သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

D-Day နှစ် ၈၀ ပြည့်အခမ်းအနား ပြင်သစ် Normandy ကမ်းခြေမှာ ကျင်းပ


 D-Day ကမ်းတက်တိုက်ပွဲနေ့ အနှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနား (ဇွန် ၆၊ ၂၀၂၄)
D-Day ကမ်းတက်တိုက်ပွဲနေ့ အနှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနား (ဇွန် ၆၊ ၂၀၂၄)

ဒုတိယကမ္ဘာစစ်တုန်းက အနောက်ဥရောပမှာ နာဇီဂျာမနီတွေရဲ့ ကျူးကျော်သိမ်းပိုက်မှု အဆုံးသတ်စေခဲ့တဲ့ D-Day ကမ်းတက်တိုက်ပွဲနေ့ အနှစ် ၈၀ ပြည့်အထိမ်းအမှတ် အခမ်းအနားတွေကို ပြင်သစ်နိုင်ငံမြောက်ပိုင်း Normandy ကမ်းခြေတွေမှာ ဒီနေ့ကျင်းပပါတယ်။ Colleville-sur-Mer (ကော်လဗွီး ဆိုမဲ) ကမ်းခြေက အမေရိကန်ကျဆုံးစစ်သည်တွေအတွက် အထိန်းအမှတ်လုပ်ထားတဲ့ Normandy အမေရိကန်စစ်သင်္ချိုင်းမှာ ကျင်းပတဲ့ အခမ်းအနားမှာ အမေရိကန်သမ္မတ Joe Biden က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

"အသက်ဆုံးရှုံးနိုင်တယ်ဆိုတာကို သိရက်နဲ့ ရဲရဲဝံ့ဝံ့ စစ်ဆင်ရေးမှာ ပါဝင်ခဲ့ကြတဲ့အတွက် နော်မန်ဒီမှာ တိုက်ခိုက်ခဲ့ကြသူတွေဟာ သူရဲကောင်းတွေ ဖြစ်လာခဲ့ကြတယ်" လို့ သမ္မတ Biden ကပြောကြားသွားတာဖြစ်ပါတယ်။

လွတ်လပ်မှု၊ ဒီမိုကရေစီ၊ အမေရိကန်နဲ့ ကမ္ဘာကြီးအတွက် သူတို့တိုက်ပွဲဝင်ရတဲ့ အရာဟာ သူတို့အသက်နဲ့ လဲရလောက်အောင် ထိုက်တန်တယ်ဆိုတာကို သိခဲ့ကြတဲ့ သူရဲကောင်းတွေ ဖြစ်ကြတယ်လို့ ဂုဏ်ပြုပြောကြားခဲ့ပါတယ်။ ၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့က Normandy ဒေသ ပင်လယ်ကမ်းခြေ ၅ ခုကို မဟာမိတ်တပ်တွေ ရေကြောင်း လေကြောင်းကနေ ဝင်‌ရောက်ပြီး နာဇီဂျာမနီတွေကို ထိုးစစ်ဆင်ခဲ့မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့ကြတဲ့ စစ်မှုထမ်းဟောင်းကြီးတွေ တက်ရောက်တဲ့ အခမ်းအနားတွေကို ပြင်သစ်နဲ့ ဗြိတိန်နိုင်ငံတွေမှာ ဒီနေ့ကျင်းပခဲ့တာပါ။

Normandy ကမ်းခြေတွေမှာ ကျင်းပခဲ့တဲ့ အခမ်းအနားတွေမှာ အသက်ရှင်ကျန်ရစ်တဲ့ ပြင်သစ်၊ အမေရိကန်၊ ဗြိတိန်နိုင်ငံတွေက စစ်သည်ဟောင်းကြီးတွေကို ပြင်သစ်သမ္မတ Emmanuel Macron က ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုဖြစ်တဲ့ Légion d'honneur ဂုဏ်ပြုဆုတံဆိပ်တွေ ပေးအပ်ခဲ့ပါတယ်။

အာဏာရှင်တွေကို ဆန့်ကျင်ဖို့ လွတ်လပ်တဲ့ နိုင်ငံတွေအတူရပ်တည်ကြရမယ်လို့ Normandy ကမ်းခြေတခုဖြစ်တဲ့ Ver-sur-Mer (ဗဲဆိုမဲ) ကမ်းခြေက ဗြိတိန်ကျဆုံးစစ်သည်များ အထိမ်းအမှတ်နေရာမှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ ဗြိတိန်ရဲ့ တတိယမြောက် Charles ဘုရင်က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

ဗြိတိန်၊ အမေရိကန်နဲ့ ကနေဒါ တပ်ဖွဲ့ဝင်တွေ အဓိကပါဝင်ပြီး D-Day ကမ်းတက်ထိုးစစ် စတင်တဲ့ နေ့မှာ မဟာမိတ်တပ်ဖွဲ့ဝင်ပေါင်း ၄ ထောင့် ၄ ရာကျော် သေဆုံးခဲ့ပါတယ်။ အဲဒီထိုးစစ်ဆင်မှုကြောင့် နာဇီဂျာမနီတွေရဲ့ လက်ကနေ ပြင်သစ်အပါအဝင် အနောက်ဥရောပနိုင်ငံတွေ လွတ်မြောက်ပြီး ဒုတိယကမ္ဘာစစ် အဆုံးသတ်ခဲ့ရပါတယ်။

ပြင်သစ်နိုင်ငံမှာ ဒီနေ့ကျင်းပတဲ့ အထိမ်းအမှတ် အခမ်းအနားတွေမှာ နိုင်ငံပေါင်း ၂၀ ကျော်က သမ္မတတွေ ဝန်ကြီးချုပ်တွေ တက်ရောက်ကြပေမဲ့ ရုရှားသမ္မတ Vladimir Putin ကို ပြင်သစ်နိုင်ငံက ဖိတ်ကြားခြင်းမရှိပါဘူး။ ဒါပေမဲ့ ရုရှားကျူးကျော်စစ်ကို ခုခံနေရတဲ့ ယူကရိန်းသမ္မ Volodymyr Zelensky ကိုဖိတ်ကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG