မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး စစ်ကောင်စီက ဖမ်းဆီးနေဆဲဖြစ်ပြီး ဒီလထဲမှာ တင် ၁ ဒါဇင်နီးပါးရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။ စစ်အာဏာသိမ်းတာ ၃ နှစ်ကျော်လာပေမဲ့ဖမ်းဆီးအရေးယူမှုတွေလျော့မသွားဘဲ တိုးလာနေတယ် လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံက အဖမ်းအဆီးနောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မခင်လေး တင်ပြထားပါတယ်။
ဒီလနိုဝင်ဘာလအတွင်းမှာကို နိုင်ငံရေးအကျဉ်းသားတဒါဇင်နီးပါးအဖမ်းခံခဲ့ရကြောင်း နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။ AAPP စာရင်းတွေအရ ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလ ၁ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ နိုင်ငံတဝန်းမှာ စုစုပေါင်း အမျိုးသား (၁၁) ဦးကို နွေဦးတော်လှန်ရေးနဲ့ဆက်စပ်တယ်ဆိုပြီး စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်း ခဲ့တယ်လို့ ပြောပါတယ်။ ဒီစာရင်းထဲမှာ ပဲခူးတိုင်းဘက်ကအများဆုံးဖြစ်ကြောင်း ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းတာ ၃ နှစ်ကျော်လာပေမဲ့ ဖမ်းဆီးမှုတွေ လျော့မသွားတဲ့အပေါ် နိုင်ငံရေးအကျဉ်းသား ဟောင်းတဦးဖြစ်တဲ့ ဦးထွန်းကြည်က အခုလို ပြောပါတယ်။
"သူကတော့သူ့အလုပ်သူလုပ်တယ်လို့ပဲ ဦးထွန်းကြည်ကတော့မြင်တယ်။ သူတို့စစ်အာဏာ တည်တံ့ ခိုင်မြဲရေးကိုပဲအဓိကထားပြီးတော့ ဆောင်ရွက်တာ။ ခုလိုလူဖမ်းတာက ကြောက်သွားပြီးတော့ သူ့ကိုမဆန့်ကျင်ဘူး၊ မကန့်ကွက်တော့ဘူး- အတွေးအခေါ်နဲ့ဖမ်းတာပဲ။ သူကတော့ဖမ်းမယ်။ ပြီးရင်ဖိနှိပ်မယ်၊ ညှင်းပန်းမယ်။ ပြီးရင် လူ့အခွင့်အရေးကိုအဆိုးဝါးဆုံးချိုးဖောက်မယ်။ နောက် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုအပိုင်းပိုင်းပြတ်အောင်လုပ်ပြီးတော့ အကြောက်တရားနဲ့ ဖိနှိပ်ထားရင်တော့ ငါတို့စစ်အာဏာတည်မြဲရေးအတွက် တွန်းအားဖြစ်မယ်ပေါ့။ ဘုံရန်သူကတော့ ဘုံရန်သူလိုဆက်လုပ်နေမှာပါပဲ။”
ဖမ်းဆီးခံရသူတွေထဲမှာ တချိန်ကနိုင်ငံရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ဖူးတဲ့ နိုင်ငံရေး အကျဉ်းသား ဟောင်းတွေလည်းပါဝင်နေတာပါ။ ‘ရွှေဝါရောင်ဆရာတော် နတ်ဇော’ လို့လူသိများတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ဆရာတော်ဦးပညာဇောတကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်နေ့မှာပဲ စစ်ကောင်စီက ရန်ကုန်မြို့ စော်ဘွားကြီးကုန်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ အမေရိကန်နိုင်ငံသား ဆရာတော် ဦးပညာဇောတ (နတ်ဇော) ဟာ အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြန်မာသံရုံးကနေ တရားဝင် ဗီဇာလျှောက်ထားပြီး မြန်မာနိုင်ငံ ကို ကြွရောက်ခဲ့တာဖြစ်ပါတယ်။ ဖမ်းဆီးခံရမှုသတင်းနဲ့ပတ်သက်လို့ လတ်တလော စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။
နိုင်ငံရေးလှုပ်ရှားမှု နောက်ကြောင်းရှိသူတွေကိုပါ စစ်ကောင်စီက ဖမ်းဆီးလာနေတဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းကအလေးထား ဖြေရှင်းဖို့လည်း နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ဦးထွန်းကြည်က တောင်းဆိုလိုက်ပါတယ်။
“ဒီလိုအနေအထားကို သိသိချည်းနဲ့ နှုတ်ဆိတ်နေတယ်၊ နှုတ်ပိတ်နေတယ်။ နောက် lip service လိုမျိုး ပါးစပ်ဝန်ဆောင်မှုပေါ့- ပြင်းထန် စွာရှုတ်ချပါတယ်တို့၊ အင်မတန်စိုးရိမ်မကင်းဖြစ်မိတယ်တို့- အဲလိုနဲ့ပဲ ပြီးတော့ တကယ့်တကယ်ကျတော့ ယူအန်မှာကော၊ ဒေသတွင်းနိုင်ငံတွေကော၊ နိုင်ငံတကာ အနေနဲ့ ကော နောက်ကုလသမဂ္ဂလက်အောက်ခံအဖွဲ့တွေမှာပါ တာဝန်ရှိတယ်။ အခုချိန်ထိကတော့ တာဝန် ပျက်ကွက်မှုတွေရှိနေတယ်။ တာဝန်မဲ့မှုတွေဖြစ်နေတယ်။ တာဝန်ယူမှုတာဝန်ခံမှု အားနည်းနေတယ်။ နှုတ်ဆိတ်နေတယ်။ နှုတ်ပိတ်နေတယ်ဗျ။ အဲလိုတွေကြောင့် ကျူးလွန်နေတဲ့ ရာဇဝတ်ကောင်တွေက ပိုသထက်ပိုပြီး ပြည်သူတွေအပေါ်ဖိနှိပ်လာတယ်လို့မြင်ပါတယ်။”
လက်ရှိမှာ အေအေပီပီကောက်ယူထားတဲ့စာရင်းအရ အာဏာသိမ်းတဲ့ ၃ နှစ်ကျော်ကာလအတွင်းမှာ အမျိုးသမီး အယောက် ၆,၀၀၀နီးပါး၊ ကလေးသူငယ် အယောက် ၆၀၀ နီးပါးလည်း ဖမ်းဆီးထိန်းသိမ်း ခံထားရတယ်လို့ ဖော်ပြထားပါတယ်။ ဒီကိန်းဂဏန်းတွေဟာ အေအေပီပီက လက်လှမ်းမီသမျှ ကောက်ယူရရှိထားနိုင်တဲ့ အရေအတွက်ဖြစ်ပြီးလက်တွေ့မှာ ဒီထက်မက ပိုများနိုင်တယ်လို့ ဖော်ပြထား ပါတယ်။
အေအေပီပီစာရင်းတွေအရ ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် ကနေနိုဝင်ဘာလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်အထိအာဏာသိမ်းမှုကို ဆန့် ကျင်တဲ့ ပြည်သူ ၆,၀၀၀ နီးပါးဟာ စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ အာဏာသိမ်းတာကို ဆန့်ကျင်လို့ ဖမ်းဆီးခံရသူ အယောက် ၂၈,၀၀၀ နီးပါးရှိတယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီကတော့ ဒီစာရင်းတွေဟာ ချဲ့ကားထားတဲ့ စာရင်းတွေ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
Forum