အင်းစိန်ထောင်မှာ ထိန်းသိမ်းခံနေရတဲ့ ရွှေဝါရောင်ဆရာတော် နတ်ဇောလို့လူသိများတဲ့ အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို အပတ်စဉ် တနင်္လာနေ့တိုင်း အင်းစိန်ထောင်ထဲက အထူးတရားရုံးမှာ အမှုချိန်း သတ်မှတ်ထားတဲ့အကြောင်းနဲ့ ထောင်ထဲမှာ ကျန်းကျန်းမာမာ ရှိတဲ့အကြောင်း နီးစပ်တဲ့သူတဦးက VOA ကို ပြောပါတယ်။ ဒီအတောအတွင်း သာယာဝတီထောင်မှာတော့ နိုင်ငံရေးအကျဉ်းသား တဦး ရုတ်တရက်သေဆုံးသွားပါတယ်။ ရန်ကုန်က သတင်းပေးပို့ထားတာကို တင်ပြပါ့မယ်။
ရွှေဝါရောင်ဆရာတော် နတ်ဇောလို့လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီက ရန်ကုန်မြို့ စော်ဘွားကြီးကုန်းမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ သူ့ကို စစ်တပ်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ကနဲ့ လဝကအက် ဥပဒေ တို့နဲ့ တရားစွဲဆိုထားပါတယ်။ အင်းစိန်ထောင်ထဲက အထူးတရားရုံးမှာ အပတ်စဉ်တနင်္လာနေ့တိုင်း အမှုရုံးချိန်းဖြစ်ပေမယ့် သေသေချာချာ စစ်ဆေးတာမျိုးတွေတော့ မစသေးဘူးလို့ အမည်မဖေါ်လိုတဲ့ နီးစပ်တဲ့ သူတယောက်က VOA ကို ပြောပါတယ်။
ဦးဇင်းနတ်ဇောရဲ့ကျန်းမာရေး ကောင်းမွန်တဲ့အကြောင်း ပြောပေမဲ့ အမှုအခြေအနေနဲ့ ဘယ်သူက တာဝန်ယူ လိုက်ပါ ဆောင်ရွက်ပေးသလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ဗွီအိုအေအနေနဲ့ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။
ဆရာတော် ဦးပညာဇောတ (နတ်ဇော)ဟာ အမေရိကန်နိုင်ငံသား ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြန်မာသံရုံးကနေ တရားဝင် ဗီဇာလျှောက်ထားပြီး မြန်မာနိုင်ငံကိုကြွရောက်ခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်အတွင်း သိမ်ကျောင်းတော်တခု ဆောက်လုပ်လှူဒါန်းတဲ့ ပန္နက်တင်မင်္ဂလာပွဲအခမ်းအနားအတွက် သွားရောက်တာဖြစ်ပါတယ်။
အခုအချိန်အထိ ဆရာတော်ဦးပညာဇောတကို ဘာကြောင့်ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ ဘာကြောင့် တရားစွဲသလဲဆိုတာကို စစ်ကောင်စီ ဘက်က တရားဝင် သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ ဆရာတော် ထိန်းသိမ်းခံခဲ့ရတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အမေရိကန်သံရုံး တာဝန်ရှိသူတွေကို ဆက်သွယ်အကြောင်းကြားထားတယ်လို့လည်း ဆရာတော်နဲ့နီးစပ်တဲ့သံဃာတော်တွေက ဗွီအိုအေကိုမိန့်ပါတယ်။
ဒီအတောအတွင်း သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအသက်(၃၂) နှစ်အရွယ် ကိုသူရအောင်(ခ) ကိုကုလားကြီးဟာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၅) နေ့က ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်တွင်း အမျိုးသားဆောင် အဆောင် (၄) မှာ သေဆုံးခဲ့ပါတယ်။ အကျဉ်းထောင် တာဝန်ရှိသူတွေကတော့ ရုတ်တရက် နှလုံးဖောက်တာဖြစ် တယ်လို့ ပြောပါတယ်။ ကိုသူရအောင်ကို လက်နက်ပုဒ်မ ၂၃ (က) နဲ့ စစ်ခုံရုံးကနေ ထောင်ဒဏ်(၃)နှစ်ထားတာပါ။ သူ့ကို ၂၀၂၄ ဇွန်လကုန်ခါနီးပိုင်းမှာ မြောက်ဥက္ကလာပမှာ ဖမ်းဆီးခဲ့ပါတယ်။
ရောဂါအခံမရှိသလို ကျန်းမာသန် စွမ်းသူတဦး အခုလို ရုတ်တရက်သေဆုံးတာနဲ့ပတ်သတ်လို့ အကျဉ်းဦးစီးဌာနကိုမေးခွန်းထုတ်ဖို့လိုအပ်နေပြီလို့ အကျဉ်းသားအရေးလှုပ်ရှားသူ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ကိုသိုက်ထွန်းဦးက VOA ကို ပြောပါတယ်။ သေဆုံးရတဲ့ဖြစ်စဉ်အမှန်သိဖို့ စုံစမ်းနေတယ်လို့ ပြောပါတယ်။ အာဏာသိမ်းတဲ့ ၄နှစ်အတွင်းမှာ အကျဉ်းထောင်ထဲ သေဆုံးသူဟာ အယောက် ၁၀၀ ကျော်ရှိနေတာမို့ နိုင်ငံတကာအဖွဲ့တွေအနေနဲ့ဒီအခြေအနေကိုအထူးအလေးထားအာရုံစိုက်ပေးဖို့သူက တောင်းဆိုလိုက်ပါတယ်။
"ဒီသေဆုံးမှုမှာဆိုရင် ကျနော်သိရသလောက်တော့မိသားစုတွေလည်း ပါဝင်သဂြိုလ်ခွင့်လဲမရှိသလို သေဆုံးမှုဖြစ်စဉ်ကိုလည်းမိသားစုတွေ အတည်ပြုပေးနိုင်ခြင်းအခုချိန်ထိမရှိသေးဘူး။ ဒါပေမယ့်အကျဉ်းထောင်မှာတော့ဒီအကိုဆုံးသွားပြီဆိုတာကိုတော့သိရှိထားရတယ်။ လက်ရှိ အချိန်မှာဘယ်လိုဖြစ်နေလဲဆိုတော့အကျဉ်းထောင်တွင်းသေဆုံးမှုတွေက ရရှိဖို့အင်မတန်ခဲယဉ်းလာတယ်။ သေဆုံးမှုအချက်အလက်တွေ ပြင်ပကနေသိဖို့အရမ်းခက်ခဲလာခဲ့တယ်။ အဲအခြေအနေတရပ်တော့ရင်ဆိုင်နေရတယ်။ ဒီလိုအခြေအနေမျိုးမှာ ICRC အဖွဲ့အနေနဲ့ အကျဉ်းသားအားလုံးကျန်းမာရေးစောင့်ရှောက်မှုရရှိရေး၊ အကျဉ်းထောင်တွင်းအသက်ရှင်နေထိုင်ခွင့် ရရှိရေး အမြန်ဆုံးတော့ထောင်ထဲကိုဝင် တွေ့ခွင့်ရအောင်ကြိုးစားစေချင်ပါတယ်။ အာဏာသိမ်းပြီးထဲက ဒီနေ့ထက်တိုင် ICRC အဖွဲ့အနေနဲ့ ဝင်ရောက်ခွင့်မရဘူး။ အာဏာသိမ်း တာ ၄နှစ်တာကာလရောက်နေပြီ ဒီ ၄နှစ်အတွင်းကျန်းမာရေးစောင့်ရှောက်မှုမရလို့ကျခဲ့တဲ့အရေအတွက်ဟာအယောက် ၁၀၀အထက်မှာ ရှိနိုင်တယ်လို့ပြောနိုင်ပါတယ်။ ဒီအခြေအနေကို ဝိုင်းဝန်းကြိုးစားအဖြေရှာဖို့လိုတယ်။ အာရုံစိုက်ကြဖို့လိုနေတယ်လို့ကျနော်ပြောချင်ပါ တယ်ခင်ဗျ။"
စစ်ကောင်စီက အာဏာသိမ်းပြီးချိန်ကနေ ၂၀၂၅ ဇန်နဝါရီလ အထိအာဏာသိမ်းတာကိုဆန့်ကျင်လို့ဆိုပြီးအရပ်သား ပြည်သူ ၂၉၀၀၀ နီးပါးကို ဖမ်းဆီး ထိန်းသိမ်းထားဆဲ ဖြစ်တဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ပဲခူးတိုင်း၊ ဒိုက်ဦး အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ အသက် ၂၆ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား တဦး လုံလောက်တဲ့ ဆေးကုသခွင့်မရလို့ သေဆုံးခဲ့တယ်လို့ မြန်မာ နိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က VOA ကို ပြောပါတယ်။
Forum