သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရသက်တမ်း ၉ လအတွင်း ငြိမ်းချမ်းရေးနဲ့ဖွံဖြိုးရေးလုပ်ငန်းစဉ် အားရဟု ဒေါ်စုဆို


ဒေါ်အောင်ဆန်းစုကြည်က စကာၤပူရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံ (MOFA)
ဒေါ်အောင်ဆန်းစုကြည်က စကာၤပူရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံ (MOFA)

ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အခြေအနေပေါ်မှာ အတိုင်းအတာ တခုအထိ အားရ ကျေနပ်မှု ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ တိုက်ပွဲတွေပေါ်ပေါက်လာတဲ့ အပေါ်မှာ စိုးရိမ်ကြောက်ရွံ့နေမှာ မဟုတ်ဘဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့တိုး လုပ်ဆောင်သွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က စကာၤပူရောက် မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံတာမှာ အခိုင်အမာ ပြောဆိုသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကာၤပူနိုင်ငံ ဒုတိယနေ့ ခရီးစဉ်ဆိုင်ရာ သတင်းဆောင်းပါးကိုတော့ မသိင်္ဂ ီထိုက်က ပြောပြပေးမှာပါ။

မြန်မာ အစိုးရ သက်တမ်း ၉ လအတွင်းမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို ဦးစားပေး လုပ်နေပြီး အားရကျေနပ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စကာၤပူက မြန်မာ မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။

“တခုကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ နောက်တခုကတော့ ကျမတို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပါပဲ။ ဒီ ၂ ခုက ဘယ်လိုမှ ခွဲခြားလို့မရပါဘူး။ ငြိမ်းချမ်းရေးမရှိဘဲနဲ့ ကျမတို့ ဖွံ့ဖြိုးရေးဆိုတာလည်း ရေရှည်ထိန်းထားလို့မရဘူး။ တိုးတက်မှုမရှိပဲနဲ့ ငြိမ်းချမ်းရေးဆိုတာ အမြဲခိုင်မာမယ်လို့ အာမခံလို့မရဘူး။ ဒါကြောင့် ဒီ၂ ခုကို အလေးထားပြီးတော့ တပြိုင်နက်ထဲ လုပ်နေတာဖြစ်ပါတယ်။ အတိုင်းအတာတခု ထိတော့ ကျေနပ်တယ်။ ဒါပေမယ့် ဘယ်တော့မှ အပြည့်အ၀ ကျေနပ်မှာ မဟုတ်ပါဘူး။”

နိုင်ငံ အရှေ့မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အချိန်မှာဘဲ ငြိမ်းချမ်းရေး အတွက် ရှေ့တိုးလုပ်ဆောင်သွားမယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။

“ ဒီတိုက်ပွဲတွေဟာ ကျမတို့ နိုင်ငံမှာဖြစ်နေတာ ကြာလှပါပြီ။ အဲဒီတိုက်ပွဲတွေဖြစ်တိုင်းကြောက်နေရင် ကျမတို့ အစကတည်းကနေစပြီးတော့ ၂၁ ပင်လုံကို လုပ်မှာမဟုတ်ပါဘူး။ ကျမတို့အနေနဲ့ ဒီလိုတိုက်ပွဲတွေဖြစ်လို့ကို ၂၁ ပင်လုံညီလာခံကြီး ဘယ်လောက် လိုအပ်သလဲဆိုတာကို ရှင်းရှင်းလင်းလင်းမြင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ ထပ်ပြီးတော့ ကြိုးစားမယ်၊ ပိုပြီးတော့ ကြိုးစားမယ်။ ကျမတို့ အခြေခံအားဖြင့်တော့ ဒီလိုအချင်းချင်းကြားမှာ တိုက်ပွဲတွေ မကြေနပ်မှုတွေ ၊ မယုံကြည်မှုတွေ ဖြစ်ပွားနေတာဟာ ကျမတို့ သမိုင်းမှာ အချင်းချင်းကြားမှာ နားလည်မှုမယူနိုင်လို့ ပါပဲ။ နားလည်မှုမရှိပဲနဲ့ ဘယ်လိုမှ ငြိမ်းချမ်းရေးရနိုင်မှာ မဟုတ်ပါဘူး။ ဒီဟာအတွက် ကျမတို့ ကြိုးစားရမှာဖြစ်ပါတယ်။”

စကာၤပူရောက် မြန်မာ ၇ ထောင်လောက် တက်ရောက်ခဲ့ကြတဲ့ တွေ့ဆုံပွဲမှာတော့ တက်ရောက်လာသူတွေရဲ့ မေးခွန်းတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း လတ်တလော လူထုကြား စိုးရိမ်နေကြတဲ့ သက်ငယ် မုဒိမ်းမှုတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်ဖို့ အတွက် တရားဥပဒေကြောင်း အရတင် မဟုတ်ဘဲ လူမှုရေး ရှုထောင့်ကပါ အဖြေရှာဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောဆိုပါတယ်။ နောက် ကလေးငယ်တွေကို မိဘတွေ အပြင် ရပ်ရွာ အသိုင်းအဝိုင်းကပါ ဝိုင်းဝန်း စောင့်ရှောက်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ အစိုးရသစ်ကို အနှောင့်အယှက် အဟန့်အတားတွေ ရှိနေပြီး ဒါတွေကို အစိုးရသစ်က ဘယ်လို ကိုင်တွယ်မလဲ ပြည်သူတွေက ဘာတွေ ပါဝင်ရမလဲဆိုတဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားပါတယ်။

“ပမထဦးဆုံးအနေနဲ့ ဘေးဆိုင်းတွေတီးတယ်ဆိုတာ သိတာကိုက အကူအညီတခုပဲ။ နောက်ပြီးတော့ ဘေးဆိုင်းတွေတီးပြီးရင် ကိုယ့်ဆိုင်းလေးလည်း ပြန်တီးလိုက်ပေါ့။ နောက်ဆုံးကျတော့ နားမယောင်ဖို့ပါပဲ။ ဘယ်သူက ဘာဆိုင်းပဲတီးတီး ကျမတို့ ပြည်သူပြည်သားတွေက နားမယောင်ဘူးဆိုရင် ကျမတို့ နားငြီးတာပဲရှိမယ် ၊ ဘာမှ ပြဿနာတွေတော့မရှိပါဘူးလို့ ပြောပါရစေ။”

စကာၤပူနိုင်ငံ ခရီစဉ် ပထမရက်မှာဘဲ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံက နှစ် ၂၀ အတွင်း စကာၤပူကို ကျော်တက်မယ်လို့ ပြောဆိုခဲ့တဲ့ အပေါ် ဒေသတွင်းမှာ သတင်းကြီး ဖြစ်ခဲ့သလို မြန်မာနိုင်ငံတွင်းမှာလည်း လူပြော သူပြောများခဲ့တာပါ။ စကာၤပူနိုင်ငံကို မီအောင် ဘယ်လို လုပ်မလဲဆိုတဲ့ တက်ရောက်လာသူ တဦးရဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားသွားပါတယ်။

“အန်တီ စု အနေဖြင့်မြန်မာသည် နောင် နှစ် ၂၀ တွင် စကာၤပူကို မီ ရမယ်ဟုပြောကြားသည် ကို များစွာအားရမိပါသည်တဲ့။ ကျနော်တို့ ပြည်သူပြည်သားများအနေဖြင့် မည်သည့် အခန်းကဏ္ဍမှာ ပါဝင်နိုင်သည်ကို သိခွင့်ရချင်ပါသည်ခင်ဗျား တဲ့။ ကျမပြောတာက နှစ် ၂၀ အတွင်း စကာၤပူကို မီရမည်လို့ ပြောတာမဟုတ်ပါဘူး စကာၤပူကို ကျော်ရမည်လို့ ပြောတာပါ။”

မြန်မာနဲ့ စကာၤပူကြား သာမန် နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူတွေ အတွက် ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်ကလည်း ဒီကနေ့မှာ စတင် သက်ရောက်ပါတယ်။ စကာၤပူ ဗီဇာ ကင်းလွတ်ခွင့်ကတော့ ထူးခြားတဲ့ ဖြစ်စဉ် ဖြစ်ပါတယ်လို့ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင် တဦးဖြစ်တဲ့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“အလည်အပတ်တင်မကပါဘူး ၊ စီးပွားရေးလုပ်တဲ့လူတွေအများစု က ကျနော်တို့ မြန်မာနိုင်ငံဆိုရင် စကာၤပူကို မှီခိုပြီးလုပ်ကိုင်နေရတာပေါ့နော် ။ အထူးသဖြင့် ဘဏ်နဲ့ ပတ်သက်ရင် Banking နဲ့ ပတ်သက်ရင်။ အဲဒီတော့ ကျနော်တို့က အခုလို Visa မလိုတဲ့ အတွက်ကြောင့်မို့လို့ သွားရလာရ ၊ လုပ်ကိုင်ရတဲ့သူတွေအတွက်ကလည်း ပိုပြီးတော့ အဆင်ပြေတယ်။ အလည်အပတ်နဲ့ ဆေးကုတဲ့ လူတွေအတွက်ကလည်း အဆင်ပြေတဲ့အတွက်ကြောင့် ဒါကလည်း ထူးထူးခြားခြားပြောလို့ရတဲ့အချက် ၁ ချက်ဖြစ်ပါတယ်။”

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အဓိက ဖိတ်ခေါ်ခဲ့တဲ့ စကာၤပူနိုင်ငံ ခရီးစဉ် ဒုတိယနေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က စကာၤပူ ခေတ္တ သမ္မတ Joseph Yuvaraj Pillay နဲ့ တွေ့ဆုံခဲ့သလို စကာၤပူ ဝါရင့် ဝန်ကြီး Goh Chok Tong နဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာမှာ အဂတိ လိုက်စားမှု အနည်းဆုံး နိုင်ငံ တခု ဖြစ်တဲ့ စကာၤပူနိုင်ငံရဲ့ အကျင့်ပျက် အဂတိ လိုက်စားမှု စုံစမ်းစစ်ဆေးရေး ဌာနကိုလည်းသွားရောက် လေ့လာခဲ့ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ သစ်ခွပန်း အမည်ပေးပွဲကိုလည်း တက်ရောက်ပါတယ်။ Singapore Botanic Garden က National Orchid Garden မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ဂုဏ်ပြုအထိမ်းအမှတ် အဖြစ်နဲ့ စိုက်ပျိုးထားတဲ့ သစ်ခွပန်းကိုတော့ Papilionanda Aung San Suu Kyi လို့ အမည်ပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG