သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာကာသထဲက စိန်အပြည့်နဲ့ ဂြိုဟ်များ


ဒီတပါတ်တော့ စိန်ချစ်တဲ့ ပရိတ်သတ်အတွက် အာကာသထဲက စိန်တွေအကြောင်း Illinois က Spoon River ကျောင်းက နက္ခတ္တဗေဒ ပါမောက္ခ ဒေါက်တာဝင်းသာထွေးက ပြောပြပေးမှာပါ။

စိန်ကို အင်္ဂလိပ်လို Diamond လို့ခေါ်ပြီး ဒါဟာ ဂရိဘာသာ adamas က ဆင်းသက်လာတာပါ။ အဓိပ္ပါယ်ကတော့ ခိုင်မာတဲ့သဘော unbreakable မကွဲပျက်နိုင်တဲ့အရာဖြစ်ပါတယ်။ သူ့ကို ရတနာအဖြစ် အမြတ်တနိုးလည်း ထားတတ်ကြပါတယ်။ ဒီစိန်ဟာ ကမ္ဘာမြေပြင်ပေါ်မှာသာတွေ့နေရတာမဟုတ်ပဲ အခု မိုးကောင်းကင်မှာ မြင်နေရတဲ့ ကြယ်တွေထဲမှာ ရှိနေသလို ကမ္ဘာပေါ်ကိုကျလာတဲ့ ဥက္ကာပျံတွေမှာပါ တွေ့နိုင်ပါတယ်။ ဒါတင်မကပါဘူး နေမိသားစု အပြင်မှာလည်း စိန်အပြည့်နဲ့ ဂြိုဟ်တွေရှိနေတယ်လို့ ဒေါက်တာဝင်းသာထွေးကပြောပါတယ်။

၁၉၈၁ခုနှစ်လောက်တုန်းက သိပ္ပံပညာရှင်တွေက တောင်ဝင်ရိုးစွန်းမှာ ကျလာတဲ့ ဥက္ကာပျံတွေကို လေ့လာဖို့ ဆိုပြီးတော့ လွှနဲ့ တိုက်ဖျက်တဲ့အခါမှာ လွှသွားတွေ စားကုန်တယ်။ X-ray crystallography လို့ခေါ်တဲ့ အိပ်စရေးရောင်ခြည်နည်းနဲ့ ကြည့်တဲ့အခါမှာ အနုမြူမှုန်အရွယ်ရှိနေတဲ့ ဒီစိန်ကလေးတွေပါနေတာ တွေ့နေရတယ်။ စိန်က သိပ်သည်းဆက သိပ်များတယ်။ သိပ်မာတယ်။ ဘာနဲ့မှ တိုက်ဖျက်လို့ မရဘူး။ အဲဒါကြောင့် လွှသွားတွေ စားသွားတာ တွေ့ရတာ်။ အဲနေမိသားစုထဲမှာ ဥက္ကာပျံခါးပတ် လို့ခေါ်တဲ့ Astride Belt ထဲမှာ တခုနဲ့ တခု တိုက်ခတ်ရာကနေ အဲဒီစိန်ပါတဲ့ ဥက္ကာပျံတွေ ဖြစ်လာတယ်လို့ ယူဆကြတာပါ။
စိန်ပါတဲ့ ဥက္ကာပျံတွေဟာ နေမိသားစုထဲမှာပဲ ရှိတာလား ဆရာ
၁၉၈၇ ခုနှစ်က University of Chicago ကသိပ္ပံပညာရှင်တွေ လေ့လာတဲ့ ဥက္ကာပျံတွေထဲမှာ စိန်တမျိုးက စောစောက မြူမှုန်ထက်တောင် သေးတယ်ဆိုတဲ့ အချက်တွေကို တွေ့ရှိခဲ့ကြတယ်။ ဒီစိန်မြူမှုန်တွေဟာ နေမိသားစု အပြင်ဘက်ကနေ ရောက်လာတာ ဖြစ်နိုင်တယ်လို့ ယူဆကြတယ်။ ဘာလို့လည်း ဆိုတော့ Xenon gas ဆိုတာ ကမ္ဘာတည်ခါစက မရှိပဲနဲ့ ဒီဟာတွေက နေမိသားစု အပြင်ကနေ ရောက်လာတယ်လို့ ပြောကြတယ်။ အလွန်ဒြဗ်ထုကြီးတဲ့ ကြယ်ကြီးတွေက စွမ်းအားနဲလာမယ်။ မြေဆွဲအားတွေ နဲလာမယ်။ နောက် သက်တမ်းမကုန်ခင်မှာ ပြိုပျက်ပြီးတော့ Red Giant လို့ခေါ်တဲ့ အနီရောင်ကြယ်ကြီးတွေ supernova ပေါက်ကွဲမှှုတွေ ဖြစ်တဲ့အခါမှာ စိန်အမှုန်တွေ ပါတဲ့ အစိုင်အခဲတွေဟာ အာကာသ အနှံ့ကို ကျဲပြန့်လွင့်စင် ကုန်ပြီးတော့ တချို့အစိုင်အခဲတွေက ကမ္ဘာပေါ်ကို ကျလာနိုင်တယ်လို့ ယူဆကြတယ်။
XS
SM
MD
LG