သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု မွန်ပြည်နယ်ခရီးစဉ်အပေါ် ဒေါက်တာရန်မျိုးသိမ်းသုံးသပ်ချက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွန်ပြည်နယ်ခရီးစဉ်အတွင်း ဒေသခံတိုင်းရင်းသားပြည်သူအတော်များများ ကြိုဆိုပြီး၊ လူထုတွေ့ဆုံပွဲတွေမှာလည်း တက်ရောက်ကြတာမို့ ဒီခရီးစဉ်ဟာ ၂၀၁၅ ရွေးကောက်ပွဲအကြို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်တဲ့ စည်းရုံးရေးခရီးစဉ်လို့ မြင်ကြပါတယ်။

ဒါပေမဲ့လည်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ NLD နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီတွေအကြား ကြီးမားတဲ့ ထိပ်တိုက်တွေ့မှု ဖြစ်လာမလား စိုးရိမ်မှုတွေလည်း ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနှစ်အတွင်းမှာ တိုင်းရင်းသားဒေသကိုထွက်တဲ့ ပထမဆုံးခရီးစဉ်ပေါ့နော် မွန်ပြည်နယ်ခရီးစဉ်က ဒီအပေါ်မှာ ကိုရန်မျိုးသိမ်း ဘယ်လိုမြင်သလဲခင်ဗျ။ ထူးထူးခြားခြားပေါ့ အောင်မြင်မှုရှိတယ်လို့ မြင်သလား။ ထူးထူးခြားခြား ဘာများ သတိထားမိသလဲ။

ဖြေ။ ။ “လတ်တလောပေါ့လေ မွန်ပြည်နယ်ခရီးစဉ်က ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အောင်မြင်တဲ့ခရီးစဉ်တခုလို့ ပြောလို့ရပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်တဲ့ခရီးစဉ်တခုလို့တော့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အဲဒီနေရာမှာ ကျနော်က နည်းနည်းလေး စိုးရိမ်တဲ့အပိုင်းကပေါ့လေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေကြားမှာ သူနိုင်ကိုယ်နိုင် အခင်းအကျင်းတခုကို စနစ်တကျ ချမှတ်ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲကို ကျော်ဖြတ်နိုင်မှသာ ဒီမိုကရက်တစ် အင်အားစုတွေအတွက် အခြေအနေကောင်းမယ်လို့ မျှော်လင့်တယ်။”

မေး။ ။ ဟုတ်ကဲ့ အဲဒီအချက်ကိုပဲ ကျနော်ကလည်း မေးချင်တာပါ။ အခု မွန်ပြည်နယ်ခရီးစဉ်ထွက်တဲ့အခါမှာ မွန်တိုင်းရင်းသားပါတီတွေ ရှိပါတယ်။ မွန်နိုင်ငံရေးပါတီတွေ၊ ဒီပါတီတွေနဲ့ အပြိုင်အဆိုင် သဘောမျိုးလည်းဖြစ်လာနိုင်တော့ ဒီအပေါ်မှာ တိုင်းရင်းသားပါတီတွေရဲ့ စိုးရိမ်ချက်ကိုရော ကိုရန်မျိုးသိမ်း ဘယ်လိုများ တီးခေါက်မိသလဲ။

ဖြေ။ ။ “ဒီမွန်ပြည်နယ်ခရီးစဉ်က ၂၀၁၅ ရွေးကောက်ပွဲ အတော်လေး နီးကပ်နေတဲ့ အခြေအနေမှာ သွားတာဖြစ်တဲ့အခါကျတော့ မွန်တိုင်းရင်းသားပါတီတွေဘက်ကလည်း ဒီအပေါ်မှာ အဓိက စိုးရိမ်မှုရှိနိုင်တယ်လို့ ကျနော်က မြင်ပါတယ်။ အဲတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ပေါ့လေ တိုင်းရင်းသားပါတီတွေ၊ ဒေသခံ တိုင်းရင်းသား လူမျိုးစုပါတီတွေနဲ့ စနစ်တကျ ညှိနှိုင်းပြီးတော့ ရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ မြင်တယ်။ တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲပြီးတော့ ရွေးကောက်ပွဲကို ဝင်မှသာလျှင် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်ထောင်စုပါတီဆိုတဲ့ အသုံးအနှုန်းကိုက်ညီမယ်လို့ ကျနော်ကတော့ ယူဆပါတယ်ခင်ဗျ။”

မေး။ ။ ဟုတ်ကဲ့ခင်ဗျ သူ့ရဲ့မိန့်ခွန်းတရပ်မှာပဲ ဒီပြည်ထောင်စုပါတီဆိုပြီးတော့ သုံးနှုန်းထားတဲ့ဟာ တွေ့ရပါတယ်ခင်ဗျ။ ဒီအပေါ်မှာရော ပြည်ထောင်စုပါတီဖြစ်ပါတယ်ဆိုတဲ့ အယူအဆအပေါ်မှာရော ကိုရန်မျိုးသိမ်း ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ “ဒေါ်အောင်ဆန်းစုကြည်က ပြည်ထောင်စုပါတီလို့ ပြောပေမဲ့လို့ တိုင်းရင်းသား လူမျိုးစုတွေဘက်ကတော့ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အဲဒီအဆင့်ကို မရောက်သေးဘူးလို့ မြင်နေတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ တကယ်တမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်ထောင်စုပါတီစစ်စစ် ဖြစ်ဖို့ဆိုရင် ကျနော့်အမြင်ကတော့ တိုင်းရင်းသားဒေသတွေမှာရှိတဲ့ လူမျိုးစုအခြေပြု တိုင်းရင်းသားပါတီတွေနဲ့ ကျယ်ပြန့်တဲ့ မဟာမိတ် ကွန်ယက်တခုကို တည်ဆောက်နိုင်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ပြည်ထောင်စုပါတီ တိုင်းရင်းသားလူမျိုးစုအားလုံးကို ကိုယ်စားပြုတဲ့ပါတီ ဖြစ်လာမယ်လို့ ယူဆပါတယ်။ အဲဒီလိုပြင်ဆင်မှု ဆောင်ရွက်မှုတွေ မရှိဘဲနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ပြည်ထောင်စုပါတီပဲလို့ ပြောမယ်ဆိုရင်တော့ ဒါဟာ တိုင်းရင်းသားပါတီတွေဘက်ကလည်း လက်ခံနိုင်မယ်လို့ မထင်ပါဘူး။”

မေး။ ။ ဟုတ်ကဲ့ ဒါပေမဲ့ ကျနော်တို့ လေ့လာမိသလောက်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သူတို့ခေါင်းဆောင်ပိုင်းတွေ အပြောအရဆိုရင် သူတို့ နေရာတိုင်းမှာ ဝင်ပြိုင်မယ်၊ နေရာအားလုံး အနိုင်ရဖို့ ကြိုးစားမယ်၊ ဒါပေမဲ့ တိုင်းရင်းသားပါတီတွေနဲ့ ရွေးကောက်ပွဲအတွက်ပေါ့နော် မဟာမိတ်ပြုမယ့် လက္ခဏာတော့ မတွေ့ရသေးဘူးဗျ အခြေအနေက။

ဖြေ။ ။ “အဲဒီလို ၂၀၁၅ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေအကြား အကြိတ်အနယ် ယှဉ်ပြိုင်ကြရပြီဆိုရင် ၂၀၁၅ အလွန် နိုင်ငံရေးမှာလည်းပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တိုင်းရင်းသားပါတီတွေကြားမှာ နိုင်ငံရေးအရ အကြိတ်အခဲတွေ ဖြစ်လာနိုင်တဲ့ အနေအထားမျိုးတွေ ရှိနေတာကို တွေ့ရပါတယ်။ ကျနော့်အမြင်အားဖြင့်တော့ နိုင်ငံရေးအရ ပြည်သူလူထုကို မျက်နှာမူတဲ့ အကျိုးပြုမှု ဖြစ်မလာနိုင်ဘူးလို့ ကျနော်က မြင်ပါတယ်။ နောက်ပြီးတော့ တဘက်ကပြန်ကြည့်ရင်လည်း လွတ်လပ်ရေးရပြီးကတည်းက ရှိလာတဲ့ ကျနော်တို့ တိုင်းရင်းသားတွေနဲ့ကြားမှာ ယုံကြည်မှု၊ နားလည်မှု၊ ပျက်ယွင်းမှုတွေကို ပြန်ပြီးတော့ တည်ဆောက်တဲ့အပိုင်းမှာလည်းပဲ အားနည်းချက်တွေ ဖြစ်လာနိုင်တယ်လို့ ကျနော်က မြင်ပါတယ်။”

မေး။ ။ ဟုတ်ကဲ့ ကျနော် နောက်ဆုံးတခုမေးချင်တာက အခု မွန်ပြည်နယ်ခရီးစဉ်အတွင်းမှာ တိုင်းရင်းသားပြည်သူတွေ တော်တော်များများ ထွက်လာကြတယ်။ သူ့စည်းရုံးရေးခရီးစဉ်မှာ ထွက်ပြီးတော့ သူ့မိန့်ခွန်းပြောတာကို လာနားထောင်ကြတာ လူတော်တော်များများ တွေ့ရပါတယ်ခင်ဗျ။ တကယ်တမ်းပဲ ဒီထွက်လာတဲ့လူတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမာခံတွေ၊ ထောက်ခံတဲ့အင်အားစုတွေလို့ ပြောနိုင်လား။

ဖြေ။ ။ “ထွက်လာတဲ့လူအားလုံးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမာခံတွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူတွေလို့ ယတိပြတ်ပြောဖို့ကတော့ ခက်ပါတယ်ခင်ဗျ။ ဒါပေမဲ့ နိုင်ငံတဝှမ်းလုံးမှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးအဖြစ်အနေနဲ့ ထောက်ခံမှုကတော့ မြင့်မားနေဆဲပဲဆိုတာ ငြင်းလို့မရပါဘူးခင်ဗျ။”

XS
SM
MD
LG