သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်း


TO GO WITH Myanmar-politics-economy-forex,FOCUS by Daniel ROOK This picture taken on September 3, 2011 shows an illegal money changer exchanging Myanmar kyat bank notes into US dollars in a back alley of the country's main city and former capital Yangon.
TO GO WITH Myanmar-politics-economy-forex,FOCUS by Daniel ROOK This picture taken on September 3, 2011 shows an illegal money changer exchanging Myanmar kyat bank notes into US dollars in a back alley of the country's main city and former capital Yangon.

{{Zawgyi/Unicode}}
မြန်မာနိုင်ငံမှာ စက်တင်ဘာ ၂ ရက် ကြာသပတေးနေ့က ပြင်ပဈေးကွက်မှာ ၁ ဒေါ်လာကို ၁၈၃၀ ကျပ်အထိ ဈေးပေါက်ခဲ့ပါတယ်။ တရုတ်ယွမ်ငွေနဲ့ လဲနှုန်း မြန်မာကျပ်ငွေတန်ဖိုးလည်း ဒီရက်ပိုင်းတော်တော်လေး ကျနေပါတယ်။ ခုလိုအခြေအနေမှာ ဒေါ်လာဈေး ဆက်မတက်အောင် ဗဟိုဘဏ်က ထိန်းဖို့ကြိုးစားနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရဲမွန် ကပြောပြပါမယ်။

စက်တင်ဘာလ ၂ ရက် ကြာသပတေးနေ့က အမေရိကန် ၁ ဒေါ်လာလဲနှုန်းက ပြင်ပဈေးကွက်မှာ ၁,၈၃၀ ကျပ်အထိ ဖြစ်နေပါတယ်။ ဗဟိုဘဏ်က ကြာသပတေးနေ့အတွက် တရားဝင်သတ်မှတ်ထားတဲ့ ရည်ညွှန်းငွေလဲလှယ်နှုန်း တန်ဖိုးက ၁ ဒေါ်လာကို ၁,၇၀၁ ကျပ်ဖြစ်ပါတယ်။ ဒါပေမဲ့ တရားဝင်ဖွင့်ထားတဲ့ ငွေလဲကောင်တာတွေမှာ ပမာဏအကန့်အသတ်နဲ့သာ ဝယ်နိုင်တာ၊ ဝယ်ဖို့ သတ်မှတ်ချက်တွေရှိတာကြောင့် အရေးပေါ် ဒေါ်လာလိုသူတွေက အပြင်မှာပေါက်ဈေးပေးပြီး အရောင်းအဝယ်လုပ်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် ၁ ဒေါ်လာကို ၁၈၃၀ ဈေးအထိပေါက်နေတာပါ။

ပြင်ပငွေလဲကောင်တာတွေမှာ အစိုးရသတ်မှတ်ထားတဲ့ နှုန်းနဲ့ရောင်းချပေးနေပေမဲ့ တရားဝင်ရောင်းချတဲ့ ပမာဏထက် ပိုပြီးလိုအပ်တဲ့ လုပ်ငန်းရှင်တွေကတော့ ပြင်ပဈေးကွက်မှာ ကြိုက်ရောင်း၊ ကြိုက်ဝယ်ဈေးနဲ့ ပေးပြီးဝယ်နေရကြောင်း ဆေးတင်သွင်းတဲ့ လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ရှင်းပြပါတယ်။

“အပြင်မှာတော့ဟုတ်တယ် ၁၈၃၀ ဆိုတာ၊ ဒါကတော့ လိုသူဝယ်၊ လိုသူရောင်းပါပဲ။ ဒေါ်လာဈေးကွက်ကလည်း ပျောက်နေတယ်၊ ဈေးကွက်ရယ်လို့ မရှိဘူး၊ အပြင်မှာပဲ လိုသူတွေတော့ ဝယ်ရမှာပေါ့နော်။ အသုံးလိုတဲ့သူတွေပေါ့ ပစ္စည်းမှာတဲ့သူတွေ၊ ဥပမာ ဆေးဝါးမှာတဲ့သူတွေ ဘာတွေ၊ အရေးပေါ်လိုတဲ့သူတွေ ဘာတွေပေါ့။ ၃၀ ( ၁၈၃၀) လောက်ထိ ဝယ်ရတယ်။ အလုပ်ဖြစ်တာကတော့ ၈၀၀ ( ၁၈၀၀) ပေါ်မှာပဲ အလုပ်ဖြစ်ပါတယ်။ money changer တွေမှာတော့ ၇၀၀ ( ၁၇၀၀) စွန်းစွန်းပဲ သတ်မှတ်ထားတယ်၊ အဲဒါက လာရောင်းရင်တော့ ဝယ်လိုက်တာပေါ့ ကျန်သလောက် ရောင်းမယ်လည်းဆိုရင်တော့ ဝယ်မရသေးဘူး။
ရွှေဈေးကလည်း ကြာသပတေးနေ့က တကျပ်သား ကို ၁၇ သိန်း ၁ သောင်းကျော် (၁၇၁၄၀၀၀ ) ဈေးဖြစ်နေပါတယ်။

စစ်ကောင်စီက မြန်မာငွေစက္ကူတွေ ဆက်တိုက် ရိုက်ထုတ်နေတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေကြောင့် အခုရက်ပိုင်း ဒေါ်လာဈေးတွေ တက်နေတာလို့ ရွှေလုပ်ငန်းရှင်တယောက်က သူ့အမြင်ကို ဗွီအိုအေကို ပြောပြပါတယ်။

“ဒေါ်လာဈေးကတော့ ဆက်တက်ဖို့ပဲရှိတယ်ပေါ့၊ ဒီနိုင်ငံရေး အခြေအနေအတိုင်း။ ဗဟိုဘဏ်ကလည်း ကျပ်ငွေဆက်တိုက် ရိုက်ထုတ်နေတာ ဖြစ်တဲ့အတွက်။ အဓိကတော့ ဒီအချက်ပါပဲ၊ မြန်မာကျပ်ငွေအပေါ် ယုံကြည်မှုမရှိတာတွေပေါ့။ ဒါတောင်မှ အိတ်ချိန်းစင်တာတွေမှာ ဗဟိုဘဏ်ရည်ညွှန်း ပေါက်ဈေးအတိုင်း ဈေးတင်ပေးတယ်ဆိုပေမဲ့ တကယ်တမ်းသွားဝယ်ဆိုရင် လိုသလောက် မရနိုင်တာတွေ ဖြစ်တယ်။ ပြင်ပပေါက်ဈေးက ဆက်တိုက်ကို တက်နေတာ။”

ပြင်ပဈေးကွက်မှာ ဒေါ်လာဈေးတက်နေသလို တရုတ်ယွမ်ငွေဈေးတွေလည်း တက်နေပါတယ်။တရုတ်- မြန်မာအဓိက ကုန်သွယ်နေတဲ့ မူဆယ်နယ်စပ်မှာလည်း တရုတ်ယွမ်ငွေယွမ် ၁၀၀ ကို ကျပ် ၂၀,၀၀၀ ပတ်ဝန်းကျင် အရင်က ရှိခဲ့ပေမဲ့ အခုရက်ပိုင်း ၂၇,၀၀၀ ကျပ်ကျော်အထိ ဈေးတက်နေတာပါ။ ယွမ်ငွေနဲ့ ကျပ်ငွေ အရောင်းဈေး၊ အဝယ်ဈေးကလည်း ကျပ် ၁၀,၀၀၀ ကျော်လောက်ကွာဟနေပါတယ်။ နယ်စပ်ကုန်သွယ်ရေးကို မကြာခင်ပြန်ပြန်ဖွင့်တော့မယ်၊ တရုတ်ယွမ်ငွေကို လဲထားတာက ခိုင်မာမှုရှိမယ်ဆိုတဲ့ အမြင်တွေကြောင့်ပဲ ဒီရက်ပိုင်းထဲမှာ ယွမ်ငွေတန်ဖိုးတက်နေတာလို့ စောင့်ကြည့်နေသူတွေက ဗီအိုအေကို ပြောပါတယ်။ အွန်လိုင်းကနေ ငွေပေး ငွေချေလို့ရတဲ့ Kpay ငွေစာရင်းတွေ အပိတ်ခံရတာတဲ့ ဂယက်ဖြစ်တယ်လို့ တရုတ်ကျယ်ဂေါင်မြို့က မြန်မာကုန်သည်တဦးက ပြောပါတယ်။

“ နယ်စပ်မှာ ကျနော်တို့ ထားပါတော့ သာမန်ကုန်သည် တဦးလောက်မှာ အနည်းဆုံးက Kpay ထဲမှာ အနည်းဆုံး ( ကျပ်) သိန်း ၅၀၊ သိန်း ၆၀ ရှိတယ်၊ transfer လုပ်ငန်းလုပ်နေတော့ ဒီဟာတွေက အမြဲရှိတယ်။ အဲဒီတော့ ဒီ Kyay နဲ့ ပတ်သက်တဲ့ဟာတွေက ဒီလိုကောလာဟလတွေ ဖြစ်လာတဲ့အချိန်မှာ အကုန်လုံးက ထုတ်ပြီးလဲကြပြီ။ စိုးရိမ်တာပေါ့နော်။ အဲဒီတော့ ယွမ်ကိုပဲ ထုတ်ပြီးလဲတဲ့အချိန်မှာ မှောင်ခိုဈေးသမားအတွက်က အကြိုက်ပဲလေနော်။ အဲဒီတော့ ယွမ်ကို ဈေးကြီးလိုက်တာပေါ့။ ဒါက ယွမ်ငွေ ရသလောက်စုမှာကိုး မြန်မာပြည်မှာ ဒေါ်လာဝယ်သလိုပဲ ဒီဘက်မှာလည်း အဲလိုပေါ့။”

ငွေလဲလှယ်နှုန်း မတက်အောင် မြန်မာနိုင်ငံ ဗဟိုဘဏ်ဘက်ကလည်း ကြိုးစားနေပါတယ်။ ဗဟိုဘဏ်က ရည်ညွှန်းငွေလဲလှယ်နှုန်းကို နေ့စဉ်သတ်မှတ်ပေးနေပြီး အဲဒီတန်ဖိုးအတိုင်း ပြင်ပဈေးကွက်မှာ အရာင်းအဝယ်လုပ်ကြဖို့လည်း ညွှန်ကြားထားတာပါ။

ဈေးအဆမတန် ကွာခြားမှု မရှိအောင် ဗဟိုဘဏ်က ဒေါ်လာငွေကိုထုတ်ရောင်းတာလည်း လုပ်ဆောင်နေပါတယ်။ ဗဟိုဘဏ်အနေနဲ့ ဒေါ်လာငွေလဲလှယ်နှုန်းကို တန်ဖိုးတခုမှာ တည်ငြိမ်နေအောင် ကြိုးစား ထိန်းချုပ်နေတယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ဗွီအိုအေကို ပြောပါတယ်။

“ ကျနော်တို့ ထိန်းချုပ်မယ်ဆိုတဲ့ အပိုင်းမှာ နှစ်ပိုင်းရှိပါတယ်၊ ဒေါ်လာဈေးဆိုတာတော့ ကိုယ်လိုချင်သလိုဈေးကို ထိန်းချုပ်လို့တော့ မရဘူးပေါ့။ သို့သော် ထိုက်သင့်တဲ့ ဈေးတခုအပေါ်မှာ အရောင်းအဝယ်ဖြစ်အောင်ရယ်၊ မလိုအပ်ဘဲနဲ့ ဒေါ်လာဈေးမြင့်မားမှုနဲ့အတူ ကျန်တဲ့ကုန်စည်ဈေးနှုန်းတွေ မမြင့်မားအောင်တော့ ကျနော်တို့ ထိန်းရမှာပေါ့။ ဆိုတော့ အကြမ်းဖျင်းကတော့ ကျနော်တို့က ၁၇၀၀ ( ကျပ်) အတွင်းမှာပဲရှိအောင် ကျနော်တို့ထိန်းဖို့ လျာထားပါတယ်။”

သွင်းကုန်ဖြစ်တဲ့ ဆေးဝါး၊ လောင်စာဆီ၊ စားသုံးဆီ၊ စားသောက်ကုန်တွေအတွက် နိုင်ငံခြားငွေကို လိုအပ်ချက်ပေါ် မူတည်ပြီး ဖြည့်ဆည်းတဲ့နည်း၊ လုပ်ငန်းရှင်တွေ၊ ဘဏ်တွေအကြား ငွေကြေးရောင်းဝယ်တာမှာ ဖြစ်သင့်တဲ့ အတိုင်းအတာထက် ကျော်မသွားအောင် ညှိနှိုင်းတဲ့နည်း စတဲ့နည်းလမ်း ၂ ခုကို အသုံးပြုသွားမယ်လို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌက ပြောပါတယ်။

နိုင်ငံရေး မတည်ငြိမ်တာ၊ ပြည်တွင်းဘဏ်စနစ်တွေ ကောင်းကောင်း ပြန်လည် မလည်ပတ်နိုင်သေးတာ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာနေတာ၊ နယ်စပ် ကုန်သွယ်မှုတွေ ရပ်တန့်နေတာ၊ ကိုဗစ်ကပ်ရောဂါဒဏ် ခံနေရတာ စတဲ့ အခြေအနေတွေဖြစ်နေချိန်မှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာနေတာဖြစ်ပါတယ်။

........................................

မြန်မာကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်း
please wait

No media source currently available

0:00 0:04:10 0:00
တိုက်ရိုက် လင့်ခ်

{{Unicode}}













XS
SM
MD
LG