သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုက်ဘာဂိုဏ်းတွေ လက်ထဲက ယူဂန်ဒါနိုင်ငံသား ၂၃ ယောက် DKBA အကူအညီနဲ့ လွတ်မြောက်


DKBA အကူအညီနဲ့ ဆိုက်ဘာဂိုဏ်းတွေ လက်ထဲမှ ပြန်လည်လွတ်မြောက်လာကြတဲ့ ယူဂန်ဒါနိုင်ငံသားများ (Photo: DKBA)
DKBA အကူအညီနဲ့ ဆိုက်ဘာဂိုဏ်းတွေ လက်ထဲမှ ပြန်လည်လွတ်မြောက်လာကြတဲ့ ယူဂန်ဒါနိုင်ငံသားများ (Photo: DKBA)

ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်း DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ထိန်းချုပ်ထားတဲ့နေရာမှ ယူဂန်ဒါနိုင်ငံသား ၂၃ ယောက် လွတ်မြောက်ရေးအတွက် အကူအညီပေးခဲ့တယ်လို့ DKBA တာ၀န်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

အွန်လိုင် (Online) လိမ်လည်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေမှာ ရောင်းစားခံနေရတဲ့ သူတို့နိုင်ငံသားတွေအတွက် ယူဂန်ဒါသံရုံးက အကူညီတောင်းခဲ့ရာကနေ မနေ့က သံရုံးတာ၀န်ရှိသူတွေနဲ့ ထိုင်းအာဏာပိုင်တွေလက်ထဲ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

သတင်းအပြည့်အစုံကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

မြန်မာနိုင်ငံ ကရင်ပြည်နယ် မြ၀တီခရိုင်အတွင်းက ကျောက်ခက်ဆိုတဲ့ DKBA ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ထိန်းချုပ်ထားတဲ့နေရာမှာ ယူဂန်ဒါနိုင်ငံသား ၂၃ ယောက်ဟာ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ လုပ်နေတဲ့ ကုမဏီတွေမှာ ရောင်စားခံထားရပြီး၊ သူတို့တွေဟာ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတခုကနေနောက်တခု လက်ဆင့်ကမ်းရောင်းစားတာကို ခံခဲ့ရပြီးတဲ့နောက် သူတို့တွေ ပြန်လွတ်မြောက်ဖို့အတွက် DKBA ဘက်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့သူ ဗိုလ်မှူးကြီးစောဆန်းအောင်က VOA ကို ပြောပါတယ်

“သူတို့နိုင်ငံ (ယူဂန်ဒါ) သံရုံးကနေ သူတို့တွေကို ဒီမှာ ရှိသလားဆိုပြီး စာရွက်စာတမ်းတွေ အထောက်အထားတွေပြပြီး တောင်းတယ်။ ဓါတ်ပုံတွေနဲ့ပြပြီး တောင်းတယ်။ အဲဒါ ကျနော်တို့က ပြန်လွှဲအပ်ပေးလိုက်တယ်လေ။ အဲဒီ ယူဂန်ဒါနိုင်ငံသား ၂၃ယောက် ရှိတယ်။ ဒီမှာက ကုမ္ပဏီတွေ ဖွင့်ထားတယ်လေ။ ကျနော်တို့က ကျနော်တို့နယ်မြေမှာ သူတို့ကို မြေငှားပေးထားတာပဲ ရှိတယ်။ သူတို့ ဘာလုပ်နေလဲ မသိဘူး။ လူ့အခွင့်ရေး ချိုးဖောက်နေတာလား။ ရောင်းစားနေတာလား မသိဘူး။ အဲဒီတော့ ကျနော်တို့က မသိရဘူး။ ဓါတ်ပုံနဲ့တကွ သူတို့ပြလာလို့ ကျနော်တို့က ဆန်းစစ်ပြီး အပ်ပေးခဲ့တာပဲ။ အဲဒီလူတွေက တယောက်ကို ဘတ်ငွေတသိန်းကျော်နဲ့ ရောင်းစားခံခဲ့ရတာလေ။”

ပြီးခဲတဲ့ ဖေဖေါ်ဝါရီလတုန်းကလည်း ယူဂန်ဒါနိုင်ငံသား ၃၀လောက်ဟာ အွန်လိုင်းလိမ်လည်သူတွေအဖြစ် အတင်းအဓမ္မ အလုပ်စေခိုင်း ခံနေရတယ်လို့ ယူဂန်ဒါ အစိုးရက ပြောပါတယ်။ သူတို့တွေကို လူကုန်ကူးသူတွေက အလုပ်ရမယ်လို့ လိမ်လည်ခေါ်ဆောင်တာခံရပြီး၊ အွန်လိုင်းလိမ်လည်တဲ့ ရာဇဝတ် ဂိုဏ်းတွေရဲ့ ဖမ်းဆီးထားရတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

သူ့တို့တွေဟာ အလုပ်လုပ်ကိုင်ဖို့အတွက် လာရင်းနဲ့ သူတို့ရဲ့ နိုင်ငံကူးလက်မှတ်နဲ့ ဖုန်းတွေကို သိမ်းထားပြီး မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီတခုကို ရောင်းစားခံခဲ့ရပါတယ်။ သူတို့ဟာ အလုပ်အကိုင်ရဖို့ ကြိုးစားရင်းနဲ့ တချို့ကတော့ မဲခေါင်မြစ်ကနေ လှေနဲ့ပို့ပြီး ရောင်းစားခံရတာမျိုး ရှိခဲ့ပါတယ်။ အများစုကနေ ထိုင်းကိုဝင်လာပြီးမှ မြန်မာဘက်မှာ ရောင်းစားခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီ လိမ်ညာတဲ့ ရာဇဝတ်ဂိုဏ်းတွေကို တရုတ်နိုင်ငံသားတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဒေသတွင်း အစီရင်ခံစာတွေမှာ ဖေါ်ပြထားပါတယ်။

ကရင်ပြည်နယ် မြ၀တီမြို့က ရွှေကုက္ကိုလ်မြို့သစ်မှာတော့ နိုင်ငံပေါင်း ၃၀ ကျော်က နိုင်ငံခြားသားတွေ လူကုန်ကူးခံရတာတွေ အတင်းအကြပ် စေခိုင်းခံနေရတာတွေ ရာဇဝတ်မူ့လုပ်ငန်းတွေ လုပ်နေတဲ့အတွက် ဖိအားပေးတဲ့အနေနဲ့ ထိုင်းဘက်ကတော့ မီးဖြတ်တောက်တာ အင်တာနက် ဖြတ်တောက်တာတွေကို လုပ်ခဲ့ပြီး အဖမ်းအဆီးတွေကိုလည်း ဆက်တိုက်လုပ်ဆောင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် မေလနဲ့ ဇွန်လအတွင်းမှာပဲ ရွှေကုက္ကိုလ်ဒေသဘက်မှာ ရောင်စားခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကိုလည်း မဲဆောက်-ဘန်ကောက်ကနေတဆင့် နေရပ်ပြန်ပို့တာတွေလည်း လုပ်ခဲ့ပါတယ်။

Forum

XS
SM
MD
LG