ရွေးကောက်ပွဲ အောင်နိုင်ရေး နိုင်ငံရေးပါတီတွေ စည်းရုံးရေးဆင်းနေချိန်မှာ အတိုက်အခံပါတီ NLD ကို တိုက်ခိုက်တဲ့စာတွေကို လူအုပ်စုတွေနဲ့ ဖြန့်ဝေလှုပ်ရှားမှုတွေ လုပ်လာနေတယ်လို့ NLD တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီလိုနှောင့်ယှက်လာမှုတွေအတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေ ဘက်က ထိရောက်တဲ့ အရေးယူမှု မရှိသေးဘူးလို့လည်း ဆိုပါတယ်။
ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ နိုင်ငံရေးပါတီတွေဘက်က ပါတီတွေ စောင့်ထိန်းရမယ့် မူကျင့်ဝတ်တွေကို ဖောက်ဖျက်တယ်လို့ အကြောင်းကြားလာရင် အရေးယူဆောင်ရွက်ပေးမယ်လို့ ဆိုပါတယ်။ အသေးစိတ် မဆုမွန် က တင်ပြထားပါတယ်။
အခုဆိုရင် ၂၀၁၅ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေဘက်က စက်တင်ဘာလ ၈ ရက်နေ့ကစပြီး ရက်ပေါင်း ၆၀ အတွင်း မဲဆွယ်စည်းရုံးမှုတွေ စတင်လှုပ်ရှားနေကြချိန် ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးလှုပ်ရှားကြတဲ့အခါ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲဥပဒေနဲ့အညီ မဲဆွယ်စည်းရုံးကြဖို့နဲ့ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးနေစဉ် ကာလအတွင်းမှာလည်း အငြင်းပွားမှုဆိုင်ရာ ဖြေရှင်းရေး ကော်မတီတွေဖွဲ့ပြီး စောင့်ကြည့်လေ့လာကြမှာဖြစ်ပြီးတော့ ကျင့်ဝတ်နဲ့မညီဘူးလို့ တိုင်ကြားလာရင် ကော်မတီတွေက ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။
ဒီလိုအချိန်မှာ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မဲဆွယ်စည်းရုံးရေးခရီးစဉ်တချို့မှာ အဖွဲ့ချုပ်ကို ဆန့်ကျင်တဲ့ ကန့်ကွက်လှုပ်ရှားမှုတချို့ကို လှုပ်ရှားလာတာတွေ ရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့ဆီမှာတော့ အနှောင့်အယှက်ရှိတယ်။ အန်တီကို ဆန့်ကျင်တဲ့ စာရွက်တွေဝေတယ်။ နောက် မဘသ လို့ နာမည်တပ်ထားတဲ့ စာရွက်တွေဝေတယ်။ အဲဒါမျိုးတွေပေါ့ အဖွဲ့ချုပ်ကို ဆန့်ကျင်တဲ့ စာရွက်စာတန်းမျိုးတွေပေါ့။ အဲဒါမျိုးတွေ ဝေတာတော့တွေ့တယ်။ အဲတော့ ကျနော်တို့က ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဒီဟာတွေမရှိအောင် ကိုယ့်လုံခြုံရေးကို ပိုပြီးတော့ တင်းတင်ကျပ်ကျပ် ကိုင်တွယ်ရမှာ။ အဲဒါပဲ လုပ်နေတယ်။”
မဲဆွယ်စည်းရုံးရေးကာလအတွင်း အခုလို ကြုံလာရနိုင်ခြေရှိတဲ့ နှောင့်ယှက်မှုတွေနဲ့ ပတ်သက်တဲ့ တာဝန်ရှိသူတွေဘက်က ကြိုတင်ပြင်ဆင်မှုတွေနဲ့ ထိရောက်တဲ့ အရေးယူဖြေရှင်းပေးနိုင်ခြင်း မရှိဘူးဖြစ်နေတယ်လို့လည်း ရွေးကောက်ပွဲ လေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့် က ပြောပါတယ်။
“အဓိကတော့ ဘာပြဿနာ ကြုံရသလဲဆိုတော့ ပါတီက မဟုတ်တဲ့ အခြားသော အဖွဲ့အစည်းအမျိုးမျိုး ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူမျိုးရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ နောက် တသီးပုဂ္ဂလတွေ၊ နောက် လူအုပ်စုတွေကနေပြီးတော့မှ တရားမဝင် စာရွက်စာတန်းတွေ ဖြန့်ဝေတာတွေ၊ နောက်ပြီးတော့မှ မမှန်ကန်တဲ့ ဆိုင်းဘုတ်တွေ ထောင်ပြီး ဆန္ဒပြတာတွေ၊ ဒီ အော်ဟစ်တာတွေ၊ သီချင်းတွေဖွင့်ပြီး နှောင့်ယှက်တာတွေ အဲဒီဟာမျိုးတွေတော့ အဓိကကြုံရတယ်။ အဲလို ကြုံတဲ့အခါကျတော့ ကော်မရှင်ကို သွားတိုင်လိုက်ရင်တော့ ကော်မရှင်က အမြဲပြောလေ့ရှိတာက သူတို့နဲ့ မဆိုင်ဘူးလို့ ပြောတယ်။ ဒါက နိုင်ငံရေးပါတီ မဟုတ်တဲ့အခါကျတော့၊ ဆိုတော့ အာဏာပိုင် အဖွဲ့အစည်းတွေကလည်း လာတိုင်ပါဆိုရင် တချို့နေရာတွေမှာ အမှုဖွင့်ပေးလိုက်တာတော့ ရှိတယ်။ ဧရာဝတီတိုင်းမှာဆိုရင် NLD ဘက်ကနေပြီးတော့မှ ဒါကို အမှုဖွင့်ထားတယ်။ ဒါပေမဲ့ အတော်ကြာပြီ၊ အခုထိလည်း မဆောင်ရွက်ဘူး။ အခုရွေးကောက်ပွဲဆိုလည်း ရက် ၅၀ တောင် မကျန်တော့ဘူး။ ဒီလိုနှောင့်ယှက်တာတွေနဲ့ ပတ်သက်ပြီးတော့မှ သိရဲ့သားကြီးနဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူတာ ကိုင်တွယ်တာ၊ တားမြစ်တာတို့ လုပ်ကိုင်ပေးတာ မရှိတာကြောင့် ရွေးကောက်ပွဲနီးလာလေလေ ဒါနဲ့ပက်သက်ပြီး ပြဿနာတွေပေါ်ဖို့အတွက် လမ်းစတွေ ပိုပြီး ရှိစေတယ်လို့ သုံးသပ်ပါတယ်။”
ဒေါ်အောင်ဆန်းစုကြည်ဟာ မကြာခင်မှာ ရခိုင်ပြည်နယ်ဘက်ကိုလည်း စည်းရုံးရေးခရီး သွားဖို့ရှိနေပါတယ်။ ရခိုင်ပြည်နယ်ဟာ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင် အကြမ်းဖက် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့နေရာပါ။ ဒေါ်အောင်ဆန်းစုကြည် လာရောက်ခဲ့ရင် ဆန္ဒပြကန့်ကွက်မှုတွေနဲ့ ကြုံလာရနိုင်ချေရှိတယ်လို့လည်း မှန်းဆမှုတွေရှိသလို သူရဲ့လုံခြုံရေးအတွက်လည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင်က ဦးဆန်းဝင်းထွန်းက မဲဆွယ်စည်းရုံးရေးကာလအတွင်း အခုအချိန်အထိ နိုင်ငံရေးပါတီတွေဘက်က တိုင်ကြားလာတာမျိုး မရှိပေမဲ့လို့ ကော်မရှင်ဘက်ကလည်း စောင့်ကြည့်နေပြီး တိုင်ကြားလာရင် အရေးယူဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကော်မရှင်က စောင့်ကြည့်တယ်ဆိုတာထက် နိုင်ငံရေးပါတီအချင်းချင်း ထိန်းသိမ်းသင့်တယ်။ ပါတီအချင်းချင်း ထိန်းကျောင်းပြီးတော့ ကိုယ့်နေရာတွေမှာ ဟောပြောမှုရှိလား။ ဒါမျိုးတွေကို ပါတီအချင်းချင်း ထိန်းပြီး ကြည့်ရူပါတယ်ခင်ဗျာ။ စည်းမျဉ်းစည်းကမ်းတွေ မကိုက်ညီဘူးဆိုပြီး ကျနော်တို့ကို တိုင်တန်းတဲ့အခါကျရင်တော့ ကိုယ့်ကော်မရှင်အဖွဲ့ခွဲအနေနဲ့ ဆုံးဖြတ်လို့ရရင် ဆုံးဖြတ်ပြီးတော့ အငြင်းပွားမှုကို ဖြေရှင်းပေးမှာပေါ့။ ကိုယ့်အနေနဲ့ ဆုံးဖြတ်လို့မရရင်တော့ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ကို တင်ပြပြီးတော့ ဆောင်ရွက်မှာပေါ့။”
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဘက်ကတော့ မဲဆွယ်စည်းရုံးရေးကာလ မတိုင်ခင်ကာလက နိုင်ငံရေးပါတီတွေနဲ့ နောက်ဆုံး တွေ့ဆုံဆွေးနွေးခဲ့ချိန် စက်တင်ဘာလ ၈ ရက်နေ့ကနေစလို့ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးတဲ့အခါ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်နဲ့အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/ မရှိ ကို စောင့်ကြည့်မှု ပြုလုပ်နိုင်ရန်နဲ့ တကယ်လို့ ကျင့်ဝတ်နဲ့ မညီဘူးလို့ တိုင်ကြားလာရင် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးမည့် Monitoring စောင့်ကြည့်မယ့် ကော်မတီက ဖြေရှင်းပေးမှာဖြစ်ပြီး ဒါမှ မရရင်တော့ စေ့စပ်ညှိနှိုင်းရေး ကော်မတီကို တင်ပြပြီး အဲ့ဒီအထိမှ ဖြေရှင်းလို့ မရခဲ့ရင်တော့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီက ဆက်လက် ဆောင်ရွက်မှာဖြစ်တယ် ဆိုတာကို ပြောဆိုထားပါတယ်။