သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးတွေ စီးပွားရေးနဲ့ ငြိမ်းချမ်းရေး မြှင့်တင်ဆောင်ရွက်ဖို့ ဒေါ်စု တိုက်တွန်း


ဒီနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့ ဆောင်ပုဒ်နဲ့အညီ မြန်မာအမျိုးသမီးတွေရဲ့ စီးပွားရေးစွမ်းဆောင်ရည်တွေ တိုးတက် မြင့်မားလာအောင် ကြိုးပမ်းကြဖို့နဲ့ ဒီလို ကြိုးပမ်းရာမှာ စိတ်ဓာတ်တွေ အဓိက ပြောင်းလဲ လုပ်ဆောင်သွားရမယ့်အကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော်မှာကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားမှာ ပြောသွားပါတယ်။

၂၀၃၀ ခုနှစ်အမီ ရည်မှန်းချက်ထားပြီး အမျိုးသားတွေနဲ့တန်းတူ အမျိုးသမီးတွေ လုပ်ငန်းခွင်မှာ နေရာရဖို့ အပြောင်းအလဲတွေ ဖော်ဆောင်ကြဖို့ ဆိုတဲ့ ဒီနှစ် နိုင်ငံတကာအမျိုးသမီးများနေ့ ဆောင်ပုဒ်အတိုင်း ရည်မှန်းချက် ပြည့်မီဖို့ကတော့ မြန်မာနိုင်ငံအနေနဲ့ အများကြီးကြိုးစားရဦးမယ်လို့ အမျိုးသမီးရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ မခင်ဖြူထွေးက တင်ပြထားပါတယ်။

ဒီနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့ရဲ့ ဆောင်ပုဒ်မှာ ၂၀၃၀ ခုနှစ်အမီ အမျိုးသမီးတွေကို အမျိုးသားတွေနဲ့ တန်းတူ ကမ္ဘာ့လုပ်ငန်းခွင်မှာ နေရာရလာတဲ့အထိ အပြောင်းအလဲတွေ ဖော်ဆောင်ဖို့ တိုက်တွန်းထားပါတယ်။ ဒီဆောင်ပုဒ်နဲ့အညီ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးတွေရဲ့ စီးပွားရေး စွမ်းဆောင်ရည်တွေ တိုးတက် မြင့်မားလာအောင် ကြိုးပမ်းကြဖို့နဲ့ ဒီလို ကြိုးပမ်းရာမှာ စိတ်ဓာတ်တွေကို အဓိက ပြင်ဆင်ဖို့ အရေးကြီးတယ်ဆိုတာကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းတဲ့အကြောင်း ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ညီမျှခြင်းမြန်မာအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

“ဒီနှစ်ကတော့ သူ့အနေနဲ့ အမျိုးသမီးတွေရဲ့ စီးပွားရေးစွမ်းဆောင်မှုကိစ္စမှာ အဲဒါကို အဓိကထား ပြောသွားပါတယ်။ အမျိုးသမီးတွေ စွမ်းဆောင်မှု မြှင့်တင်လာရင် တိုင်းပြည်ရဲ့ တိုးတက်မှုရှိလာမယ်။ တချိန်တည်းမှာ ငြိမ်းချမ်းရေးအတွက်လည်း အထောက်အကူဖြစ်မယ်ဆိုတဲ့ အကြောင်းအရာတွေ သူ ပြောသွားတယ်။ စီးပွားရေးစွမ်းဆောင်မှုလုပ်ပြီးတော့ လူမှုရေးကိစ္စတွေ လုပ်ဆောင်မယ်ဆိုရင် အတ္တနဲ့ ပရ ပူးပေါင်းပြီးလုပ်ဆောင်လို့ရှိရင် ဒါက တိုင်းပြည်အတွက် အကျိုးရှိတယ်ဆိုတဲ့အချက်။ နောက်တခုကတော့ အဓိက ဒါတွေက ပြောင်းလဲဖို့ လိုအပ်တယ်။ ဘယ်လိုမျိုး ပြောင်းလဲယူမလဲ။ ပြောင်းလဲဖို့က အဓိက စိတ်ဓာတ်ပဲဖြစ်တယ်။ စိတ်ဓာတ်တွေက အမျိုးသမီးတွေကိုယ်တိုင်လည်း ပြောင်းလဲဖို့ လိုအပ်သလို အမျိုးသားတွေဘက်ကလည်း ပြောင်းလဲဖို့ လိုအပ်တယ်။ အမျိုးသမီးတွေ ပါဝင်မှုကို ဦးစားပေးပေမဲ့ အမျိုးသားတွေရဲ့ ပါဝင်မှုကိုလည်း လျှော့မကျစေချင်ဘူးဆိုတဲ့ စကားကိုတော့ ရှင်းပြသွားတာ တွေ့ရတယ်။”

ဒီနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့ ဆောင်ပုဒ်နဲ့အညီ ရည်မှန်းချက်ပြည့်မီအောင် မြန်မာနိုင်ငံအနေနဲ့ လိုက်ပါဆောင်ရွက်နိုင်ဖို့ကတော့ အများကြီး ကြိုးစားရလိမ့်ဦးမယ်လို့ အမျိုးသမီးရေးလှုပ်ရှားမှုအဖွဲ့ Triangle Women က မခင်လေးက ပြောပါတယ်။

“ရည်မှန်းချက်ပြည့်မီဖို့ကတော့ ကျမတို့က လုပ်ဖို့ကတော့ တော်တော်လေးကိုမှ ကြိုးစားရမယ့် အနေအထားလို့ မြင်တယ်။ ဘာလို့လဲဆိုတော့ ကျမတို့က လူတွေက ညံ့လို့လားဆိုတော့ မဟုတ်ပါဘူး။ ကျမတို့ ဒီလူတွေ ကြိုးစားခွင့်၊ အရည်အချင်းကို ပြခွင့်၊ လုပ်ကိုင်နိုင်တဲ့ဥပဒေ ဒါတွေက ကျမတို့မှာ အဆင်သင့်ရှိမနေဘူးလေ။ အဆင်သင့်ရှိမနေတဲ့အခါကျတော့ ဒါတွေပါ အစအဆုံး အကုန်လုံး လုပ်ရမှာဖြစ်တဲ့အတွက် ဒီ ၁၃ နှစ်အတွင်းမှာ အမျိုးသမီးတွေအတွက် စီးပွားရေးဘာညာ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ဟာက တော်တော်လေးတော့ ခက်ခက်ခဲခဲဖြစ်ဦးမယ်လို့ ထင်တယ်။ တခု မျှော်လင့်ချက်ရှိတာကတော့ ဘယ်မှာမဆို လူက အဓိကပဲလေ။ လူက အဓိကပဲဖြစ်တဲ့အတွက် ကျမတို့မှာ ကြိုးစားချင်တဲ့ ပြင်းထန်လေလေ ဒီဟာကို ရဖို့ ပိုပြီးတော့ နီးစပ်လေလေ မြန်ဆန်လေလေလို့ပဲ ကျမကတော့ ယူဆပါတယ်။”

အစိုးရရဲ့ ပူးပေါင်းပါဝင်နဲ့ အမျိုးသား အမျိုးသမီး အားလုံးလက်တွဲပြီး တကယ်ပြောင်းလဲချင်စိတ်နဲ့ အပြောင်းအလဲကို ဖော်ဆောင်ရမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင်တော့ ရည်မှန်းချက်အတိုင်း ပြောင်းလဲဖို့ဆိုတာ မလွယ်ဘူးလို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“သိပ်တော့ မလွယ်ဘူးခင်ဗျ။ ဖြစ်တော့ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ဘယ်လောက်အထိ လုပ်နိုင်မလဲ။ အစိုးရက ဘယ်လောက်အထိ ပူးပေါင်းမလဲ။ လူတွေကရော ဘယ်လိုပြောင်းကြမလဲ။ ပြောင်းတဲ့နေရာမှာ အမျိုးသမီးတွေကိုယ်တိုင်ကလည်း စွမ်းအားမြှင့်တင်ဖို့ လိုအပ်သလို၊ အမျိုးသားတွေဘက်ကလည်း ဒီအချက်တွေကို နားလည်၊ လက်ခံ သဘောပေါက်ပြီးတော့ ၀ိုင်းဝန်းကူညီဖို့ အမျိုးသားတွေဘက်ကလည်း ပြောင်းလဲဖို့ လိုအပ်နေတုန်းပါပဲ။”

ဗုဒ္ဓဟူးနေ့က နေပြည်တော်မှာ ကျင်းပတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကိုတော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနက ကြီးမှူးကျင်းပခဲ့တာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောခဲ့ သလို လူကယ်ပြန် ၀န်ကြီးလည်း တက်ရောက် စကားပြောပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအ၀င် အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေ ပပျောက်စေဖို့အတွက် ဥပဒေတွေ ပေါ်ပေါက်လာအောင် ၀န်ကြီးဌာနအနေနဲ့ ဘာတွေ လုပ်ဆောင်နေတယ် ဆိုတာနဲ့ အမျိုးသမီးတွေရဲ့ ဘ၀ မြှင်တင်နိုင်ဖို့အတွက် အမျိုးသားအဆင့် စီမံကိန်းတွေ ချမှတ် လုပ်ဆောင်နေတာ အပါအ၀င် ၀န်ကြီးဌာနရဲ့ အမျိုးသမီးရေးရာ ဆောင်ရွက်ချက်တွေကိုတော့ လူကယ်ပြန် ၀န်ကြီးက ပြောသွားပါတယ်။ အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ ခွဲခြားဆက်ဆံမှုတွေ အပါအ၀င် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေ ပပျောက်စေရေး အတွက် အသိပညာပေး ဆွေးနွေးပွဲတွေ၊ စာအုပ်မိတ်ဆက် အခမ်းအနားတွေကိုလည်း မနေ့က ကျင်းပခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG