သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နိုင်ငံခြားရေး နိုင်ငံရေးရာဌာနကြီးအမြဲတန်းအတွင်းဝန် ရခိုင်သွားရောက်


ကန်နိုင်ငံခြားရေး နိုင်ငံရေးရာဌာနကြီးအမြဲတန်းအတွင်းဝန်
David Hale ရခိုင်သွားရောက် (MOI)
ကန်နိုင်ငံခြားရေး နိုင်ငံရေးရာဌာနကြီးအမြဲတန်းအတွင်းဝန် David Hale ရခိုင်သွားရောက် (MOI)

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေနဲ့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေ ကူညီ ဖြေရှင်းရေး အတွက် နည်းလမ်းရှာဖို့ မြန်မာနိုင်ငံကို (၃) ရက်ကြာ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးရာဌာနကြီးအမြဲတန်းအတွင်းဝန် David Hale ဟာ ဒီကနေ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကိုသွားရောက်ပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ရပ်မိ ရပ်ဖတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန် လက်ထောက်ဝန်ကြီးရဲ့ မြန်မာနိုင်ငံ ဒုတိယနေ့ ခရီးစဉ်အကြောင်းကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို မေလ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ (၃) ရက်ကြာ လာရောက်တဲ့ အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးရာဌာနကြီးအမြဲတန်းအတွင်းဝန် David Hale ဟာ ခရီးစဉ်အတွင်း မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ သာမက အရပ်ဖက် လူမှုအဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ ပဋိပက္ခတွေ အဆုံးသတ်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ကြိုးပမ်းမှုတွေ အောင်မြင်ရေး၊ ရခိုင်ပြည်နယ်က လူသားချင်းစာနာမှုနဲ့ လူ့အခွင့်အရေးဆိုင်ရာ အကျပ်အတည်းတွေကို ဖြေရှင်းရေး ကိစ္စတွေကို အာရုံစိုက် ဆွေးနွေးသွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရောက်လာတာ ဖြစ်ပါတယ်။

နိုင်ငံရေးရာဌာနကြီးအမြဲတန်းအတွင်းဝန် David Hale ဟာ ဒီကနေ့ စစ်တွေမြို့ကို ရောက်သွားပြီး ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနဲ့ တွေ့ဆုံခဲ့ကြောင်း ရန်ကုန် အမေရိကန်သံရုံး ပြောခွင့်ရ Aryani Manring က ဗွီအိုအေကို ပြောပါတယ်။

“ရခိုင်ပြည်နယ်ရောက်နေစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌအပါအ၀ င် ရပ်မိ ရပ်ဖတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။”

နိုင်ငံရေးရာဌာနကြီးအမြဲတန်းအတွင်းဝန် David Hale ဟာ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌကို လွှတ်တော်အဆောက်အဦးမှာ သွားရောက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အလားတူဘဲ ရပ်မိ ရပ်ဖတွေနဲ့ တွေ့ဆုံတာမှာလည်း စစ်တွေမြို့က အောင်မင်္ဂလာရပ်ကွက်ကို သွားရောက်ပြီး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ လက်ထောက် ဝန်ကြီးအနေနဲ့ ပြည်တွင်း နေရပ် ရွေ့ပြောင်းနေထိုင်နေကြတဲ့ ဒုက္ခသည် စခန်းတွေကိုတော့ သွားရောက်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

နိုင်ငံရေးရာဌာနကြီးအမြဲတန်းအတွင်းဝန် David Hale ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ အမေရိကန်ဘက်က ဘယ်လို ကူညီ ပံ့ပိုးပေးဖို့ လိုမလဲဆိုတာနဲ့ ရခိုင်ပဋိပက္ခကူညီ ဖြေရှင်းရေးအတွက် နည်းလမ်း ရှာဖွေဖို့ ရောက်လာခြင်းဖြစ်ကြောင်းလည်း Aryani Manring က အခုလို ဆက်ပြောပါတယ်။

“လက်ထောက်ဝန်ကြီးရဲ့ ခရီးစဉ် ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေမှာ ဘယ်လို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရသလဲဆိုတာကို အစိုးရ တာဝန်ရှိသူတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အမြင် သဘောထားတွေကို ကြားသိဖို့နဲ့ လိုအပ်တဲ့ အကူအညီတွေ ကို ပေးနိုင်မယ့် နည်းလမ်းတွေရှာဖွေဖို့ ရောက်လာခြင်း ဖြစ်ပါတယ်။”

အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေအတွက် ၁၉၈၈ ခုနှစ်ကစလို့ တောက်လျှောက် ကူညီပေးလာခဲ့တာမှာ လွန်ခဲ့တဲ့ နှစ် ၃၀ ကျော်အတွင်း အဲဒီမူဝါဒဟာ သိသိသာသာ ပြောင်းလဲသွားခဲ့ခြင်း မရှိဘူးလို့လည်း Aryani Manring က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန၊ နိုင်ငံရေးရာဌာနကြီးအမြဲတန်းအတွင်းဝန် David Hale နဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံခဲ့ကြတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေထဲက တခုဖြစ်တဲ့ AAPP (B) နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်ကလည်း မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးဖြစ်စဉ်တွေကို ဆွေးနွေးဖြစ်ခဲ့ကြောင်း အခုလို ရှင်းပြပါတယ်။

“အဓိက ပြောဖြစ်တာက မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအခြေအနေ နောက်လူ့အခွင့်အရေးအခြေအနေ အဲဒါတွေကို ကျနော်တို့ ပြောဖြစ်ကြတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့အခြေအနေတွေ တိုးတက်လာဖို့အတွက် ဘယ်လိုမျိုးတွေ လုပ်သင့်သလဲပေါ့ အဲဒါကိုလည်း မေးပါတယ်။ မေးတဲ့အခါကျတော့ ကျနော်တို့ကတော့ အလုပ်အကိုင်ဖန်တီးရေးဆိုတာက ဒီမိုကရေစီ ပြောင်းလဲရေးအတွက် အရေးကြီးတဲ့အရာတခုဖြစ်တယ်။ ပိတ်ဆို့နေရုံတခုနဲ့တော့ အလုပ်မဖြစ်ဘူး။ ပိတ်ဆို့တာလည်း ပိတ်ဆို့တာရှိသလို တဘက်ကလည်း ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ကျနော်တို့ သွားချင်တယ်။ အလုပ်အကိုင်ဖန်တီးတာတွေကိုလည်း တဘက်ကလည်း လုပ်သင့်တယ်လို့ကျနော်တို့ဘက်ကပြောလိုက်ပါတယ်။”

အထူးသဖြင့်တော့ ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသတွေ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေအခြေအနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စတို့ကို အလေးပေး ဆွေးနွေးဖြစ်ခဲ့တယ်လို့ ကိုဘိုကြည်က ပြောပါတယ်။

“ကျနော်တို့က နိုင်ငံရေး အကျဉ်းသားတွေအခြေအနေ နောက် မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်လာတဲ့ အဓိကအကြောင်း ၊ အဲဒီ အဓိကအကြောင်းထဲမှာ ပြည်တွင်းစစ်ဖြစ်နေတာ ဥပမာဆိုရင် ရခိုင်မှာ AA နဲ့ တိုက်ပွဲ ဖြစ်နေတဲ့အတွက် ဒီရွာသူရွာသားတွေက အဖမ်းခံနေရတဲ့ ကိစ္စတွေရှိတယ်။ အဲလိုပဲ ကချင်နဲ့ ရှမ်းဘက်မှာလည်း တိုက်ပွဲတွေ ပြန်ပြီးတော့ ဖြစ်လာတာမျိုးတွေရှိတယ်။ ဒီအခြေအနေကတော့ ဒီမိုကရေစီရေး သွားတဲ့အခါမှာ အနှောက်အယှက်ဖြစ်နိုင်စရာမျိုးတွေဖြစ်တယ်။ ဒီလိုစစ်ပွဲတွေ ရပ်တန့်သွားဖို့ သူတို့ဘက်က ဘာတွေ ကြိုးစားဆောင်ရွက်လို့ရမလဲပေါ့ သံတမန်ရေးရာနည်းလမ်းတွေအရ ပြီးတဲ့အခါကျတော့ တရုတ်ရဲ့ လွမ်းမိုးမှု မြန်မာနိုင်ငံအပေါ်အကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေး ဖြစ်တာတွေရှိပါတယ်။ နောက်ပြီးတော့ လက်ရှိရှိနေတဲ့ အစိုးရရဲ့ အခက်အခဲပေ့ါ ဒါတွေကိုရော အစိုးရနဲ့ ဘယ်လောက်အထိ ပူးပေါင်းနိုင်မလဲ ပြောဆိုဆွေးနွေးလို့ ရမလဲ ဒါတွေကိုလည်းအကြမ်းဖျင်းဆွေးနွေးဖြစ်တာပေါ့နော် ၊ အသေးစိတ်တော့မဟုတ်ဘူး တွေ့ရတဲ့အချိန်ကလည်း နာရီပိုင်းအောက်ပဲရှိတဲ့အခါကျတော့ အများကြီးတော့လည်း ဆွေးနွေးဖြစ်တာလည်း မရှိပါဘူး။”

အမေရိကန် နိုင်ငံရေးရာဌာနကြီးအမြဲတန်းအတွင်းဝန် David Hale ဟာ မနက်ဖြန်မှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ တာဝန်ရှိသူတွေနဲ့ နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်ပြီး မြန်မာနိုင်ငံက မနက်ဖြန် နှောင်းပိုင်းမှာ ပြန်မထွက်ခွာခင် Teleconference - တယ်လီဖုန်းကတဆင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံရေးရာဌာနကြီးအမြဲတန်းအတွင်းဝန် David Hale ဟာ အာရှနဲ့ အရှေ့အာရှ ခရီးစဉ် တစိတ်တဒေသအဖြစ်နဲ့ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံတို့ကတဆင့် မြန်မာနိုင်ငံကို ရောက်လာတာဖြစ်ပြီး သူ့ခရီးစဉ်တခုလုံးမှာ မြန်မာနိုင်ငံမှာ အကြာဆုံး (၃) ရက်ကြာ နေထိုင်တာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံရေးရာဌာနကြီးအမြဲတန်းအတွင်းဝန် David Hale ဟာ မြန်မာနိုင်ငံကနေ ဂျပန်နိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG