သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နိုင်ငံသား ဆရာတော်နတ်ဇောကို မင်္ဂလာဒုံမြို့နယ် ခရိုင်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်


ရွှေဝါရောင်ဆရာတော် အရှင်နတ်ဇော နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဦးပညာဇောတ။
ရွှေဝါရောင်ဆရာတော် အရှင်နတ်ဇော နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဦးပညာဇောတ။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဦးပဇင်းနတ်ဇောလို့ လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတကို စစ်ကောင်စီက စစ်ကြောရေးမှာ စစ်မေးပြီးတဲ့နောက် ဒီကနေ့ မင်္ဂလာဒုံမြို့နယ် ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ နီးစပ်သူကပြောပါတယ်။ ဆရာတော် ဦးပညာဇောတကို အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀-ည၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ နဲ့ စစ်တပ်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-က တို့နဲ့ မင်္ဂလာဒုံ မြို့နယ်တရားရုံးနဲ့ ခရိုင်တရားရုံးတို့က တရားစွဲဆိုထားတယ်လို့ သိရပါတယ်။ ရန်ကုန်ကနေ သတင်းပေးပို့ထားပါတယ်။

ရွှေဝါရောင်ဆရာတော် နတ်ဇောလို့လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အမေရိကန်နိုင်ငံသား ဆရာတော်ဦးပညာဇောတကို စစ်ကောင်စီက ရန်ကုန်မြို့ စော်ဘွားကြီးကုန်းမှာ နိုဝင်ဘာလ (၁၃)ရက်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်တာပါ။ စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းပြီးတဲ့နောက် ဒီကနေ့ မင်္ဂလာဒုံမြို့နယ် ခရိုင်တရားရုံးကနေ ရုံးထုတ်လာခဲ့တယ်လို့ ပြောပါတယ်။ ဒီနောက်မှာတော့ ဆရာတော်ဦးပညာဇောတကို အင်းစိန်တရားရုံးကိုပို့ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ ဆရာတော်ကို အကြမ်းဖက်ပုဒ်မ၊ စစ်တပ်ကိုအကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မ ၃ခုနဲ့တရားစွဲဖို့ပြင်နေတဲ့အကြောင်း အဲဒီနီးစပ်သူက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

"ရာဇသတ်ကြီး ပုဒ်မ ၅၀၅-ကနဲ့တမှု။ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀-ည တမှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃ နဲ့တမှု၊ ဒီနေ့တရားရုံးမှာတရားစွဲတင်ပို့ပြီး အင်းစိန်ထောင်ကိုပို့လိုက်တယ်။ ဒီနေ့ပို့တာ ၅ရက်နေ့၊ ရှေ့နေဘယ်သူလိုက်လဲဆိုတာဆရာတို့လည်းမသိဘူး။ ဒါကမင်္ဂလာဒုံခရိုင်မြို့မရဲစခန်းနဲ့ မင်္ဂလာဒုံခရိုင် တရားရုံးကနေသိရသလောက် ပြောပြတာ မင်္ဂလာဒုံခရိုင်တရားရုံးမှာစွဲတယ်။ ၂မှုကပေါ့ နောက်တမှုက မင်္ဂလာဒုံမြို့နယ်တရားရုံးမှာစွဲမယ် အင်းစိန်ထောင်ထဲ မှာ စစ်မယ် ၅၀၅-က ပေါ့ အကြမ်းဖက်ဥပဒေ ပုဒ်မ ၅၀-ညနဲ့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃကတော့ မင်္ဂလာဒုံခရိုင်တရားရုံး အပြင်မှာစွဲမှာ။ စွဲတာ ၃မှုဘဲ ဒါပေမယ့်အမှုစစ်တော့ ၅၀၅-က က အင်းစိန်ထောင်အထူးတရားရုံးမှာစစ်မယ် ကျန်၂မှုကတော့ခရိုင်တရားရုံးအပြင်မှာစစ်ရမယ်။"

လာမယ့် ဒီဇင်ဘာ ၁၂ရက်နေ့မှာ နောက်ထပ်ရုံးထုတ်ဖို့ရှိပြီး အဲနေ့မှာ စစ်တပ်ကိုအကြည်ညိုပျက်အောင် လုပ်ဆောင်မှု ပုဒ်မ ၅၀၅-က အတွက် ကြားနာနိုင်ဖွယ် ရှိတယ်လို့ အဲနီးစပ်သူကပြောပါတယ်။ လက်ရှိချိန်ထိတော့ အမေရိကန်နိုင်ငံသား ဆရာတော်ဦးပညာဇောတ (နတ်ဇော) ကျန်းမာရေးနဲ့သူ့အမှုတွေအတွက် ဘယ်သူက ရှေ့နေအဖြစ် လက်ခံဆောင်ရွက်ပေးနေလဲဆိုတာ ဗွီအို အေအနေနဲ့ ဆက်သွယ်စုံစမ်းနေဆဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား ဆရာတော်ဦးပညာဇောတ (နတ်ဇော)ဟာ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြန်မာသံရုံးကနေ တရားဝင် ဗီဇာလျှောက်ထားပြီး မြန်မာနိုင်ငံကိုကြွရောက်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု ဘတ်ဖဲလိုးမြို့ မေတ္တာပါရမီကျောင်းတိုက်ဆရာတော် ဦးပညာဇောတ နတ်ဇောဟာ ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် နွယ်ခွေစံပြ ကျေးရွာပညာပါရမီကျောင်းတိုက် အနန္တမေတ္တာ (၃)ထပ် ကျောင်းတော်ကြီး နဲ့ အနန္တမေတ္တာပါရမီ သိမ်ကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းတဲ့ ပန္နက်တင်မင်္ဂလာပွဲအခမ်းအနားအတွက် မြန်မာနိုင်ငံကို သာသနာပြုခရီးအဖြစ် သွားရောက်တာဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း သိမ်နုတ်ကမ္မဝါရွတ်ဖတ်နေကြတာ ပန္နက်တင်မင်္ဂလာတင်အခမ်းအနားကျင်းပနေတာတွေကို နောက်ဆုံးတင်ထားတာကိုတွေ့ရပါတယ်။

အခုအချိန်အထိ ဆရာတော်ဦးပညာဇောတကို ဘာကြောင့်ဖမ်းဆီးထိန်းသိမ်းခဲ့တယ် ဘာကြောင့် တရားစွဲသလဲဆိုတာကို စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန်တာမရှိသေးပါဘူး။ အမေရိကန်နိုင်ငံသားဖြစ်တဲ့ ဆရာတော် ထိန်းသိမ်းခံခဲ့ရတာနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အမေရိကန်သံရုံး တာဝန်ရှိသူတွေကို ဆက်သွယ်အကြောင်းကြားထားတယ်လို့လည်း ဆရာတော်နဲ့နီးစပ်တဲ့သံဃာတော်တွေက ဗွီအိုအေကိုမိန့်ပါတယ်။

ရွှေဝါရောင်ဆရာတော် နတ်ဇော ကိုစွဲဆိုထားတဲ့ ပုဒ်မ-၅၀-ညဟာ အကြမ်းဖက်မှုများအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှုဖြစ်ပြီး ပြစ်မှုထင်ရှားတယ်လို့စီရင်ခံရရင် ထောင်ဒဏ် ၁၅နှစ်ထိချမှတ်ခံရနိုင်ပါတယ်။ ပုဒ်မ ၅၀၅-က ကတော့ တပ်မတော်အကြည်ညိုပျက်အောင်လုပ်တဲ့ ပြစ်မှုဖြစ်ပြီး ပြစ်မှုထင်ရှားတယ်လို့စီရင်ခံရရင် ထောင်ဒဏ် ၃နှစ်ထိချမှတ်ခံရနိုင်ပါတယ်။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆-ဃကတော့ ကွန်ယက်အသုံးပြု စည်းရုံးလှုံဆော်တာ၊ ခြိမ်းခြောက်တာစတာတွေကိုအရေးယူတဲ့ ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားတယ်လို့စီရင်ခံရရင် ထောင်ဒဏ် ၂နှစ် ထိချမှတ်ခံရနိုင်တယ်လို့ ပြဌာန်းထားပါတယ်။

ဆရာတော် ဦးပညာဇောဟာ ၁၉၉ဝ ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း သပိတ်ကံဆောင်ပွဲမှာတစ်ကြိမ်၊ ၁၉၉၈ခုနှစ်မှာ တစ်ကြိမ် နိုင်ငံရေးလှုပ်ရှားမှုနဲ့ ထောင်ဒဏ်နှစ်ရှည် ၂ ကြိမ် ချခံခဲ့ရဖူးတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ဆရာတော်နတ်ဇောအဖြစ် ပါဝင်လှုပ်ရှားခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုမှာ အခြေချသီတင်းသုံးနေတာလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးချိန်ကာလကစလို့ အမေရိကန်ပြည်ထောင်စုဘက်က အမေရိကန်နိုင်ငံသားတွေ မြန်မာနိုင်ငံတွင်း ခရီးသွားလာမှုနဲ့ပတ်သက်လို့ လုံခြုံရေးအထူးသတိပေးကြေညာချက်တွေထုတ်ပြန်ပြီး သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG