သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီပဲယင်းတိုက်ခိုက်မှု ဖော်ထုတ်ဖို့ နစ်နာသူတွေ တိုက်တွန်း


ဒီပဲယင်း (၁၂) ပြည့် အထိမ်းအမှတ်ပွဲကို အဲဒီအချိန်က ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ NLD နာယက သူရဦးတင်ဦး တက်ရောက်စဉ်။ (မေ ၃၀၊ ၂၀၁၅။ ဓာတ်ပုံ/မာတင်ဆွေ ဖဘ)
ဒီပဲယင်း (၁၂) ပြည့် အထိမ်းအမှတ်ပွဲကို အဲဒီအချိန်က ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ NLD နာယက သူရဦးတင်ဦး တက်ရောက်စဉ်။ (မေ ၃၀၊ ၂၀၁၅။ ဓာတ်ပုံ/မာတင်ဆွေ ဖဘ)

မြန်မာအစိုးရရဲ့ အဆင့်မြင့်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ စည်းရုံးရေး ခရီးစဉ်ကို သွေးထွက်သံယို တိုက်ခိုက်ခံခဲ့ရတဲ့ ဒီပဲယင်း အကြမ်းဖက်မှု ဖြစ်ပွားခဲ့တာ ဒီကနေ့ဆိုရင် ၁၃ နှစ် ပြည့်သွားပါပြီ။ ဒါပေမဲ့လည်း ထိခိုက်သေဆုံးမှုတွေ နောက်ဆက်တွဲ ဖမ်းဆီးမှုတွေ ကြုံခဲ့ရတဲ့ အဖြစ်အပျက်အတွက် တာဝန်ရှိသူတွေကို ဒီကနေ့ အချိန်အထိ မဖော်ထုတ်နိုင်သေးတဲ့အတွက် စုံစမ်းဖော်ထုတ်ဖို့လည်း ဒီပဲယင်းအကြမ်းဖက်မှုမှာ ကိုယ်တွေ့ကြုံ့ခဲ့ရသူတွေက တောင်းဆိုလိုက်ပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြပေးပါတယ်။

အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့က စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ ကျည်ရွာအနီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ စည်းရုံးရေးခရီးစဉ် ယာဉ်တန်းကို ဝိုင်းဝန်းရိုက်နှက် တိုက်ခိုက်ခဲ့ကြတဲ့အတွက် ခန့်မှန်းခြေ လူပေါင်း ၇၀ ထက်မနည်း သေဆုံးပြီး၊ အများအပြား ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတဲ့ အဖြစ်နဲ့ကြုံခဲ့ရတာ အခုဆိုရင် ၁၃ နှစ် တင်းတင်းပြည့်ခဲ့ပါပြီ။

ဒါပေမဲ့လည်း အစိုးရရဲ့တရားဝင် ထုတ်ပြန်ချက်တွေမှာတော့ လူ ၄ ယောက်သာ သေဆုံးကြောင်း ပြောဆိုခဲ့သလို၊ အဖြစ်အပျက်ဟာ NLD ပါတီကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေကြား ဖြစ်ပွားတဲ့ ပဋိပက္ခသဘောမျိုးသာ ပြောဆိုခဲ့တာပါ။ ဒါပေမဲ့လည်း ဒီပဲယင်း တိုက်ခိုက်မှုကို စနစ်တကျ စီမံဖန်တီးခဲ့တယ်လို့ အများကယုံကြည်ထားကြတဲ့ အာဏာပိုင်တွေအပေါ် တစုံတရာ အရေးယူတာမျိုးတော့ မရှိခဲ့ပါဘူး။

ဒီအတွက်လည်း အခုအခါ လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရလက်ထက်မှာ တရားမျှတမှုရစေဖို့ စုံစမ်းဖော်ထုတ်မှုမျိုး ဖြစ်စေချင်ပါတယ်လို့ ဒီပဲယင်း တိုက်ခိုက်မှုကို ကိုယ်တွေ့ကြုံခဲ့ရတဲ့ မန္တလေးတိုင်း NLD ပါတီ လုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ ကပြောပါတယ်။

“တချိန်တုန်းက ဥပဒေမစိုးမိုးပဲနဲ့ တဘက်သတ် ပြည်သူလူထုကို နှိပ်ကွပ်တဲ့ ကိစ္စဆိုရင် တချိန်တုန်းက အာဏာပိုင် အုပ်ချုပ်သူတွေမှာ တာဝန်ရှိတယ်။ တကယ်လို့ ဒါမျိုးကိုသာ အရေးမယူခဲ့ဘူး မပြုဘူးဆိုရင်လည်းပဲ တရားဝင် သူတို့မှာ တာဝန်ရှိတယ်ဆိုတာလေးတော့ သိအောင်တော့ လုပ်ဖို့လိုတယ်လို့ ကျမထင်ပါတယ်။ နောက်စိုးရိမ်တာတခုက တချိန်တုန်းကလည်း ပြောခဲ့ပါတယ် ဥပဒေမစိုးမိုးမှုက ဒီလိုပဲ အနိုင်ထက်စီးနင်းလုပ်ပြီးတော့ ၊ ဒီလိုပဲ လုပ်လို့ရပြီးတော့ မှ ဒီလိုပဲ ဆက်လက် လုပ်နေမယ်ဆိုရင် ကျမတို့အတွက်က လုံခြုံမှုမရှိဘူးလို့လဲပြောခဲ့ပါတယ်။ အဲဒီတော့ ပြစ်မှုကျူးလွန်သူအနေနဲ့ကတော့ ပြစ်မှုကျူးလွန်သူဆိုတာ သိအောင် ဖော်ထုတ်သင့်တယ်လို့ ဒီလိုပဲ ကျမအနေနဲ့ ယုံကြည်ထားပါတယ်ရှင့်။”

ဒီပဲယင်းတိုက်ခိုက်မှုအတွင်း၊ အခုအခါ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဟာလည်း အသက်အန္တရာယ် ခြိမ်းခြောက်မှုနဲ့ ကြုံခဲ့ရတာပါ။ နောက်ပိုင်းမှာလည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦး တို့ကို အာဏာပိုင်တွေက နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးခဲ့သလို၊ ပါတီဝင်တွေနဲ့ ထောက်ခံသူ အများအပြားဟာလည်း ဖမ်းဆီးခံခဲ့ရတာပါ။ အသက်ဘေးတွေနဲ့ ကြုံခဲ့ရသလို ဘဝတွေပါပေးဆပ်ခဲ့ရသူတွေ ကတော့ အစုလိုက်အပြုံလိုက် အကြမ်းဖက်ခံရမှုအပေါ် မေ့ပျောက်နိုင်မှာ မဟုတ်ဘူးလို့ ဒေါ်ဝင်းမြမြက ဆိုပါတယ်။

“နစ်နာတဲ့လူတွေကလည်း အများကြီးပဲလေ နစ်နာတဲ့အလျောက်လည်း အသိအမှတ်ပြုပေးဖို့တော့ လိုပါတယ်။ သေတဲ့လူတွေလည်းရှိတယ်။ လက် ၂ ဖက်၊ ခြေထောက် ၂ ဖက် ကျိုးတဲ့လူ တော်တော်ပြင်းပြင်းထန်ထန် ဒဏ်ရာရတဲ့လူတွေ အများကြီးလည်းရှိခဲ့တယ်။ ကျမတို့ကိုယ်တိုင်လည်း တအားခံစားရတယ်လေ။ ငါတို့ကို မတရားသဖြင့်ကြီး ဥပဒေမဲ့စွာနဲ့ အခုလို ရိုက်တာ နှက်တာပါလား၊ အနိုင်ထက် စီးနင်းပြီးလုပ်တာပါလားဆိုပြီး ခံစားရပါတယ်။ ဘယ်တော့မှလည်း ဒီပဲယင်းကိစ္စကြီးကို ကျမတို့အနေနဲ့ မေ့နိုင်စရာ အကြောင်းမရှိပါဘူး။”

တိုက်ခိုက်မှု ကျုးလွန်သူတွေကို အရေးမယူပဲ တိုက်ခိုက်ခံရတဲ့သူတွေ တဖက်သတ် အရေးယူခံခဲ့ရတဲ့ မတားရားမှုကို၊ NLD ဦးဆောင်တဲ့ ဒီမိုကရေစီအစိုးရ လက်ထက်မှာ ဖော်ထုတ်ပြီး၊ တရားမျှတမှု ရရှိစေချင်တယ်လို့လည်း ဒီပဲယင်းတိုက်ခိုက်မှုမှာ ကိုယ်တိုင်ကြုံခဲ့ရသူ နောက်တဦးဖြစ်တဲ့ မုံရွာမြို့က ကဗျာဆရာကြီး ဦးအံ့မောင် ကပြောပါတယ်။

“ဖြစ်တဲ့ပျက်တဲ့ အကြောင်းကိစ္စတွေနဲ့ပတ်သက်လို့ စုံစမ်းရေးကော်မရှင် တခုဖွဲ့ပြီးတော့ အဲဒီ စုံစမ်းရေးကော်မရှင်က ဖြစ်ပျက် အကြောင်းကိစ္စတွေကို အစီရင်ခံစာတခု အစိုးရအဖွဲ့ကိုလည်းတင်ပြပေးဖို့ တိုင်းပြည်ကိုလည်းတင်ပြပေးဖို့ သင့်ပါတယ်လို့ ကျနော်တို့ အောက်မေ့ပါတယ်ခင်ဗျ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် က အမြဲတမ်းပြောတဲ့ တရားဥပဒေစိုးမိုးရေးဆိုတဲ့ မူကို ဒီကိစ္စမှာ လက်တွေ့ဘယ်လိုကျင့်သုံးဆောင်ရွက်မလဲဆိုတာကို ကျနော်တို့လည်း စောင့်ကြည့်နေပါတယ် ခင်ဗျ။”

ဒီပဲယင်း နှစ်ပတ်လည်နေ့ အောက်မေ့ဘွယ်အခမ်းအနားကိုတော့ ဒီကနေ့ မေလ ၃၀ ရက်နေ့ တနင်္လာနေ့ မနက်ပိုင်း မုံရွာမြို့ ထန်းတောရပ်ကွက် ရွှေသိမ်တော် ဘုန်းကြီးကျောင်းမှာ ဒီပဲယင်းအရေးအခင်းမှာ အသက်ဆုံးခဲ့တဲ့ ကွယ်လွန်သူတွေကို ရည်စူးပြီး ဆွမ်းဆက်ကပ်လှုူဒါန်း အမျှပေးဝေကြပြီး ဒီပဲရင်းကို ကြုံတွေ့ရင်ဆိုင် ခဲ့ရတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ အင်န်အယ်လ်ဒီ ပါတီဝင်အချို့က ဒီနေ့ဒီရက်မှာဖြစ်ပျက်ခဲ့တဲ့ ဒီပဲရင်းအတွေ့အကြုံတွေ ကို ပြန်ပြောင်းဆွေးနွေး သလို ကဗျာဆရာတွေကလည်း ကဗျာတွေရွတ်ဖတ်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG