တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှာ ပုဒ်မ ၅၀ ည၊ ပုဒ်မ ၅၂ တို့နဲ့ အဖမ်းဆီးခံရထားတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ထပ်မံ သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က အောက်တိုဘာလ ၂၂ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာ အကျဉ်းထောင်တွင်းသေဆုံးသူ ၁၅ ဦးထိ ရှိလာပြီလို့လည်း ဆိုပါတယ်။ ဗွီအိုအေ သတင်းထောက် မအေးအေးမာက ခုလို သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM)က အောက်တိုဘာလ ၂၂ ရက်နေ့ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ တနင်္သာရီတိုင်း ထားဝယ်အကျဉ်းထောင်မှာ ပုဒ်မ ၅၀ည ပုဒ်မ ၅၂ တို့နဲ့ အဖမ်းဆီးခံရထားတဲ့ နိုင်ငံရေးအကျဉ်းသားတဦး ထပ်မံသေဆုံးသွားကြောင်း ဖေါ်ပြထားတာပါ။
အသက် (၆၂)နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား ဦးရဲအောင်(ခေါ်) ကိုချင်းဟာ အောက်တိုဘာလ(၁၇)ရက်နေ့မှာ ထားဝယ်ဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ဆိုပါတယ်။ စက်တင်ဘာလ (၂၇)ရက်နေ့ကစလို့ သူဟာ လေဖြတ်သွားချိန်မှာ ထောင်တွင်း ဆရာဝန်အင်အား မလုံလောက်တာကြောင့် ထောင်အပြင်ကို ပို့ဆောင်ကုသခဲ့ပြီး ကုသနေစဉ်မှာပဲ ကွယ်လွန်သွားခဲ့တာလို့ ဆိုပါတယ်။
ဒါဟာ အကျဉ်းထောင်တွင်း ဆေးဝါးနဲ့ဆေးကုသမှု လုံလောက်စွာ မရတာကြောင့်ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ပြောရေးဆိုခွင့်ရှိသူ ဦးသိုက်ထွန်းဦးက VOA ကိုပြောပါတယ်။
" ဆရာဝန်က အချိန်နဲ့တပြေးညီ ရောက်လာရမယ့်အချိန်မှာ ရောက်မလာတာပေါ့နော်။ ထောင်ဆေးရုံနဲ့ အကျဉ်းသားတွေ ထားတဲ့နေရာဆိုတာ လမ်းလျှောက်ရင် နာရီဝက်လောက်ပဲ ရှိတယ်၊ ဒါပေမဲ့ အရေးပေါ်ဖြစ်တဲ့အချိန်မှာ ဆရာတွေကို စောင့်ရတာ နာရီနဲ့ချီပြီး စောင့်တာတောင် ရောက်မလာတာတွေ ရှိနေတယ်၊ အရေးပေါ် ဖြစ်တဲ့ လူနာက ပြင်ပကို ဆေးဝါးကုသဖို့အတွက် ၃ လကနေ ၉ လလောက်ထိ စောင့်ရတဲ့အချိန်မှာ သေဆုံးသွားတဲ့သူတွေ များစွာရှိပါတယ်။ "
အခုဆိုရင် အကျဉ်းကျနေစဉ်သေဆုံးသွားတဲ့သူ အရေအတွက်က ၂၀၂၄ ခုနှစ်ထဲမှာ ၁၅ ဦးရှိသွားပြီလို့လည်း ဆိုပါတယ်။ အကျဉ်းထောင်တွေထဲကို ICRC ဝင်ခွင့်မရတဲ့ အချိန်ကစလို့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေတွေကပိုပြီး ဆိုးလာတယ်လို့လည်း ပြောပါတယ်။
" အကျဉ်းထောင်ပေါင်း ၃၈ ထောင်ကို ကူညီနေတဲ့ ကျနော်တို့ အဖဲွ့အစည်းအနေနဲ့ ထောင်တွင်းမှာ ထိရောက်တဲ့ ကူညီမှုတွေ မရဘူးလို့ ပြောလို့ရပါတယ်၊ အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ အားလုံးကလည်း ICRC က အကျဉ်းထောင်တွေထဲ ဝင်နိုင်ဖို့ကို မျှော်လင့်ခဲ့ကြတယ်၊ ကျနော်တို့လည်း မျှော်လင့်ခဲ့ကြတယ်၊လက်ရှိ အခြေအနေအထိ ဝင်ခွင့်မရဘူးဆိုတာကလည်း ကျနော်တို့နားလည်ပါတယ်၊ စစ်ကောင်စီက အကျဉ်းထောင် တွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှု မရှိဘူးလို့ ထောင်ထဲမှာေ ဆးဝါးစောင့်ရှောက်မှု ပေးနေပါတယ်လို့ သူတို့ ဝါဒဖြန့် မီဒီယာတွေကနေ ထုတ်ပြန်တာရှိပါတယ်။ အကျဉ်းထောင်တွေမှာ လုံလောက်တဲ့ ဆေးဝါးနဲ့စောင့်ရှောက်မှု ပေးမယ်ဆိုရင် ICRC ကို အကျဉ်းထောင်တွေထဲ ဝင်ခွင့်ပြုရမှာ ဖြစ်ပါတယ်။ "
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ၃ နှစ်ကျော်ကြာ ကာလအတွင်း ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇,၅၆၉) ဦးရှိပြီး အဲဒီအထဲ (၂၁,၀၂၆) ဦးကတော့ ထိန်းသိမ်းခံနေရဆဲဖြစ်သလို (၉,၄၇၄) ဦးကတော့ ထောင်ဒဏ်ချမှတ် ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက အောက်တိုဘာလ ၂၃ ရက်နေ့မှာ သတင်းထုတ်ပြန် ထားပါတယ်ရှင်။
Forum