သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဌာနေပြန် စစ်ရှောင်တွေရဲ့ဒုက္ခ


တရုတ်နယ်ဘက်ဒုက္ခသည်စခန်းကနေ ဌာနေပြန်မယ့် ကလေးငယ်တဦးကို ထရပ်ကားပေါ်တင်ပေးနေကြစဉ်။
တရုတ်နယ်ဘက်ဒုက္ခသည်စခန်းကနေ ဌာနေပြန်မယ့် ကလေးငယ်တဦးကို ထရပ်ကားပေါ်တင်ပေးနေကြစဉ်။

ကိုးကန့်ဒေသက စစ်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို ထွက်ပြေးကြရသူတွေထဲ မြန်မာနိုင်ငံသား တချို့ဟာ နှစ်ရက်ကြာ တောလမ်းခရီးကို လမ်းလျှောက်ပြီး ဌာနေပြန်နေကြပါတယ်။ မှတ်ပုံတင်ကဒ်ပြားနဲ့ လမ်းစရိတ်ရှိကြသူတွေက စစ်ဘေးလွတ်ရာ တရုတ်ပြည်ဘက်ကပတ်ပြီး ဌာနေ ပြန်နိုင်ကြပေမယ့် ငွေကြေးမတတ်နိုင်သူတွေကတော့ စစ်ဖြစ်နေဆဲ လောက်ကိုင်မြို့တဝိုက်က တောလမ်းတွေကို ဖြတ်၊ချင်းရွှေဟော်ဘက်ကို ညအိပ်ညနေ ကုန်းကြောင်းခရီးနဲ့ ထွက်လာနေကြရတာ ဖြစ်ပါတယ်။ စစ်ရှောင် ဒုက္ခသည်တွေအတွက် အဓိက လိုအပ်ချက်တွေကိုတော့ မသိင်္ဂီထိုက်က စုစည်းတင်ပြပေးထားပါတယ်။

ကိုးကန့်ဒေသတဝိုက်က နှစ်လနီးပါးကြာ တိုက်ပွဲတွေကြောင့် တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးကြရတဲ့ မြန်မာနိုင်ငံသားတွေဟာ နေရပ်ရင်းတွေကို ပြန်နိုင်ဖို့ စစ်ဖြစ်နေတဲ့ ကိုးကန့်ဒေသတဝိုက်ကို တညအိပ်နှစ်ရက်ခရီးလမ်းလျှောက်ပြီး ချင်းရွှေဟော်မြို့ဘက်ကို ထွက်လာကြတာပါ။ ဒီလို လမ်းလျှောက် ထွက်လာမယ့်သူတွေကိုတော့ လောက်ကိုင်မြို့ပတ်ဝန်းကျင်မှာရှိနေကြတဲ့ ကူညီကယ်ဆယ်ရေးသမားတွေက စားနပ်ရိက္ခာ ထောက်ပံ့ပြီး စစ်အေးတယ်လို့ ယူဆရတဲ့ တောတွင်းလမ်းကြောင်းတွေကနေ သွားနိုင်ဖို့ ကူညီပေးနေကြပါတယ်။

ဌာနေပြန်လာကြသူတွေကိုတော့ ကွမ်လုံအခြေစိုက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ကယ်ဆယ်ရေးသမားတွေက လမ်းခုလတ် လုံထန်လောက်အထိ ကားတွေနဲ့တက်ပြီး ကယ်ကြတယ်လို့ ကယ်ဆယ်ရေးလုပ်ကိုင်နေသူ ရုပ်ရှင်မင်းသားဝေဠုကျော်က ပြောပါတယ်။

“တရုတ်ပြည်ဘက်ကို သူတို့ ဖြစ်ဖြစ်ချင်း ပြေးသွားကြတယ်။ ပြေးသွားကြရာကနေ ပြန်ပြီးတော့ ချင်းရွှေဟော်ကိုရောက်ဖို့ တညအိပ်သူတို့ လျှောက်ရပါတယ်။ အဲလိုလာခဲ့ကြသူတွေ များတယ်ပေါ့နော်။ များသောအားဖြင့်တော့ မြေလတ်ပိုင်းပေါ့နော်၊ အညာဘက်က တောင်တွင်းကြီးတို့၊ နတ်မောက်တို့ နေရာတွေပေါ့နော်၊ မြေလတ်ပိုင်းကလူတွေက နွေရာသီမှာ သူတို့ရဲ့စီးပွားရေးအလုပ်အကိုင် ရှားပါးမှုကြောင့် အဲဒီ ဘက်ကိုတက်ပြီး ကြံခုတ်ကြတာခင်ဗျ။ ကြံခုတ်လုပ်သားတွေများပါတယ်။ ကျနော်တို့ ဘယ်အထိတက်လို့ရလဲဆိုရင် ချင်းရွှေဟော်အပိုင်ဖြစ်တဲ့ လုံထန်အထိပဲ တက်လို့ရတာပေါ့နော်၊ ခေါ်နိုင်တယ်ပေါ့၊ 4 wheels တွေနဲ့ သွားကယ်တယ်ပေါ့။ တညအိပ် နှစ်ရက်ခရီးလမ်းလျှောက်လာကြတဲ့အတွက် အစာရေစာ ရှားပါးမှုကြောင့် အားအင်ချိနည့်လာတယ်။ နောက်ပြီးတော့ ဆားဓာတ်ခန်းခြောက်မှုကြောင့် ကြွက်တက်နေကြတယ်။ နောက်ပြီး ခြေထောက်တွေ အားလုံးမှာ အရည်ကြည်ဖုတွေ ထလာကြတယ်။ အဲဒီအခြေအနေမျိုးတွေမှာ အသက်ကြီးတဲ့သူတွေပါတယ်၊ ခလေးပါတယ်။ ကိုယ်ဝန်ဆောင်သည် ပါတယ်ဆိုတော့ အတင်းတက်ပြီး ကားနဲ့တက်ပြီးဆွဲတယ်ပေါ့နော်၊ ကားနဲ့တက်သွားတယ်ဆိုတဲ့နေရာမှာလည်း လုံထန်နားမရောက်ခင်မှာပဲ စစ်ကားကြီးတွေ မှောက်ထားတာ၊ စစ်ကားကြီးတွေ နံရံမှာ ဝင်ဆောင့်ထားတာ၊ ကြက်ခြေနီကားအပစ်ခံထားရတာ၊ အဲဒါတွေကိုကျော်ပြီးတော့မှ လုံထန်ဆိုတဲ့နေရာကို ရောက်ပါတယ်ခင်ဗျ။ တိုက်ပွဲကလည်း နေ့တိုင်းလိုလို ရှိနေပါတယ်ခင်ဗျ။”

စစ်ရှောင်သူတွေထဲမှာ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေလည်းပါဝင်ကြပြီး ဒီလူတွေအတွက် စားနပ်ရိက္ခာလည်း အတော်လေး လိုအပ်နေတယ်လို့ သရုပ်ဆောင် ဝေဠုကျော်က ပြောပါတယ်။

“ကျနော်တို့အဓိကလိုတာ စားနပ်ရိက္ခာလိုတယ်ဗျ။ ဓာတ်ဆားပေါ့။ ဓာတ်ဆားလိုတာတော့ ကောင်းတာက BPI ဓာတ်ဆားလိုဟာတော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် အဲဒါကို သူတို့ မသောက်နိုင်ကြဘူး။ ကျနော်တို့ ဝယ်တိုက်တယ်၊ လုပ်ပေးတယ်ပေါ့နော်။ ဒါပေမယ့်အရမ်းမောလာတဲ့အချိန်မှာ ဓာတ်ဆားအငံရည်ကို သူတို့ မသောက်နိုင်တော့ သီးစုံဓာတ်ဆားလိုဟာမျိုး ကျနော်တို့သုံးရတယ်ပေါ့နော်၊ သီးစုံဓာတ်ဆားတွေ ကျနော်တို့သုံးတယ်။ နောက်တခါ ခေါက်ဆွဲခြောက်တွေ ကျနော်တို့သုံးတယ်ပေါ့။ နောက်တမျိုးကတော့ ကျနော်တို့ ဘာလုပ်ပေးလဲဆိုတော့ ဟိုဘက်ကို ကျနော်တို့က ကြက်ခြေနီတွေက ဆင်းဆင်းလာတယ်၊ ဆိုင်ကယ်လေးနဲ့အရဲစွန့်ပြီးတော့၊ ဆင်းလာလို့ရှိရင် ရိက္ခာ… ကျနော်တို့ တင်ပေးတယ်။ ဒါပေမယ့် ခေါက်ဆွဲခြောက် နှစ်ပုံးလောက်ဆိုရင် သူတို့ ဆိုင်ကယ်တစီးက ပြည့်သွားတာပဲလေ။ ဆိုင်ကယ်လ် သုံးလေးစီး ဆင်းလာပေမယ့် ဓာတ်ဆားထုတ်၊ ခေါက်ဆွဲထုတ် ကျနော်တို့ ရအောင်တင်ပေးတယ်။ ဒါပေမယ့် ဆိုင်ကယ်တစီးကို အလွန်ဆုံး အထုတ် ၃၀၀ လောက်ပဲပါတယ်။ လူတယောက်ကလည်း တနေ့ကို တနပ်ကိုစားမယ်ဆိုလို့ရှိရင် နှစ်ထုတ်လောက်မှ အဆင်ပြေတယ်။ လူတယောက်ကို တညအိပ် နှစ်ရက်ခရီးဆင်းမယ်ဆိုရင် ငါးထုတ်၊ ဆယ်ထုတ်မှ ထည့်မပေးရင် အဆင်မပြေဘူး။”

လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြား လုံထန်အရပ်ကနေ သွားရောက် ကယ်တင်လာသူတွေကိုတော့ ကွမ်းလုံမြို့က ကယ်ဆယ်ရေးစခန်းမှာ တညအိပ် နားစေပြီး နောက်နေ့မှာ လားရှိုးမြို့ မန်စီရှမ်းကျောင်းကို ပို့ဆောင်ပေးပါတယ်။ ဒီကမှ တဆင့် စစ်ရှောင်သူတွေ ဌာနေရင်းတွေကို ပြန်ကြတာလည်း ဖြစ်ပါတယ်။စစ်ဖြစ်နေတဲ့နှစ်လနီးပါးကာလအတွင်း ကွမ်လုံအခြေစိုက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ကယ်ဆယ်ပေးခဲ့သူ ၉ ထောင်နီးပါး ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

ဖေဖော်ဝါရီလ ၉ ရက်နေ့က စဖြစ်တဲ့ တိုက်ပွဲတွေကြောင့် လောက်ကိုင်ဒေသတဝိုက်မှာ ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် လာရောက်လုပ်ကိုင်ကြတဲ့ မြန်မာပြည်တွင်းက အလုပ်သမားတွေဟာ ဒေသခံတွေနဲ့အတူ တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ မှတ်ပုံတင်ကဒ်ပြား လက်ဝယ် ရှိသူတွေနဲ့ လမ်းခရီးစရိတ်ရှိသူတွေက တရုတ်ပြည်ဘက်က ပတ်ပြီး စစ်ဘေးလွတ်ရာမြန်မာနယ်စပ် ဝင်ပေါက်တွေကနေ ပြန်နိုင်ကြပါတယ်။ ဒါပေမယ့် မှတ်ပုံတင် မရှိသူတွေ၊ နောက် အပြန်စရိတ် မရှိသူတွေကတော့ ပါစင်ကျော်၊ လုံထန်၊ မာလီရှုးဝါး ကနေတဆင့် ကယ်ဆယ်ပေးမယ့်သူတွေ မတွေ့မချင်း ခရီးကြမ်း လမ်းလျှောက်ပြန်နေကြရတာ ဖြစ်ပါတယ်။ကိုးကန့် ဒေသတိုက်ပွဲတွေကြောင့် လားရှိုးမြို့ မန်စီ ရှမ်းကျောင်းကို ရောက်လာတဲ့ စစ်ရှောင် သူတွေကိုတော့ မြန်မာအစိုးရက ဌာနေပြန်ဖို့ အကူအညီတွေ ပေးနေပေမယ့်လည်း တရုတ်ဘက်ကို ထွက်ပြေးကြသူတွေအတွက်တော့ ဌာနေပြန်နိုင်ရေး အကူအညီပေးတာမျိုး မရှိသေးပါဘူးရှင်။

XS
SM
MD
LG