သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ အမျိုးသမီးများနေ့ ကမ္ဘာတဝှမ်း ဆင်နွှဲ


မတ်လ ၈ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ လှုပ်ရှားမှုတရပ်အနေနဲ့ အမေရိကန်ပြည်ထောင်စုတလွှား ထောင်ပေါင်းများစွာ သော အမျိုးသမီးတွေဟာ စီးပွားရေးမှာ သူတို့ရဲ့ အရေးပါမှုကို ပြသဖို့အတွက် ဗုဒ္ဓဟူးနေ့က အလုပ်မဆင်းဘဲ ခွင့်ယူခဲ့ကြသလို - “A Day Without a Woman - အမျိုးသမီးမပါတဲ့ တနေ့တာ” လို့ အမည်ပေးထားတဲ့ လှုပ်ရှားမှုမှာ ပါဝင်ဖို့အတွက်လည်း ဆရာ၊ ဆရာမတွေက ခွင့်ယူခဲ့ကြတာကြောင့် အမေရိကန်အစိုးရကျောင်း တော်တော်များများ ပိတ်ခဲ့ရတာပါ။

ဝါရှင်တန်ဒီစီမှာတော့ - သမ္မတအိမ်ဖြူတော်ကို ချီတက်ဆန္ဒပြခဲ့ကြသူတွေက - ပဋိသေန္ဓဖျက်ချမှုမှာ အထောက်အပံ့ အဖြစ် သုံးစွဲနေတဲ့ အမေရိကန်နိုင်ငံခြားအကူငွေကို ဖြတ်တောက်တဲ့ ဆယ်စုနှစ်ပေါင်းများစွာက မူဝါဒဟောင်းကို သမ္မတ Trump က ပြန်လည် အသက်သွင်းခဲ့ တဲ့အပေါ် ရှုတ်ချတဲ့ ဆောင်ပုဒ်တွေကို ကြွေးကြော်ခဲ့ကြပါတယ်။

ကွန်ဂရက်လွှတ်တော် အဆောက်အအုံပြင်ပမှာလည်း - လူနည်းစုခေါင်းဆောင် Nancy Pelosi ဦးဆောင်ပြီး ဒီမိုကရက်အောက်လွှတ်တော် အမတ်တွေ ပြုလုပ်တဲ့ လူထုစုဝေးပွဲကို ဆန္ဒပြသူ ၁၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့သလို၊ နယူးယောက်မြို့မှာလည်း - အမျိုးသမီးရေးလှုပ်ရှားမှုကို ဦးဆောင်သူတွေက - အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေမှာ အရေးပါတဲ့ နေရာ တော်တော်များများကို ဖြတ်ပြီး ချီတက်လမ်းလျှောက် ဆန္ဒပြခဲ့ကြ ပါတယ်။ သမ္မတ Donald Trump ကတော့ - ကုလသမဂ္ဂ က အသိအမှတ်ပြုထားတဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ ဆင်နွှဲမှုကို ထောက်ခံကြောင်း ဗုဒ္ဓဟူးနေ့က Twitter လူမှုကွန်ယက်မှာ ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ် သူ့ရဲ့ သဝဏ်လွှာမှာ - အမျိုးသမီး အခွင့်အရေးဟာ လူ့အခွင့်အရေး ဖြစ်ပေမဲ့လည်း၊ ပြဿနာတွေ ကြုံနေရတဲ့ အခုလိုအချိန်အခါမျိုးမှာ ကျမ(ကျနော်) တို့ရဲ့ ကမ္ဘာကြီးဟာလည်း ပိုပြီးမှန်းဆရ ခက်ခဲလာနေပြီး၊ ဖရိုဖရဲဖြစ်နေတာကြောင့် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေရဲ့ အခွင့်အရေးတွေဟာလည်း လျော့ပါးလာတာ၊ ကန့်သတ်ခံရတာ၊ ပြန်လည်ရုပ်သိမ်းတာတွေ ခံနေရတယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို စွမ်းရည်မြှင့်တင်ခြင်းအားဖြင့်သာ သူတို့ အခွင့်အရေးကို အကာအကွယ်ပေးနိုင်မှာ ဖြစ်သလို၊ သူတို့ရဲ့ အစွမ်းအစကိုလည်း နားလည်သဘောပေါက်နိုင်မှာ ဖြစ်ပါတယ်။

ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာ ရောက်ရှိနေတဲ့ အတွင်းရေးမှူးချုပ် Guterres က အမျိုးသမီးနိုင်ငံရေးသမားတွေနဲ့ အမျိုးသမီး ဘောလုံးသမားတွေနဲ့ တွေ့ဆုံခဲ့ပြီး - ဗုဒ္ဓဟူးနေ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ကင်ညာနိုင်ငံရဲ့ သမ္မတကတော်နဲ့အတူ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး လှုပ်ရှားမှုကို စတင်ခဲ့ပါတယ်။ ဒါ့အပြင် အတွင်းရေးမှူးချုပ် Guterres က - အမျိုးသမီးတွေကို ကြီးမားတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အခွင့် အာဏာတွေ ပေးအပ်ဖို့၊ အထူးသဖြင့် အစွန်းရောက်တွေက အမျိုးသမီးတွေကို အဓမ္မ ပေါင်းသင်းမှုနဲ့ လိင်ကျွန်ပြုမှုတွေလို ကမ္ဘာတဝှမ်း အမျိုးသမီးတွေ ပစ်ပယ်ခံနေရတာကို လက်မခံကြောင်း ပြောဆိုဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာလည်း “Be bold for Change - ပြောင်းလဲဖို့အတွက် ရဲရင့်စို့” - ဆိုတဲ့ ဆောင်ပုဒ်နဲ့ မနေ့ကကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့ လှုပ်ရှားမှုတွေကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စတဲ့ မြို့ကြီးတွေ အပါအဝင် တခြားမြို့တွေမှာ ကျင်းပခဲ့ကြပြီး၊ မြန်မာအမျိုးသမီးတွေအနေနဲ့ အဓမ္မပြုကျင့်ခံရမှုနဲ့ အကြမ်းဖက်မှုတွေကို ပုံစံအမျိုးမျိုးနဲ့ ရင်ဆိုင်နေကြရဆဲ ဖြစ်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောဆိုကြပါတယ်။ ဒီအခြေအနေတွေအတွက် ထိရောက်တဲ့ ဥပဒေရဲ့ အကာကွယ်ပေးမှု မရတာဟာ အမျိုးသမီးရေး ဆောင်ရွက်မှုတွေမှာ အဓိက စိန်ခေါ်မှုဖြစ်တယ်လို့ လည်း ထောက်ပြခဲ့တာပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ အမျိုးသမီးတွေအနေနဲ့ အခွင့်အရေးတောင်းဆိုရုံတင်မက ဘဲ တာဝန်ယူမှုကိုပါ အခွင့်အရေးတရပ်အဖြစ် ရှုမြင်ကြဖို့ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲ တိုက်တွန်းခဲ့ပါတယ်။ မြန်မာ့အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာတော့ ကျေးရွာကောင်စီဥက္ကဌ အမျိုးသမီးတွေဟာ - သမီးမိန်းကလေးသန္ဓေသားတွေကို ဖျက်ချတဲ့ အန္တရာယ် အဆုံးသတ်ရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နိုင်ကြောင်း - ဝန်ကြီးချုပ် နရင်ဒြာ မိုဒီ က မတ်လ ၈ နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG