သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

D-Day အထိမ်းအမှတ်တက်ဖို့ ကန်သမ္မတ ပြင်သစ်ရောက်ရှိ


နှစ် (၈၀) ပြည့် D-Day အခမ်းအနားတက်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် Orly လေဆိပ်ကနေ ပြင်သစ်ဂုဏ်ပြုတပ်ဖွဲ့ရှိရာသို့ လျှောက်လာစဥ်။ (ဇွန် ၆၊ ၂၀၂၄)
နှစ် (၈၀) ပြည့် D-Day အခမ်းအနားတက်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် Orly လေဆိပ်ကနေ ပြင်သစ်ဂုဏ်ပြုတပ်ဖွဲ့ရှိရာသို့ လျှောက်လာစဥ်။ (ဇွန် ၆၊ ၂၀၂၄)

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဥရောပစစ်ပွဲ အဆုံးသတ်ရာမှာ အရေးပါတဲ့ D-Day လို့ လူသိများတဲ့ နော်မန်ဒီကမ်းခြေထိုးစစ် နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်ဖို့ အတွက် ပြင်သစ် နိုင်ငံ ပါရီ မြို့တော်ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိသွားပါတယ်။

“နော်မန်ဒီ D-Day ကမ်းတက်ထိုးစစ်ကြီး အပြီး အနှစ် ရှစ်ဆယ်ကြာတဲ့အချိန်မှာ အာဏာရှင်တွေဟာ ဥရောပတိုက်ကို တခါ ထပ်ပြီး သိမ်းပိုက်ဖို့ ကြိုးစားနေတာကို တွေ့နေရပြီး လွတ်လပ်မှုကို မြတ်နိုးတဲ့နိုင်ငံတွေဟာ ဒါကို ဆန့်ကျင်ဖို့ လိုအပ်ကြောင်း” အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလဗန် (Jake Sullivan) က ပြင်သစ်နိုင်ငံကို ဘိုင်ဒန် သွားရောက်တဲ့ သမ္မတလေယာဥ် Air Force One ပေါ်မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒီပြင်သစ်ခရီးစဥ်း အတွင်းမှာ သမ္မတ ဘိုင်ဒန်ဟာ ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇယ်လန်းစကီးနဲ့ တွေ့ဆုံဖို့ ရှိကြောင်း ဆူလဗန်က အတည်ပြုပြီး ယူကရိန်းအတွက် အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုတွေ ဘယ်လို ထိထိရောက်ရောက်နဲ့ ပေးနိုင်ရေး ကိစ္စရပ်တွေကို ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ဘိုင်ဒန်ရဲ့ ခရီးစဥ်ဟာ ယူကရိန်း ကျူးကျော်စစ်ပွဲမှာ အခု လတ်တလော အသာစီး ပြန်ရလာတဲ့ ရုရှားကို တန်ပြန်နိုင်ဖို့ အနောက် မဟာမိတ်နိုင်ငံတွေက ဘယ်လို စစ်ရေးပံ့ပိုးကူညီမလဲဆိုပြီး နည်းလမ်းရှာနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။ ဒီခရီးစဥ်အတွင်းမှာ ဘိုင်ဒန်ဟာ ဥရောပက မဟာမိတ်နိုင်ငံတွေကို အမေရိကန်ပြည်ထောင်စုရဲ့ ကတိကဝတ်တွေ ခိုင်ခိုင်မာမာ ရှိနေဆဲ ဖြစ်ကြောင်း ပြသရဖို့လည်း ရှိတယ်လို့ လေ့လာသူတွေက ယူဆထားကြပါတယ်။ အထူးသဖြင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်က နေတိုး မဟာမိတ်နိုင်ငံတွေအပေါ် မေးခွန်းထုတ်တာတွေ ရှိနေလို့ ရှေ့လမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာသာ သူ တကျော့ပြန် အာဏာရလာခဲ့ရင် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံတွေ အပေါ် ထားတဲ့ သဘောထားတွေေ ပြောင်းလဲမှာကို စိုးရိမ်နေကြတာ ဖြစ်ပါတယ်။

ဒီခရီးစဥ် အတွင်းမှာ ဘိုင်ဒန်ဟာ ကြာသပတေးနေ့မှာ နော်မန်ဒီ ကမ်းခြေအနီးမှာရှိတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အမေရိကန် ကျဆုံးစစ်သည်တွေရဲ့ အထိမ်းအမှတ် သင်္ချိုင်း နေရာကို သွားဖို့ ရှိပါတယ်။ သောကြာနေ့မှာတော့ သမ္မတ ဘိုင်ဒန်ဟာ နာဇီ ဂျာမနီ တပ်တွေကို အမေရိကန် ရိန်းဂျားတပ်တွေ အနိုင်ယူနိုင်ခဲ့တဲ့ Pointe du Hoc ပင်လယ်ကမ်းခြေမှာ မိန့်ခွန်းပြောဖို့ စီစဥ်ထားပါတယ်။ စနေနေ့မှာတော့ သမ္မတ ဘိုင်ဒန်နဲ့ သမ္မတ ကတော် ဒေါက်တာဂျေးလ် ဘိုင်ဒန်တို့ကို ပါရီမြို့တော်မှာ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ကရွန် (Emmanuel Macron) က ဂုဏ်ပြုတပ်ဖွဲ့နဲ့ အလေးပြု ကြိုဆိုတာ အပါအဝင် နိုင်ငံတော်ခရီးစဉ် အဖြစ် ဂုဏ်ပြုမှာ ဖြစ်ပြီး အဲဒီနောက်မှာ ခေါင်းဆောင်နှစ်ဦးဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမို အားကောင်းလာစေရေး ဆွေးနွေးကြဖို့ ရှိတယ်လို့ တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG