သုံးရလွယ်ကူစေသည့် Link များ

NLD ကိုယ်စားလှယ်အဖွဲ့ ဖားကန့် အခြေအနေ ကွင်းဆင်းလေ့လာ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားမှုနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်တွေ ဖားကန့်ဒေသကို သွားရောက်ပြီး သဘာဝပတ်ဝန်းကျင်ထိန်းရေး ပညာပေး လုပ်ငန်းတွေ စတင်လုပ်ဆောင်နေပါတယ်။ ဖားကန့်ဒေသမှာ အရင်က တနိုင်တပိုင် ကျောက်စိမ်း တူးဖော်မှုတွေပဲရှိခဲ့ရာက စစ်အစိုးရ လက်ထက် ကစလို့ ကုမ္ပဏီကြီးတွေကို စက်ယန္တရားကြီးတွေ သုံးပြီး ကျောက်စိမ်း အလွန်အကျွံ တူးဖော်မှုတွေကို ခွင့် ပြုခဲ့ပြီး နောက်မှာတော့ မြေစာပုံ ပြိုကျလို့ လူရာနဲ့ ချီသေဆုံးမှုတွေ ရှိခဲ့ပြီး ဖားကန့်ဒေသဟာ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီး လာခဲ့တာပါ။ သတင်းအပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မမြင့်မြင့် ခိုင် က တင်ပြပေးပါမယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင် ဦးလှဦး ဦး ဆောင်ပြီး ဖားကန့်ဒေသမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးတာတွေ၊ ကျောက်စိမ်းတူးဖော်တဲ့ နေရာတွေဆီ သွားရောက် ကွင်းဆင်းလေ့လာမှုပြုလုပ်နေတာ ဒီကနေ့ဆို ၄ရက်မြောက်ရှိပါပြီ။

ဖားကန့်ဒေသမှာ ကုမ္ပဏီကြီးတွေရဲ့ စနစ်မကျတဲ့ကျောက်စိမ်း အလွန်အကျွံ တူးဖော်မှုတွေ၊ မြေစာပုံပုံ တာတွေရဲ့ အကျိုးဆက်အနေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုတွေ ဖြစ်လာတာကြောင့် ဒေသခံ လူ ထုအနေနဲ့ အစိုးရက ပြဌာန်းကထားတဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေကို နား လည်လာအောင် ပညာပေးလုပ်ငန်းလုပ်ဆောင်တာဖြစ်ပါတယ်။

ဖားကန့်ဒေသမှာ သဘာဝ ပတ်ဝန်းကျင် ထိခိုက် ပျက်စီးရခြင်းရဲ့ အဓိက အကြောင်းရင်း က တရား ဥပဒေ စိုးမိုးမှု မရှိလို့ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ လွှတ်တော်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ ပြ ဌာန်းထားပေမယ့်လည်း ဒီဥပဒေကို ဌာနဆိုင်ရာ အာဏာပိုင်တွေရော၊ ဒေသခံတွေကလည်း သေချာ နားမလည်ကြဘူးလို့ NLD ပါတီရဲ့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီ အဖွဲ့ဝင် ဦးလှဦးက ပြောပါတယ်။

"သဘာဝပတ်ဝန်းကျင် ထိခိုက်တယ်ဆိုတာကတော့ တရားဥပဒေ မစိုးမိုးလို့ဖြစ် တာပေါ့။ ဥပမာ မြေပုံမယ်ဆိုရင် ရွာနဲ့ ကိုက်ဘယ်လောက်ဝေး ရမယ်။ မြေပုံရဲ့ အတိုင်းအတာ ဘယ်လိုရှိရမယ်။ ဓာတ်သတ္တု တူးဖော်တဲ့ နေရာရဲ့ ဧရိယာ ဘယ်လိုရှိရမယ်။ အဲ့ဒီ့ကိစ္စတွေကို အရင် စည်းမျဉ်းစည်းကမ်းနဲ့ ထုတ်ထားတဲ့ ဥပဒေ တွေနဲ့ အညီ မလုပ်ဘူး။ မလုပ်တာ ဘာကြောင့် မလုပ်နိုင် တာလဲဆိုရင် ဥပဒေ မစိုးမိုးလို့ မလုပ်နိုင်တာပဲ။ အဲ့ဒီ့အဖြေတွေ ကျနော်တို့ ရတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဖားကန့် ဒေသမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေး လုပ် ငန်းတွေကို လုပ်ဆောင်တာ ဒါ ဒုတိယအကြိမ်ဖြစ်ပြီး စစ်ကိုင်းတိုင်း ကသာမြို့နယ်နဲ့ကလေးဝတို့မှာ လည်း ပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ပါတယ်။

လက်ရှိ ဖားကန့်ဒေသမှာ ရေအရင်းအမြစ် ဆုံးရှူံးတာ၊ လူထုရဲ့ အသက် အိုးအိမ် ထိခိုက် ပျက်စီးတာစတဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေ များလာတဲ့ အချိန်မှာ NLD ပါတီကဦးစီးပြီး လုပ်တဲ့ သဘာ ဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးသင်တန်းတွေ အပေါ် ဒေသခံလူထုတွေရဲ့ စိတ်ပါဝင်စားမှုနဲ့ ပတ် သက်လို့ ဖားကန့်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဦးတင်စိုးက အခုလိုပြောပါတယ်။

"ဖားကန့်ဒေသဟာ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့ အဓိက ထိခိုက်ပျက်စီးနေတဲ့ ဒေသဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီမှာ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အကျုံးဝင်တဲ့ ကိစ္စရပ်တွေ အားလုံးကိုပေါ့ဗျာ။ ဒီမှာဆိုရင် ရေ အရင်းအမြစ်တွေ ပျောက်ဆုံးနေတယ်။ သစ်တောတွေ မရှိတော့ဘူး။ မြေစာပုံတွေ ပုံချင်တဲ့နေရာပုံနေတဲ့အတွက် လူနေအိမ်တွေ အသက်အိုးအိမ် ထိခိုက်တယ်။

ပြီးတော့ ဥရုချောင်း။ ဥရုချောင်းဟာဆိုရင် နဂို အရင် ဟိုးအရင်တုန်းက ရှိခဲ့တဲ့ အနေအထားထက်ကို ကြမ်းပြင်ဟာ ဆယ့်ငါးပေ ပေနှစ်ဆယ်လောက် ကို မြင့်တက်လာတယ်။ မြင့်တက်လာတဲ့အတွက် ရေကြီး ရေလျှံမှုတွေဖြစ်တယ်။ ဒါတွေဟာ အားလုံးဟာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်လာတဲ့ အနေအထားတွေ ဖြစ်တယ်။ ဒါတွေကိုလည်း ကျနော်တို့ ဒီဒေသက လူတွေ အားလုံး နားလည်တယ်။ ဒီ့ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နားလည်လာအောင်လည်း ဒီသင်တန်းကနေ ပို့ချပေးတာဖြစ်တယ်။ လူတွေ တော်တော်များများကလည်း ဒီကိစ္စကို အားလုံး နားလည်ကြတယ်။"

ဖားကန့် ကျောက်စိမ်းနယ်မြေရဲ့ သဘာဝပတ်ဝန်းကျင်အခြေအနေကို ကွင်းဆင်းလေ့လာပြီး စစ်တမ်း ရယူနိုင်တဲ့ အခြေအနေပဲ ရှိသေးတဲ့အတွက် ပညာပေး လုပ်ငန်းက ထိထိရောက်ရောက်လုပ်နိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးလို့ ဖားကန့်ဒေသခံ ဦးစိုးလွင်က သူ့အမြင်ကို ပြောပါတယ်။

" အခုလောလောဆယ်တော့ ကျနော်တို့ ထိထိရောက်ရောက်ကြီးတော့ မဟုတ်သေးဘူးဗျ။ အစုအဖွဲ့လောက်နဲ့ပဲ လုပ်နိုင်ပြီးတော့ နယ်မြေဒေသတွေရဲ့ မှတ်ချက်တွေတော့ လောလောဆယ်တော့ ကျနော်တို့ ယူထားနိုင်သေးတယ်။ "

ဖားကန့်ဒေသခံတွေကတော့ စက်ယန္တရားကြီးတွေသုံးပြီး ကျောက်စိမ်း အလွန်အကျွံ တူးဖော်နေမှု တွေဟာ ဒေသခံ ပြည်သူလူထုအတွက် အကျိုးအမြတ် တစုံတရာ မခံစားရဘူး လို့ ယူဆနေကြတာပါ။ အခုနှစ်ပွင့်လင်းရာသီမှာ ဖားကန့်ဒေသကို တရုတ်နိုင်ငံဖက်က မြေသယ်ကားတွေ၊တူးဖော်ရေးယန္တရား တွေ အလုံးအရင်းနဲ့ တင်သွင်းတာတွေ၊ ကျောက်စိမ်း အလွန်အကျွံ တူးဖော် တာတွေ၊ မြေစာ ပုံပြိုကျမှု တွေကြောင့် လူတွေ ရာနဲ့ချီသေဆုံးခဲ့လို့ ဝေဖန်သံတွေ ထွက်ပေါ် လာပြီးနောက် မှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင် တချို့ကို ခေါ်ယူ စစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ဖားကန့် ဒေသအတွင်းကို တင်သွင်းနေတဲ့ မြေသယ်ကားတွေနဲ့ မြေတူးစက်တွေ ဝင်ရောက်လာတာ ရပ်ဆိုင်း သွားဆိုင်းပြီး ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းကိုတော့ အရင်လိုဆက်တိုက် လုပ်ဆောင်နေဆဲဖြစ် ပါတယ်

XS
SM
MD
LG