သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်တွင်းသတင်းအေဂျင်စီတွေ အခွန်ဆောင်ဖို့ ညွှန်ကြား


ပြည်တွင်းအခွန်များဦးစီးဌာနရုံး
ပြည်တွင်းအခွန်များဦးစီးဌာနရုံး

မြန်မာနိုင်ငံမှာ သတင်းအေဂျင်စီ မှတ်ပုံတင်နဲ့ လုပ်ငန်းလုပ်နေသူတွေကို အခွန်ဆောင်ဖို့ စစ်ကောင်စီရဲ့ အခွန်ဦးစီးဌာနက ဒီကနေ့ပဲ ညွှန်ကြားလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကြား စီးပွားရေး အကြပ်အတည်းတွေ ကြုံနေရချိန်မှာ စစ်ကောင်စီရဲ့ ညွှန်ကြားချက်ဟာ ဝင်ငွေရဖို့ ကြိုးပမ်းမှု တခုအဖြစ်နဲ့လည်း ခန့်မှန်းနေကြတာပါ။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင် ပြောပြမှာပါ။

ဝင်ငွေခွန်စည်းကြပ်ဖို့ စစ်ကောင်စီဘက်က ညွှန်ကြားလာတဲ့ လုပ်ငန်းတွေထဲမှာ သတင်းအေဂျင်စီတွေလည်း ပါဝင်လာပါတယ်။ မြို့နယ်အလိုက် မှတ်ပုံတင်ထားတဲ့ သတင်းအေဂျင်စီလုပ်ငန်းတွေကို ဝင်ငွေခွန်ဆောင်ဖို့အတွက် အခွန်ဦးစီးဌာနက ဒီနေ့ အကြောင်းကြားခဲ့တာဖြစ်ပြီး လုပ်ငန်းဆက်လည်ပတ်နေခြင်း ရှိမရှိနဲ့ ဝင်ငွေအလိုက် အခွန်ဆောင်ဖို့ အခွန်ရုံးကို ဆင့်ခေါ်ခဲ့တာ ဖြစ်ပါတယ်။ စမ်းချောင်းမြို့နယ် အခွန်ရုံးက သတင်းအေဂျင်စီ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတခုကို အခုလို ဆက်သွယ်လာခဲ့တာပါ။ တခြားမြို့နယ်က သတင်းအေဂျင်စီလုပ်ငန်းတွေကိုလည်း ဒီကနေ့ ဆိုင်ရာရုံးတွေက ဆက်သွယ်နေကြောင်း ပြောပါတယ်။

" သတင်းအေဂျင်စီကလားခင်ဗျာ ကျနော် အခွန်ရုံးကပါခင်ဗျ၊ အခွန်ကိစ္စ ဆောင်ရွက်ပြီးပြီလား မသိဘူး၊ ဘယ်အခွန်ရုံးမှာ အခွန်ဆောင်နေလဲ မသိဘူး၊ အစ်ကိုတို့ လိုင်စင်ယူထားတယ်ဆိုပြီး ကျနော်တို့ဆီ စာရောက်လာတာ အခုရောက်တာ။ ဒီမှာဆို အများကြီးပဲ အစ်ကိုတို့ တမြို့နယ်ထဲတင် မဟုတ်ဘူး ရန်ကုန် တမြို့နယ်လုံးကဟာတွေ။ ကျနော်တို့က ဒီစာရင်းနဲ့ပေါ့ အစ်ကိုတို့ အခွန်တခါမှ မဆောင်ရသေးဘူးဆိုတော့ ကျနော်တို့ အဲဒီအထောက် အထားလေးတွေ လိုချင်လို့ ကျနော်တို့ အခွန်ရုံးကို လာခဲ့ပေးပါလား။"

အခုလို ဝင်ငွေခွန်ဆောင်ဖို့ သတင်းအေဂျင်စီအဖြစ် မှတ်ပုံတင်ထားသူတွေကို အကြောင်းကြား လာတယ်ဆိုတာ ယခင်က မကြားသိခဲ့ကြောင်း Ayeyarwaddy Times သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဆလိုင်းသန့်စင်က ဗွီအိုအေကို ပြောပါတယ်။ လုပ်ငန်းလိုင်စင် မှတ်ပုံတင်တဲ့အချိန်ပဲ ဌာနဆိုင်ရာနဲ့ ထိတွေ့ဆက်ဆံခဲ့တာရှိပြီး ကျန်တဲ့အချိန်တွေကတော့ သတင်းမီဒီယာ လုပ်ငန်းအတိုင်း လည်ပတ်ခဲ့ကြောင်း သူကပြောပါတယ်။

" ကျနော်တို့ Ayeyarwaddy Times သတင်းဌာနကို ၂၀၁၈ခုနှစ်၊ စက်တင်ဘာလမှာ မှတ်ပုံတင်ခဲ့တယ်။ စမှတ်ပုံတင်တုန်းက မှတ်ပုံတင်ကြေးပဲ ပေးရတယ်၊ အဲဒီနောက်ပိုင်း ဘာမှကျနော်တို့ကို ဝင်ငွေခွန်တွေ ကောက်တာမရှိဘူး။ ဘာမှလည်း enquiry (စုံစမ်းတာ) မရှိဘူး။ ကျနော်တို့လည်း သတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီ ကျနော်တို့ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်။ ဒီလိုနည်းနဲ့ပဲ ရှိတာပေါ့နော်။ အခုကတော့ စစ်ကောင်စီဘက်ကနေ သတင်းမီဒီယာတွေဆီကို ဖုန်းဆက်ပြီးတော့ အဲလိုမျိုးတွေ ဝင်ငွေခွန်ဆောင်ဖို့ လုပ်တယ်ဆိုတာတော့ ကျနော်တို့ အတွေ့အကြုံအရ ပထမဆုံး ဖြစ်လိမ့်မယ်။"

သတင်းအေဂျင်စီတွေကို ဝင်ငွေခွန်ဆောင်ရမယ်ဆိုပြီး လုပ်လာတာက စစ်ကောင်စီမှာ ဝင်ငွေနည်းပါးနေပြီး ရတဲ့နည်းလမ်းနဲ့ ဝင်ငွေခွန်၊ အခွန်တွေကို လိုက်လံစည်းကြပ်နေတယ်လို့ မြင်ကြောင်း သူကပြောပါတယ်။ အခုဆိုရင် စစ်ကောင်စီလက်အောက်မှာ ရပ်တည်ချက် အမျိုးမျိုးနဲ့ ရပ်တည်နေတဲ့ သတင်းအေဂျင်စီ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတိုင်း မလွှဲမသွေ ဝင်ငွေခွန် ပေးဆောင်ရမဲ့ အခြေအနေလို့ မြင်ကြောင်း ပြောပါတယ်။

သတင်းအေဂျင်စီတွေ လျှောက်လွှာတင်ရတဲ့ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဌေးကတော့ ဒီကိစ္စက အခွန်ဦးစီးဌာနအောက်မှာ လုပ်ဆောင်တာဖြစ်ပြီး သူတို့အနေနဲ့မသက်ဆိုင်ကြောင်း ဗွီအိုအေကို ပြောပါတယ်။

" စီးပွားရေးလုပ်ငန်းတွေ လုပ်ရင် အခွန်ဆောင်ကြတာ၊ ကျနော်တို့တောင်မှ ဝင်ငွေခွန်ကို သတ်မှတ်တဲ့ ဝင်ငွေဘယ်လောက်ဆို ဝန်ထမ်းတွေလည်း ဆောင်ရတာရှိတယ်လေ။ အဲဒါကတော့ အခွန်နဲ့ပဲဆိုင်မယ် ထင်တယ်။ အခုက လိုင်စင်မှတ်ပုံတင်က လုပ်ငန်း အသိအမှတ်ပြု လက်မှတ်က သက်တမ်းငါးနှစ်၊ သက်တမ်း မတိုးဘူးဆိုရင်တော့ အလုပ်တော့ လုပ်လို့မရဘူးပေါ့။ သက်တမ်းကုန်ရင်တော့ သက်တမ်းတိုးရမဲ့ တာဝန် ရှိပါတယ်။"

ပုံနှိပ်ထုတ်ဝေခြင်း နည်းဥပဒေများပြဋ္ဌာန်းသည့် ၂၀၁၄ အောက်တိုဘာလ ၁၀ ရက်ကစပြီး ၂၀၂၃ ဩဂုတ်လအထိ ပုံနှိပ်လုပ်ငန်း မှတ်ပုံတင်သူ၊ ထုတ်ဝေရေး မှတ်ပုံတင်သူနဲ့ သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်နေသူ စုစုပေါင်း ၅၄၂၄ ယောက် ရှိတယ်လို့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ အာဏာသိမ်းပြီးနောက်မှာ သတင်းအေဂျင်စီ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတချို့ကို စစ်ကောင်စီက နာမည်ပျက်စာရင်း ကြေညာပြီး လုပ်ငန်းလိုင်စင်တွေ ပိတ်သိမ်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG