သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေးထိပ်တန်းအရာရှိ David Hale ရခိုင်ကိုသွားနိုင်ဖို့ မျှော်လင့်


အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Hale
အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေးဆိုင်ရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Hale

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေတဲ့ ရိုဟင်ဂျာတွေ လုံခြုံစွာနေရပ်ပြန်နိုင်ရေးအတွက် လိုအပ်တာတွေကို သိနိုင်ဖို့ လူသားချင်းစာနာမှု အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကို ရခိုင်ပြည်နယ်တွင်း သွားရောက်ခွင့်ပေးဖို့ အမေရိကန် အစိုးရက အင်္ဂါနေ့မှာ တောင်းဆို လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာန နိုင်ငံရေး အတွင်းဝန် David Hale က အင်္ဂါနေ့ကနေ သောကြာနေ့အထိ မြန်မာနိုင်ငံ ၃ ရက်ကြာခရီးသွားရောက်နေချိန်မှာ အခုလို တောင်းဆိုလိုက်တာပါ။ ရခိုင်ပြည်နယ်ထဲက အခြေနေဟာ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ လုံခြုံစိတ်ချရမှု မရှိဘူးလို့ နိုင်ငံရေး အတွင်းဝန် Hale က ပြောပါတယ်။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့ကြား ပြီးခဲ့တဲ့နှစ်က သဘောတူညီချက် ရခဲ့ပေမယ့် ဒုက္ခသည်တွေက သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်တာကြောင့် ပြန်ဖို့ ငြင်းဆန်းနေတာပါ။

ဒုက္ခသည်တွေကို အတင်းအကြပ် ပြန်ဖို့ မလုပ်အောင် လက်ရှိအခြေနေတွေကို နေပြည်တော်မှာ မြန်မာအာဏာပိုင်တွေနဲ့ ဆွေးနွေးမှာ ဖြစ်ကြောင်း့ နိုင်ငံရေး အတွင်းဝန် Hale က ပြောပါတယ်။ မြန်မာထိပ်တန်း အရာရှိတွေ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေအတွက် သူစိတ်ပူကြောင်းနဲ့ ကျူးလွန်တဲ့ အရာရှိတွေအပေါ် အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်မှုတွေ ချမှတ်ထားတာ ဖြစ်ပြီး တဆင့်တိုး အရေးယူဖို့လည်း လုပ်မှာ ဖြစ်ကြောင်း ပြောပါတယ်။

ထိုင်းအကြီးတန်းအရာရှိတွေနဲ့ ဆွေးနွေးခဲ့တဲ့ နိုင်ငံရေး အတွင်းဝန် Hale က ထိုင်းနိုင်ငံအနေနဲ့ အာဆီယံအလှည့်ကျ ဥက္ကဌ ရာထူးရယူထား ချိန်မှာ ရိုဟင်ဂျာ ပြဿနာကို အမေရိကန်နဲ့ အတူ လက်တွဲဖြေရှင်းဖို့လည်း တောင်းဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ကတော့ အာဆီယံအလှည့်ကျ ဥက္ကဌ ဖြစ်လာတဲ့ ထိုင်းအနေနဲ့ ပြီးခဲ့တဲ့ လတွေ အတွင်း ရိုဟင်ဂျာတွေ လုံခြုံစွာ နေရပ်ပြန်နိုင်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတို့နဲ့ လက်တွဲ လုပ်ဆောင်နေကြောင်း မကြာသေးခင်ကပဲ ပြောကြားခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေးဌာန နိုင်ငံရေးအတွင်းဝန် David Hale ဟာ ဧပြီလ ၂၉ ရက်ကနေ မေလ ၆ ရက်နေ့အထိ အာရှဒေသ ၄ နိုင်ငံခရီးစဉ် သွားရောက်နေတာဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံကနေ ထိုင်းကို သွားရောက်ပြီး အခု အင်္ဂါနေ့မှာ ထိုင်းကနေ မြန်မာနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ၃ ရက်ကြာ ခရီးစဉ် အပြီး သောကြာနေ့မှာတော့ ဂျပန်နိုင်ငံကို ဆက်လက်ထွက်ခွါမှာ ဖြစ်ပါတယ်။

မြန်မာခရီးစဉ်အတွင်း မြန်မာ အစိုးရအာဏာပိုင်တွေအပြင် မြန်မာလူမှုလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ပဋိပက္ခတွေ အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေးတွေ အတွက် အမေရိကန်အစိုးရက ဆက်လက် ထောက်ခံ အားပေးနေမှာ ဖြစ်ကြောင်း ပြောကြားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှုတွေနဲ့ လုံခြုံရေး အခြေနေတွေကိုလည်း ဆွေးနွေးဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG