သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တဒေါ်လာကို ကျပ်ငွေ ၂၂၀၀ ကျော်အထိ ငွေလဲနှုန်းတက်


Inflation in Myanmar
Inflation in Myanmar

Zawgyi/Unicode

ပြည်တွင်းမှာ နိုင်ငံခြားငွေလဲလှယ်နှုန်း ဆက်တိုက်တက်နေတာမှာ အမေရိကန်တဒေါ်လာကို မြန်မာငွေ ကျပ် ၂,၂၀၀ ကျော်အထိ ပြင်ပပေါက်ဈေးရှိနေပါတယ်။ နိုင်ငံခြားငွေဈေးကွက်မှာ ရောင်းဈေးနဲ့ ဝယ်ဈေးအကြား အများဆုံးထားရမယ့် ကွာဟချက် သတ်မှတ်တာကို ဗဟိုဘဏ်က ပယ်ဖျက်ပေးခဲ့ပြီးနောက်မှာ တရားဝင်ငွေလဲကောင်တာတွေမှာလည်း နိုင်ငံခြားငွေလဲနှုန်းတွေ ၂,၀၀၀ ကျော်အထိ တရိပ်ရိပ်တက်လာပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်း မဆုမွန်ပြောပြပေးပါမယ်။

အမေရိကန်တဒေါ်လာကို မြန်မာငွေ ၁,၇၅၅ ကျပ် ဗဟိုဘဏ်က ဒီနေ့ သတ်မှတ်ခဲ့ပြီး တရားဝင်ငွေလဲကောင်တာတွေမှာတော့ တဒေါ်လာကို ကျပ် ၂,၂၀၀ ကျော်အထိ ဈေးပေါက်ခဲ့ပါတယ်။ ဗဟိုဘဏ်က နေ့စဉ်သတ်မှတ်တဲ့ ဒေါ်လာငွေလဲနှုန်းပေါ် အခြေ ခံပြီး တရားဝင်ငွေလဲ ကောင်တာတွေမှာ ရောင်းဈေးနဲ့ ဝယ်ဈေးကို ဝ.၈ ရာခိုင်နှုန်းသာ အများဆုံး ကွာဟချက်ထားရမယ်လို့ အရင်ကသတ်မှတ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ ကစပြီး အဲဒီသတ်မှတ်ချက်ကို ပယ်ဖျက်ခဲ့ပါတယ်။ သတ်မှတ် ချက်တွေကို ပယ်ဖျက်လိုက်လို့ ငွေလဲကောင်တာတွေအနေနဲ့ အရောင်းအဝယ်အဆင်ပြေလာနိုင်ဖို့ မျှော်လင့်တယ်လို့ပြောကြပေမယ့် အခုရက်ပိုင်းအတွင်း ဒေါ်လာဈေးတွေ သိသိသာသာတက်လာတာကြောင့် ဈေးကွက်အခြေအနေကို စောင့်ကြည့်နေရတယ်လို့ ရန်ကုန်မှာဖွင့်လှစ်ထားတဲ့ ငွေလဲကောင်တာတခုက ပြောပါတယ်။

"ဒီနေ့က ၂,၂၃၀ နဲ့ ဝယ်ပြီး ၂,၂၉၀ နဲ့ ပြန်ရောင်းပေးပါတယ်။ အခုချိန်မှာ ဈေးတက်တော့ လာမရောင်းဘဲနဲ့ အဝယ်တွေပဲများတာပေါ့။ ဈေးတအားတက်တော့ ပြန်ရောင်းပေးဖို့လည်း မရှိဘူးပေါ့နော်၊ အဲလိုမျိုး ဖြစ်တာပေါ့။ ဒေါ်လာဈေးက တအားတက်တော့လေ သိပ်တော့အဆင်မပြေဘူးပေါ့နော်၊ အရောင်းအဝယ်က။ ကျမယ်ဆိုရင်လည်း အရမ်းကျမှာဆိုတော့လေ နည်းနည်းအန္တရာယ်များတယ်ပေါ့။"

လူအတော်များများက ဘဏ်ထဲက စုဆောင်းငွေကိုပဲ ထုတ်ယူဖို့ စဉ်းစားနေကြပြီး တန်ဖိုးခိုင်မာတယ်လို့ ယုံကြည်ရတဲ့ အမေရိကန်ဒေါ်လာနဲ့ အခေါက်ရွှေကို စုဆောင်းလာတာကြောင့် ဒေါ်လာငွေလဲဈေးနဲ့ရွှေဈေး အဆမတန်တက်လာတာလို့ လေ့လာသူတွေက ယူဆပါတယ်။ ဒါပေမယ့်လည်း တဒေါ်လာကို မြန်မာငွေ ၁,၇၀၀ ကျပ်အတွင်းမှာရှိအောင် အကြမ်းဖျဉ်းသတ်မှတ်ဖို့ လျာထားတယ်လို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဝင်းသော်က VOA နဲ့အင်တာဗျူးမှာ ပြောထားပါတယ်။

ဈေးကွက်ထဲမှာတော့ ဒေါ်လာဈေးက တဒေါက် ၂,၂၀၀ ကျော် အထိ အရောင်းအဝယ်ဖြစ်နေတာကြောင့် အခုရက်ပိုင်းအတွင်း အဝယ်သာများနေတယ်လို့ ရန်ကုန်က ငွေလဲကောင်တာတခုဖြစ်တဲ့ Grumman Exchange က ပြောပါတယ်။

"ရောင်းအားဝယ်အားအခြေအနေက လောလောဆယ်မှာတော့လေ အဝယ်တွေပဲများနေတယ်၊ နိုင်ငံခြားငွေ အဝယ်များပါတယ်ခင်ဗျ။ ကောင်တာမှာကျတော့ ငွေသားတွေကျတော့ အရောင်းနဲ့အဝယ် balance နှစ်ခုသွားတာဖြစ်တော့လေ။ အခုလောလောဆယ်မှာတော့ ကောင်တာတွေအနေနဲ့ကျတော့လည်း အရောင်းပစ္စည်းသမား သိပ်မရှိတဲ့အခါကျတော့ အရောင်းအဝယ်တွေကတော့ အရမ်းကြီးမဟုတ်ဘဲ ပါးနေတာပေါ့နော်၊ အဲလိုအနေအထားလေးတော့ ရှိပါတယ်။”

ဖေဖော်ဝါရီ ၁ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက်ပိုင်း ငွေကြေးအကြပ်အတည်းတွေဖြစ်ပြီး ဘဏ်အပ်ငွေ ထုတ်ယူမှုတွေကို အခုထိ ကန့်သတ်ထားပါတယ်။ အချိန်ကာလ ကြာ လာတာနဲ့အမျှ ဘဏ်တွေအပေါ် ယုံကြည်မှုလျော့ကျလာသလို ကုန်ဈေးနှုန်းတက်လာပြီး ငွေကြေးဖောင်းပွမှုကြောင့် ကျပ်ငွေအပေါ်ပြန်ပြီးရိုက်ခတ်မှုရှိလာတာတွေရှိတယ်လို့ ပြည်သူ့ရေးရာမူဝါဒ လေ့လာသုံးသပ်သူတဦးဖြစ်တဲ့ ဦးခိုင်ဝင်းကပြောပါတယ်။

"ဘဏ်အကျပ်အတည်းက စတာပေါ့၊ ယုံကြည်မှုမရှိတဲ့အတွက် ကိုယ့်ရဲ့ငွေတွေကို ပြန်ပြီးတော့ ထုတ်ကြတယ်ပေါ့။ ထုတ်ရင်း ထုတ်ရင်းကနေ ထုတ်ကြပြီး ဒေါ်လာဝယ်မယ်၊ ခိုင်တဲ့ပေါ့နော် ပစ္စည်းကို လူတွေက လိုက်ရှာကြရတာပေါ့။ အဲဒီအချိန် ရွှေတွေဝယ်ကြတယ်၊ ဒါကြောင့် ရွှေဈေးလည်း တက်တယ်၊ အခု သိန်း ၂၀ ကျော်သွားပြီ ပြောတယ်။ တချိန်တည်းမှာပဲ နိုင်ငံတကာက ချေးငွေတွေ မရတော့ဘူး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာတော့ဘူး၊ လုပ်လက်စ ကမ္ဘာ့ဘဏ်တို့ ADB တို့ IMF ချေးငွေတွေလည်း မရဘူး။ ဆိုတော့ အဲဟာကလည်း နိုင်ငံခြားငွေတွေက မရဘူးပေါ့။ နောက်တခုက ကုန်သွယ်မှုမှာ အရင်နှစ်ကထက် နှိုင်းယှဉ်မယ်ဆိုရင် 7 Billion ကျော် ကျသွားတယ်ပေါ့။ အဲဒီဟာတွေက အကုန်စုပေါင်းပြီးတော့ နိုင်ငံခြား ဒေါ်လာကတော့ ပိုပြီးရှားလာတာပေါ့။”

ဒေါ်လာတန်ဖိုး တက်လာတာနဲ့အတူ သွင်းကုန်ရှားပါးလာတာ၊ စက်သုံးဆီနဲ့ စားသုံးဆီအပေါ်မှာ ရိုက်ခတ်မှုတွေ ရှိလာတာ၊ သယ်ယူပို့ဆောင်ခတွေ တက်လာတာနဲ့ ကုန်ဈေးနှုန်းအပေါ် သက်ရောက်မှုရှိလာတာ ဒါတွေ ဖြစ်လာနိုင်တယ်လို့ သူကပြောပါတယ်။

၂၀၂၁ ခုနှစ်အစပိုင်းမှာ အမေရိကန် တဒေါ်လာကို မြန်မာငွေ ၁,၃၃၀ ကျပ် ရှိခဲ့ပေမယ့် အခု စက်တင်ဘာလကုန်ပိုင်းမှာတော့ ၂,၂၀၀ ကျော်အထိ ရောက်လာပါတယ်။ ဒီနေ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံ ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ ၁၅ သန်းကို ကျပ် ၁,၇၅၅ နဲ့ ရောင်းချထားပါတယ်။ ဗဟိုဘဏ်က စက်တင်ဘာလထဲမှာ အမေရိကန်ဒေါ်လာကို ၅ ကြိမ်ရောင်းချထားပြီး တလအတွင်း ရောင်းချထားတဲ့ စုစုပေါင်းတန်ဖိုးကတော့ ၆၃ သန်းရှိပါတယ်။

တိုက်ရိုက် လင့်ခ်


----------

Unicode













XS
SM
MD
LG