သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-လက်ထောက်ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် မြန်မာ့အရေးဆွေးနွေး


(သတင်းဓာတ်ပုံ - Myanmar State Counsellor Office)
(သတင်းဓာတ်ပုံ - Myanmar State Counsellor Office)

(Zawgyi/Unicode)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်ဝန်ကြီး David Stilwell နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာမှာ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေ၊ ရခိုင်ပြည်နယ်မှာ ကြုံတွေ့နေရတဲ့ အကြပ်အတည်းတွေကို အတူတကွ ဖြေရှင်းရေး ပညာရေး၊ စီးပွားရေးနဲ့ တခြား နှစ်နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ နှစ်ဘက် အစိုးရက သတင်းထုတ်ပြန်ပါတယ်။ လက်ထောက်ဝန်ကြီးဟာ မနေ့တုန်းကတော့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို သွားခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် ဒုက္ခသည်စခန်းက တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် စုစုက သတင်းပေးပို့ထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး David Stilwell ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့တာပါ။ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ အမေရိကန်က ရေရှည် ကူညီပေးသွားမယ့်အကြောင်းအပါအဝင် တခြား ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေကို ရန်ကုန်မြို့ အမေရိကန်သံရုံး ပြောခွင့်ရ Aryani Manring က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး David Stilwell ဟာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် အမေရိကန်က ရေရှည် ကူညီ ပံ့ပိုးပေးရေး၊ နှစ်နိုင်ငံအကြားက အကျိုးတူ ကိစ္စရပ်တွေကို အတူလက်တွဲ ဖြေရှင်းရေး စတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံရဲ့ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဘက် နိုင်ငံအဖြစ် ဆက်လက် ရပ်တည်သွားမယ်ဆိုတာကို ဒီခရီးစဉ်က မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။”

အမေရိကန်သံရုံးရဲ့ Facebook လူမှုကွန်ယက် စာမျက်နှာပေါ်မှာတော့ - ရခိုင်ပြည်နယ် အကြပ်အတည်းကို အတူတကွဖြေရှင်းရေး၊ ပဋိပက္ခဖြစ်ပွားရာနေရာတွေက မကျေနပ်မှုအကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းရေးနဲ့ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုရဲ့ အကျိုး ကျေးဇူးတွေအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ Facebook လူမှုကွန်ယက် စာမျက်နှာမှာတော့ တွေ့ဆုံမှုအတွင်း ပညာရေး၊ စီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်မှု၊ မြစ်ကြောင်းများ ထိန်းသိမ်းရေးကဏ္ဍများ အပါအဝင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရေးနှင့် ASEAN၊ EAS ထိပ်သီးအစည်းအဝေးများဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

လက်ထောက်ဝန်ကြီး Stilwell ဟာ မနေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို သွားရောက်ခဲ့ပြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှနဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ အမေရိကန်က ပါဝင်ကူညီနိုင်မယ့် အချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ ရခိုင်ပြည်နယ်တွင်းက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပြီး မြေပြင်အနေအထားကို လေ့လာခဲ့ပါတယ်။

အရပ်ဘက်အဖွဲ့တွေနဲ့ တွေ့ဆုံချိန်မှာ ရခိုင်ပြည်အရေးဟာ စိုးရိမ်ရတဲ့အနေအထား ရောက်နေပြီး၊ မလိုအပ်ဘဲ အရပ်သားတွေ ထိခိုက်နစ်နာမှု ရှိနေတဲ့အပေါ် ကူညီပံ့ပို့ပေးနိုင်မယ့် နည်းလမ်းတခုကို ရှာဖွေသွားမယ်လို့ လက်ထောက်ဝန်ကြီးက ပြောဆိုခဲ့ကြောင်း ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး ဥက္ကဋ္ဌ ဦးရွှေဘော်စိန်က ပြောပါတယ်။

“အဲဒီအပေါ်မှာကျတော့ သူတို့အနေနဲ့ ဒီလုံလောက်တဲ့ပမာဏ ထောက်ပံ့မှုတွေ ပေးထားပါတယ်တဲ့။ ဒါပေမယ့် ဒီနိုင်ငံရဲ့ ဥပဒေအရ၊ ဒီလိုအပ်ချက်တွေအရ နှောင့်နှေးကြန့်ကြာမှု အပေါ်မှာတော့ နားလည်ပေးဖို့ ကျတော်တို့ကို ပြောသွားပါတယ်။ ဒါပေမယ့် ကျတော်တို့ဘက်က သူတို့ကို ယုံကြည်ဖို့ဖြစ်ဖြစ်၊ နားလည်ပေးနိုင်တယ် ဆိုပေမယ့် တကယ်လက်တွေ့မှာကျတော့ ခန့်မှန်းနိုင်တဲ့ အနေအထားမျိုး တခုခုတော့ ဖန်တီးပေးနိုင်ဖို့၊ ဖြစ်လာမယ်၊ မဖြစ်လာမယ်ဆိုတာကိုတော့ ကျတော်တို့ စောင့်ကြည့်ရဦးမှာပေါ့။”

တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် AA တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာနေရသူ ၆၀,၀၀၀ ကျော်ရဲ့ စားဝတ်နေရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ကူညီပံ့ပိုးနေမှုတွေဟာ လုံလောက်တဲ့အနေအထားမှာ မရှိတာကြောင့် အဲဒီကိစ္စကို အကူအညီပေးဖို့ အရပ်ဘက်အဖွဲ့တွေက တောင်းဆိုခဲ့ကြပါတယ်။

လက်ထောက်ဝန်ကြီး David Stilwell ဟာ သူ့ရဲ့ မြန်မာပြည်ခရီးစဉ်အတွင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း တို့နဲ့လည်း နေပြည်တော်မှာ ဒီကနေ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး David Stilwell ဟာ မနက်ဖြန် အောက်တိုဘာ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံက ပြန်လည် ထွက်ခွာမှာဖြစ်ပြီး အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲတက်ဖို့ ထိုင်းနိုင်ငံကို ခရီးဆက်မှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ လက်ထောက်ဝန်ကြီးဟာ ဒေသတွင်းက တခြားနိုင်ငံတွေဖြစ်တဲ့ မလေးရှား၊ တရုတ်နဲ့ တောင်ကိုရီယားနိုင်ငံတွေကိုလည်း ခရီးဆက်မယ်လို့ သိရပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

[Unicode Version]










XS
SM
MD
LG