။ ပြတဲ့အခါကျလို့ရှိရင် သူတို့ကို Quarantine လုပ်ရမယ်။ ကုသရမယ်၊ အဲဒီကိစ္စတွေ ပေါ်လာမယ်။ နောက်ပြီးတော့ သူတို့နဲ့ ဆက်သွယ်မှုရှိတဲ့သူတွေကို လိုက်ပြီးတော့ ရှာရမယ်။ သူတို့နဲ့ ဆက်သွယ်မှု ရှိခဲ့လို့ ရောဂါပိုးဝင်နေပြီလို့ ထင်ရတဲ့သူတွေကို လိုက်ပြီးတော့ ကုသရမယ်။ Quarantine ထည့်ရမယ်ပေါ့။ အဲဒီစိန်ခေါ်မှုကလည်း အင်မတန်ကြီးမှာပါ။”

ဒီစိန်ခေါ်မှုတွေကိုကိုင်တွယ်ရာမှာ လက်တွေ့ကျကျ ဖြေရှင်းဆောင်ရွက်ဖို့နဲ့ ပြည်သူတွေ အလွန်အမင်း ထိတ်လန့်မသွားအောင် ထိန်းသိမ်းဖို့ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

လက်ရှိ COVID-19 ကာကွယ်၊ ထိန်းချုပ် ၊ကုသရေး လုပ်ငန်းတွေမှာ ပြည်သူတချို့က ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ အခက်အခဲကိုရင်ဆိုင်ရကြောင်း အောင်လံမြို့နယ်က ကျေးရွာအုပ်ချုပ်ရေးမှုး ဦးတင့်လွင်က အခုလို ဆွေးနွေးထားပါတယ်။

“လိုက်နာဆောင်ရွက်ခြင်းမရှိတဲ့အပိုင်းကတော့ ကျေးလက်ဒေသမှာရှိတဲ့ ပြည်သူလူထုတွေ ကျန်းမာရေး ဗဟုသုတနည်းပါးခြင်းပါ။ ဒါက နံပတ်တစ်အချက်ပါ။ နံပတ် ၂ အချက်ကတော့ ရပ်ကျေးတွေမှာ ဦးဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးတွေ၊ ရပ်မိရပ်ဖတွေ စသည်အားဖြင့် ဦးစီးဦးဆောင်ပြုသူတွေက အားနည်းတဲ့ အပိုင်းတွေပါပါတယ်။ ကျနော်တို့ကိုယ်တိုင် လေ့လာပြီးတော့ ဒါကို အားဖြည့်နေရတဲ့ အပိုင်းတွေ ရှိပါတယ်။ တတိယအချက်ကတော့ မြို့နယ်မှာ ရှိတဲ့ ဌာနဆိုင်ရာ အသီးသီးက မြို့နယ်မှာတင် အားစိုက်တဲ့အပိုင်းမဟုတ်ဘဲနဲ့ ရပ်ကျေးတွေအထိ COVID-19 နဲ့ ပတ်သက်လို့ ဘယ်လောက်ထိ ပြည်သူတွေ စိတ်ပါဝင်စားလာအောင် ဘယ်လောက်ထိ လိုက်နာဆောင်ရွက်အောင် လုပ်မယ်ဆိုတဲ့အပိုင်းတွေကိုလည်း ချမှတ် ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ ဒါကတော့ ကျနော်တို့ COVID-19 နဲ့ ပတ်သက်တဲ့ ရပ်ကျေးအဆင့်ပါ။ ”

ဒေါ်အောင်ဆန်းစုကြည်ကတော့ လိုအပ်တာတွေကို ဖြည့်ဆည်းသွားဖို့နဲ့ COVID-19 ကို ရင်ဆိုင်မှာ လူတစ်ဦးချင်းစီ ကောင်းမှ အားလုံးကောင်းမှာဖြစ်ကြောင်းကို ထောက်ပြပြောဆိုခဲ့ပါတယ်

လောလောဆယ်မှာတော့ ကျန်းမာရေးဝန်ကြီးဌာနက Quarantine ခေါ် အသွားအလာကန့်သတ်တာ ၁၄ ရက်ပြည့်ပြီးသူတွေ နေအိမ်ပြန်ရင် လိုက်နာရမယ့် အချက်တွေကို ထုတ်ပြန်ထားပြီဖြစ်ပါတယ်။

ဒီအချက်တွေထဲမှာတော့ နေအိမ်ပြန်ရောက်ချိန်မှာ ၁၄ ရက် အတွင်း မိမိနေအိမ်မှာ နေထိုင်ဖို့၊ မိသားစုဝင်တွေနဲ့ ၆ ပေ အကွာမှာ နေထိုင်ပြီး အနီးကပ် ပြောဆိုတာကို ရှောင်ကြဉ်ဖို့ ၊ လူစုလူဝေးရှိရာကို လုံးဝမသွားရောက်ဖို့ ဆိုတာတွေ ပါဝင်ပါတယ်။ တိုင်းနဲ့ပြည်နယ်အလိုက် သီးခြားခွဲစောင့်ကြည့်မှု အစီအစဉ်မှာ အများစုကတော့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကနေ နယ်စပ်ဖြတ် ဝင်ရောက်လာသူတွေဖြစ်ကြပါတယ်။ ထိုင်းနိုင်ငံတွင်းက ဝင်လာသူ မြန်မာနှစ်သောင်းကျော်ရှိတယ်လို့ အစိုးရက ကနဦး ထုတ်ပြန်ပေမဲ့ နယ်အလိုက်သီးသန့်စောင့်ကြည့်မှုစာရင်း ခန့်မှန်းချက်တွေအရ ဒီအရေအတွက်ထက် အဆမတန်များပြားနေပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG