သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သံတမန် David Hale မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံ


အမေရိကန်သံတမန် David Hale မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် (သတင်းဓါတ်ပုံ - Myanmar State Counsellor Office)
အမေရိကန်သံတမန် David Hale မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် (သတင်းဓါတ်ပုံ - Myanmar State Counsellor Office)

မြန်မာနိုင်ငံကို (၃) ရက်ကြာ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးရာဌာနကြီး အမြဲတန်းအတွင်းဝန် David Hale ဟာ ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီးတို့နဲ့ သီးခြားစီ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ဆိုင်တဲ့ စိန်ခေါ်မှုတွေ၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းမှုတွေ၊ အောင်မြင်ရေး၊ ရခိုင်ပြည်နယ်နဲ့ တခြား ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေက လူသားချင်း စာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းတွေ ကူညီဖြေရှင်းရေးကိစ္စတွေကို ဆွေးနွေးခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေနဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ကူညီ ဖြေရှင်းရေး နည်းလမ်းရှာဖို့ မြန်မာနိုင်ငံကို မေလ ၁ ရက်ကနေ ၃ ရက်နေ့အထိ (၃) ရက်ကြာ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးရာဌာနကြီး အမြဲတန်းအတွင်းဝန် David Hale ဟာ ဒီကနေ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ကြောင်း သတင်းထောက်တွေကို တယ်လီဖုန်းကတဆင့် ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

တွေ့ဆုံမှုအတွင်း အဓိကထား ဆွေးနွေးဖြစ်ခဲ့တဲ့ ကိစ္စရပ်တွေနဲ့ပတ်သက်လို့ နိုင်ငံရေးရာဌာနကြီး အမြဲတန်းအတွင်းဝန် David Hale က အခုလို ရှင်းပြပါတယ်။

“ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ အမြစ်တွယ်နေတဲ့ အကြောင်းရင်းတွေကို ဆွေးနွေးဖြစ်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် နေရပ်ပြန်လာပြီး ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်မယ့် အခွင့်အလန်းတွေကို မြန်မာအစိုးရဘက်က ဖန်တီးပေးဖို့ လိုအပ်တယ်ဆိုတာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံစဉ်မှာရော၊ တခြား အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံစဉ်မှာပါ ကျနော် ပြောကြားခဲ့ပါတယ်။

မြန်မာအာဏာပိုင်တွေဘက်က အဲဒီလို အခြေအနေဖြစ်အောင် အခုချိန်ထိ ဖန်တီးမပေးနိုင်သေးပါဘူး။ ရခိုင်ပဋိပက္ခမှာ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူနိုင်ရေးအတွက် သီးခြားလွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ပေးဖို့ ကျနော်တို့ဘက်က တောင်းဆိုပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း လုံခြုံရေးအခြေအနေတွေ မတည်မငြိမ် ဖြစ်နေတာကြောင့် ဒုက္ခသည်တွေ နေရပ် ပြန်နိုင်ရေး အခက်အခဲ ရှိနေတဲ့ကိစ္စအပေါ်မှာလည်း ကျနော်တို့ အထူး စိုးရိမ် ပူပန်မိပါတယ်။ ရခိုင်ပြည်နယ်အပါအဝင် ကချင်နဲ့ ရှမ်းပြည်နယ်တွေအတွင်းက ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူတွေအတွက် လူသားချင်း စာနာတဲ့ အကူအညီတွေ အတားအဆီးမရှိ ပေးခွင့်ပြုဖို့အတွက်လည်း ကျနော် မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။”

တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေကို အမေရိကန်က ခိုင်ခိုင်မာမာ ထောက်ခံ အားပေး နေကြောင်း၊ စစ်မှန်တဲ့ အရပ်သားအစိုးရပေါ်ပေါက်ရေး ကြိုးပမ်းနေဆဲကာလမှာ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအတွက်လဲ အမေရိကန်က ဆက်လက် ကူညီ ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်မပြန်နိုင်ဘဲ ဖြစ်နေတဲ့အတွက် နိုင်ငံတခုထဲအနေနဲ့ အများဆုံး အကူအညီပေးနေတဲ့ အမေရိကန်က ဒီလူတွေကို ဘယ်လောက်ကြာကြာ အကူအညီပေးထားမလဲဆိုတဲ့ သတင်းထောက်တဦးရဲ့ မေးခွန်းကိုတော့ သူက အခုလို ဖြေကြားခဲ့ပါတယ်။

“အမေရိကန်က ဘယ်အတိုင်းအတာနဲ့ ဘယ်လောက်ကြာကြာ အကူအညီပေးမလဲဆိုတဲ့ကိစ္စကိုတော့ ကျနော် မဆုံးဖြတ်နိုင်ပါဘူး၊ ဒီကိစ္စကို လွှတ်တော်နဲ့ အစိုးရအဖွဲ့က ဆုံးဖြတ်ပါလိမ့်မယ်။ လိုအပ်တဲ့အခြေအနေအပေါ် မူတည်ပြီး ကျနော်တို့ဘက်က ဆက်လက် ကူညီပေးနေဦးမယ်ဆိုတာကိုတော့ ကျနော် ပြောနိုင်ပါတယ်။ ဒါပေမယ့် ပိုပြီး အရေးကြီးတဲ့ကိစ္စက ဒီပဋိပက္ခဟာ လုံးဝအဆုံးသတ်မှုမရှိတဲ့ ပြဿနာမျိုး ဖြစ်မလာအောင်တော့ ကျနော်တို့ဘက်က အစွမ်းကုန် လုပ်ဆောင်သွားမှာပါ။”

ရိုဟင်ဂျာ ပဋိပက္ခအတွက် အမေရိကန်က အခုချိန်ထိ ဒေါ်လာ သန်း ၅၀၀ နီးပါး အကူအညီ ပေးခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ၂ ဦးရဲ့ကိစ္စကို တခြားသတင်းထောက်တဦးက မေးတာကိုလည်း နိုင်ငံရေးရာဌာနကြီး အမြဲတန်းအတွင်းဝန် David Hale က အခုလို ဖြေကြားခဲ့ပါတယ်။

“ရိုက်တာသတင်းထောက် ၂ ဦးအပေါ် ချမှတ်လိုက်တဲ့ စီရင်ချက်အပေါ် ကျနော်တို့ အင်မတန် စိတ်ပျက်မိပါတယ်။ ဒါကြောင့်လည်း အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံတဲ့အခါတိုင်း ဒီကိစ္စကို အမြဲတမ်း ထည့်သွင်း ပြောဆိုလေ့ရှိပါတယ်။ ကျနော်တို့ရဲ့ ရပ်တည်ကို အားလုံးက သိနေကြပြီးသားပါ။ ကျနော့်ရဲ့ ဒီခရီးစဉ်အတွင်းမှာလည်း ဒီကိစ္စကို အမြဲတမ်း ထည့်သွင်း ပြောဆိုပါတယ်။ ကျနော့်ခရီးစဉ်အတွင်း တွေ့ဆုံစဉ်မှာ မြန်မာအစိုးရက ဘယ်လို ရပ်တည်ချက်ရှိတယ်ဆိုတာကို ကျနော့်အနေနဲ့ ဒီနေရာမှာ ပြောဆိုဖို့ မသင့်တော်ပါဘူး၊ ဒါပေမယ့် အခြေခံ သတင်းလွတ်လပ်ခွင့်ကိစ္စသက်ဆိုင်နေတဲ့ တရားစီရင်ချက်အပေါ် မေးခွန်းထုတ်စရာတွေ ရှိနေပါတယ်။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင်ရဲ့ လွတ်လပ်ခွင့်တွေအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဒီကိစ္စဟာ အင်မတန် စိတ်ပျက်စရာကောင်းပါတယ်။ ဒါကြောင့် ကျနော်တို့ဘက်ကတော့ စောင့်ကြည့်နေမှာပါ။”

အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးရာဌာနကြီး အမြဲတန်းအတွင်းဝန် David Hale ဟာ နေပြည်တော်မှာ နိုင်ငံတော်ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ နိုင်ငံတကာဆက်ဆံရေးဝန်ကြီး ဦးကျော်တင်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

မနေ့ကတော့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကိုသွားရောက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် စစ်တွေမြို့၊ အောင်မင်္ဂလာ မွတ်ဆလင်ရပ်ကွက်က ရပ်မိ ရပ်ဖတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့ခရီးစဉ် ပထမနေ့ဖြစ်တဲ့ မေလ ၁ ရက်နေ့က အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံရေးရာဌာနကြီး အမြဲတန်းအတွင်းဝန် David Hale ဟာ အာရှနဲ့ အရှေ့အာရှ ခရီးစဉ် တစိတ်တဒေသအဖြစ်နဲ့ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတို့ကတဆင့် မြန်မာနိုင်ငံကို ရောက်လာတာဖြစ်ပြီး သူ့ခရီးစဉ် နောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့မှာပဲ ဂျပန်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG