သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

D-Day ကမ်းတက်တိုက်ပွဲ ၇၅ နှစ်ပြည့် သမ္မတ Trump တက်ရောက်


D-Day ကမ်းတက်တိုက်ပွဲ ၇၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ တွေ့ရတဲ့ အမေရိကန် သမ္မတ Donald Trump (ဇွန်၊ ၀၅၊ ၂၀၁၉)
D-Day ကမ်းတက်တိုက်ပွဲ ၇၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားမှာ တွေ့ရတဲ့ အမေရိကန် သမ္မတ Donald Trump (ဇွန်၊ ၀၅၊ ၂၀၁၉)

ဗြိတိန်နိုင်ငံတောင်ပိုင်း၊ Portsmouth ဆိပ်ကမ်းမြို့မှာ ဒီကနေ့ကျင်းပတဲ့ D-Day ကမ်းတက်တိုက်ပွဲ ၇၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားကို ဗြိတိန်ဝန်ကြီးချုပ် Theresa May၊ ကနေဒါဝန်ကြီးချုပ် Justin Trudeau၊ ဂျာမန်ဝန်ကြီးချုပ် Angela Merkel တို့နဲ့အတူ အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်လည်း တက်ရောက်ပါတယ်။

အခမ်းအနား အစီအစဉ်တွေထဲမှာ ဂီတသရုပ်ဖော်ဖျော်ဖြေတာ၊ သမိုင်းမှတ်တမ်းတွေကို ဖတ်ကြားတာတွေအပြင် ၁၉၄၄ ခုနှစ် D-Day ကမ်းတက်တိုက်ပွဲအစမှာ အဲဒီအချိန် အမေရိကန်သမ္မတ Franklin Roosevelt ရေဒီယိုကနေ ပြောခဲ့တဲ့ ဆုတောင်းစကားကို သမ္မတထရမ့်ပ်က ပြန်ရွတ်ပြတာလည်း ပါဝင်ပါတယ်။

ဒီစစ်ဆင်ရေးကြီးမှာ ပါဝင်တဲ့ သမိုင်းဝင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အထူးဖော်ပြထားတဲ့ ကြေညာချက်တခုကို ဝန်ကြီးချုပ် May ရဲ့ ရုံးက ထုတ်ပြန်ပါတယ်။ အဲဒီအချိန်က နာဇီဂျာမနီကို တိုက်ခိုက်ဖို့အတွက် ပြင်သစ်နိုင်ငံ၊ နော်မန်ဒီကမ်းခြေ အင်္ဂလိပ် တူးမြောင်းတလျှောက် မဟာမိတ်တပ်တွေ ကမ်းတက် ထိုးစစ်ဆင်ခဲ့ကြတာပါ။

သမ္မတထရမ့်ပ်ရဲ့ ဒီကနေ့ အစီအစဉ်တွေထဲမှာ အမေရိကန်တပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံတာလည်း ပါဝင်ပြီး အဲဒီနောက်မှာတော့ အိုင်ယာလန်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး ဝန်ကြီးချုပ် Leo Varadkar နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဥရောပသမဂ္ဂ EU ထဲကနေ ထွက်ခွာရေး Brexit အစီအစဉ်အတွက် ဗြိတိန်နိုင်ငံ ပြင်ဆင်နေချိန်မှာ သမ္မတထရမ့်ပ်က အမေရိကန် ပြည်ထောင်စုဟာ ဗြိတိန်နိုင်ငံနဲ့ သိပ်ကောင်းတဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်တခု ရအောင်လုပ်ဖို့ အခိုင်အမာ ရှိနေတယ်လို့ ဒီခရီးစဉ်အတွင်း ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG