အင်းစိန်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ ရွှေဝါရောင် ဆရာတော် နတ်ဇောလို့လူသိများတဲ့ အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီက အမှု ၂ မှုနဲ့ ထပ်မံတရားစွဲဆိုလိုက်တယ်လို့ တရားရေးနဲ့ နီးစပ်သူတွေက VOA ကို ပြောပါတယ်။ အခုထပ်စွဲတဲ့ အမှုနဲ့ဆိုရင် ဆရာတော် ဦးပညာဇောတအပေါ် စွဲဆိုထားတဲ့ပုဒ်မ ၄ မှုရှိပြီဖြစ်ပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။
ရွှေဝါရောင်ဆရာတော် နတ်ဇောလို့လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီက ရန်ကုန်မြို့ စော်ဘွားကြီးကုန်းမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ သူ့ကို စစ်တပ်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ကနဲ့ လဝကအက်ဥပဒေ တို့နဲ့ တရားစွဲဆိုထားရာကနေ အခုတခါမှာတော့ မင်္ဂလာဒုံ ခရိုင်တရားရုံး ကနေပြီးတော့ နောက်ထပ် အမှု ၂ မှုထပ်စွဲခဲ့တာပါ။ ထပ်စွဲလိုက်တဲ့ပုဒ်မ ၂ခုက တော့ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေလို့ နာမည်ကြီးတဲ့ ၅၀(ည)နဲ့ ၅၂(က) တို့ ဖြစ်ပါတယ်။
ပုဒ်မ ၅၀(ည) ဆိုတာက စစ်ကောင်စီက အကြမ်းဖက်အဖွဲ့တွေလို့ပြောထားတဲ့ အဖွဲ့တွေကို အစားအသောက်ဆေးဝါး၊ ငွေကြေးထောက်ပံ့တာ အဲဒီအဖွဲ့တွေလှုပ်ရှားမှုကို လူမှုကွန်ယက်မှာ အားပေးတာ မျှဝေတာ ပုံစံတမျိုးမျိုးနဲ့ ထောက်ခံတာ၊ ထောက်ပံ့တာတွေတွေ့ရင် စွဲဆိုတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားတယ်ဆိုပြီး သတ်မှတ်ခံရရင် အနည်းဆုံးထောင်ဒဏ် ၁၀နှစ်ကနေ အများဆုံးထောင်ဒဏ် တသက် ဒါမှမဟုတ် ငွေဒဏ် ဒါမှမဟုတ် ဒဏ် ၂ရပ်လုံးချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။ ပုဒ်မ ၅၂ (က) ကတော့ စစ်ကောင်စီက အကြမ်းဖက် အဖွဲ့အဖြစ် သတ် မှတ် ထားတဲ့ အဖွဲ့အစည်းတခုခုရဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးတာ၊ အကြမ်းဖက်ဆိုင်ရာ လုပ်ငန်းတွေကို တာဝန်ယူ လုပ်ကိုင်ပေးတာတွေ ပြုလုပ်တဲ့အခါ တရားစွဲဆိုနိုင်တဲ့ ပုဒ်မဖြစ်ပြီး ထောင်ဒဏ် ၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။
ဆရာတော် နတ်ဇောကို ကနဦးစွဲဆိုထားတဲ့ စစ်တပ်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ကနဲ့ လဝကအက် ဥပဒေ တို့နဲ့စွဲဆိုထားတဲ့ အမှုတွေကိုတော့ အင်းစိန်ထောင်ထဲက အထူးတရားရုံးမှာ အပတ်စဉ်တနင်္လာနေ့တိုင်း အမှုရုံးချိန်းစစ်လျက်ရှိပါတယ်။ မနေ့ကရုံးချိန်းမှာတော့ တရားလို၊ တရားလိုသက်သေတွေ လာရောက်ထွက်ဆိုကြတယ်လို့ ပြောပါတယ်။
အခုထပ်စွဲတဲ့အမှုတွေကိုတော့ ခရိုင်တရားရုံးကို ရုံးထုတ်စစ်ဆေးမလား၊ရုံးထုတ်စစ်ဆေးတာမလုပ်ဘဲ ဗီဒီယိုကောနဲ့ ခေါ်ယူအမှုစစ်မလားဆိုတာ အတိအကျ မသိရသေးပါဘူး။ ဆရာတော် ဦးပညာဇောတ အပေါ် နောက်ထပ် စွဲဆိုထားတဲ့ အမှုတွေကို လာမယ့် ဇန်နဝါရီ ၂၈ ရက်နေ့မှာ ထပ်စစ်မယ့်အကြောင်းလည်း တရားရေးနဲ့ နီးစပ်တဲ့ သတင်းရပ်ကွက်က VOA ကို ပြောဆိုပါတယ်။
လက်ရှိ ဦးဇင်းနတ်ဇောရဲ့ကျန်းမာရေး ကောင်းမွန်လျက်ရှိနေတယ်လို့ တရားရေးနဲ့ နီးစပ်သူတွက ပြောပါတယ်။ လက်ရှိအမှုအခြေအနေ အသေးစိတ်နဲ့ အမှုကို ဘယ်သူက တာဝန်ယူ လိုက်ပါ ဆောင်ရွက်ပေးသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။
ဆရာတော် ဦးပညာဇောတ (နတ်ဇော)ဟာ အမေရိကန်နိုင်ငံသား ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြန်မာသံရုံးကနေ တရားဝင် ဗီဇာလျှောက်ထားပြီး မြန်မာနိုင်ငံကိုကြွရောက်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်အတွင်း သိမ်ကျောင်းတော်တခု ဆောက်လုပ်လှူဒါန်းတဲ့ ပန္နက်တင်မင်္ဂလာပွဲအခမ်းအနားအတွက် မြန်မာနိုင်ငံကို သွားရောက်ခဲ့တာပါ။
အခုအချိန်အထိ ဆရာတော်ဦးပညာဇောတကို ဘာကြောင့်ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ ဘာကြောင့် တရားစွဲပုသလဲဆိုတာကို စစ်ကောင်စီ ဘက်က တရားဝင် သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ တရားလွှတ်တော် ရှေ့နေတဦးကတော့ စစ်ကောင်စီလက်အောက်မှာ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေဖန်တာမျိုး၊ စာတွေပြန်ပြီး ဖြန့်တာမျိုးတွေတွေကြောင့် လူတော်တော်များများ ဖမ်းဆီးအရေးယူခံနေရပြီး ပုဂ္ဂလိက လွတ်လပ်ခွင့်အားလုံးကို ပိတ်ပင်ထားတဲ့အကြောင်း သုံးသပ်ပြောဆိုပါတယ်။
"ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခြေခံမှုုပြဌာန်းချက်တွေရှိတယ်။ ဒါတွေကိုကြည့်ပြီး အရင် NLD အစိုးရလက်ထက်မှာ နိုင်ငံသားများရဲ့ ပုဂ္ဂလိက လုံခြုံမှုနဲ့ပုဂ္ဂလိက လွတ်လပ်မှုကာကွယ်ရေးဥပဒေဆိုတာ ၂၀၁၆ မှာပြဌာန်းခဲ့တယ်။ နစကအစိုးရတက်လာတဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ အဲနိုင်လွတ်လုံဥပဒေတွေထဲက အရေးကြီးတဲ့ပုဒ်မတွေထဲကနိုင်ငံသားအခွင့်အရေးကိုကာကွယ်ပေးထား တဲ့ဥပဒေတွေကိုယာယီ ရပ်ဆိုင်းလိုက်တယ်ဆိုကတည်းကနိုင်ငံသားတွေရဲ့ ပုဂ္ဂလိက လုံခြုံမှု လွတ်လပ်မှုကို ထည့်သွင်းမစဉ်းစားတော့ ဘူး အခုကြုံနေရတဲ့အနေအထားကအဲအနေအထားဘဲ။ နိုင်ငံရဲ့တည်ငြိမ်လုံခြုံမှုကောပုဂ္ဂလိကလုံခြုံမှုကော လွတ်လပ်ခွင့်ကော အားလုံး ဘာမှမရှိတော့တဲ့အနေအထားဖြစ်နေတယ်လို့ဘဲ သုံးသပ်လို့ရပါတယ်။"
ဆရာတော် ဦးပညာဇောဟာ ၁၉၉ဝ ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း သပိတ်ကံဆောင်ပွဲမှာတစ်ကြိမ်၊ ၁၉၉၈ခုနှစ်မှာ တစ်ကြိမ် နိုင်ငံရေးလှုပ် ရှား မှု နဲ့ ထောင်ဒဏ်နှစ်ရှည် ၂ ကြိမ် ချခံခဲ့ရဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ် ရှားမှုမှာ ဦးဆောင်ဆရာတော်နတ်ဇောအဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုမှာ အခြေချသီတင်းသုံးနေတာလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကာလကစလို့ အမေရိကန်ပြည်ထောင်စုဘက်က အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံတွင်း ခရီးသွားလာမှုနဲ့ပတ်သက်လို့ လုံခြုံရေးအထူးသတိပေးကြေညာချက်တွေထုတ်ပြန်ပြီး သတိပေးထားပါတယ်။
Forum