သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Iowa ပဏာမရွေးချယ်ပွဲရလဒ် အမေရိကန်-မြန်မာတဦး အမြင်


Election 2024 Trump
Election 2024 Trump

ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းရွေးချယ်ရာမှာ အရေးပါတယ်လို့ယူဆကြတဲ့ အိုင်အိုဝါ (Iowa) ပြည်နယ် ရီပတ်ဘလစ်ကန်သမ္မတလောင်း ပဏာမရွေးချယ်ပွဲမှာ သမ္မတဟောင်းဒေါ်နယ်ထရန့်ဟာ ၅၀ ရာနှုန်းကျော်နဲ့ အနိုင်ရရှိသွားပါတယ်။ ဒါကြောင့် သူဟာ လာမယ့် နိုဝင်ဘာလမှာကျင်းပမယ့် သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီရဲ့ ကိုယ်စားလှယ်လောင်း ပြန်ဖြစ် လာနိုင်သလားလို့ စိတ်ဝင်စားမှုတွေမြင့်တက်လာပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်နေကြတဲ့ မြန်မာတချို့ရဲ့အမြင်ကရော ဘယ်လိုရှိပါသလဲ။ ကိုဇော်မိုးကျော်ကတင်ပြထားပါတယ်။

ရစ်ပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းရွေးချယ်ပွဲကို Iowa ပြည်နယ်ကနေစတင်လိုက်ပါတယ်။ ဇန္နဝါရီလ ၁၅ ရက်နေ့ ညက ပြုလုပ်ခဲ့တဲ့ ရွေးချယ်ပွဲမှာ သမ္မတဟောင်း ဒေါ်နယ် ထရန့်၊ ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis ၊ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီးဟောင်း Nikki Haley တို့ အဓိကပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ သမ္မတဟောင်း ဒေါ်နယ် ထရန့်က ၅၁ ရာနှုန်းနဲ့ နိုင်သွားပါတယ်။ Iowa ပြည်နယ်အတွက် delegate ခေါ်ကိုယ်စားလှယ် ၄၀ ရှိတဲ့အထဲက ဒေါ်နယ်ထရန့်ကို ၂၀ ကထောက်ခံပါတယ်။ ဘာကြောင့် Iowa ပြည်နယ် သမ္မတလောင်းရွေးပွဲက အရေးပါရတာပါလဲ။ အင်ဒီးယားနားပြည်နယ်မှာ နေထိုင်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာ တင့်ဆွေက အခုလိုမြင်ပါတယ်။

“ဒီ အိုင်အိုဝါ (Iowa) မှာက အစဉ်အဆက်လိုလို ရီပတ်ဘလစ်ကန် (Republican ) သမ္မတလောင်းအတွက် အရေးပါ ပါတယ်။ သူက သမိုင်းကြောင်းလေးလည်း ရှိတယ်ပေါ့။ မတော်တဆ သမိုင်းကြောင်း (တိုက်ဆိုင်မှု) လို့လည်း တွက်ဆကြတာပေါ့၊ 'အိုင်အိုဝါမှာနိုင်တဲ့သမ္မတလောင်းဟာ တကယ့်သမ္မတလောင်းဖြစ်လာဖို့ အလားအလာရှိတယ်' ဆိုပြီး တွက်ကြတဲ့အတွက် အိုင်အိုဝါကို အာရုံစိုက်ပြီး ကြိုးစားကြတယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။”

ရီပတ်ဘလစ်ကန်ပါတီရဲ့ သမ္မတလောင်းရွေးပွဲတွေကို ပြည်နယ်တခုချင်းစီအလိုက် လုပ်သွားမှာဖြစ်ပြီး Iowa အပြီးမှာ နယူးဟမ်းရှားပြည်နယ်ကို ဆက်မှာဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန်မှာ delegates ခေါ်ကိုယ်စားလှယ်ပေါင်း ၂,၄၀၀ ရှိတဲ့အထဲက သမ္မတလောင်းဖြစ်ဖို့အတွက် အနည်းဆုံး ၁,၂၁၅ ယောက်ရဲ့ထောက်ခံမှုကို ရရမှာဖြစ်ပါတယ်။ ဒေါ်နယ် ထရန့်ရဲ့အလားအလာ ဘယ်လိုရှိပါသလဲ။ ဒေါက်တာတင့်ဆွေကအခုလိုသုံးသပ်ပါတယ်။

“အလားအလာကတော့ သူက ကောင်းတာမှန်တယ်ခင်ဗျ၊ ငြင်းလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ သတင်းမီဒီယာအားလုံးရဲ့တင်ဆက်ချက်တွေကိုကြည့်လို့ရှိရင် သူကဘာပဲဖြစ်နေနေ၊ ရီပတ်ဘလစ်ကင်ထဲမှာတော့ သူ့ကိုယှဉ်နိုင်တဲ့ တခြားသမ္မတလောင်းတွေထက် သူက သာတဲ့အနေအထားတရပ်ကို သူက ဆုပ်ကိုင်နိုင်တဲ့အတွက် နောက် primary caucus (ရွေးချယ်ပွဲ) တွေမှာထရန့် (Trump) က အလားအလာကောင်းတယ်လို့ပဲ မြင်ပါတယ်ခင်ဗျ။”

တဘက်မှာလည်း သမ္မတဟောင်းဒေါ်နယ်ထရန့်ကို ရာဇဝတ်မှုကြီး ၄ မှုအတွက် စွဲချက်ပေါင်း ၉၁ ချက်နဲ့ တရားစွဲ ထားပါတယ်။ ၂၀၂၁ နှစ် ရွေးကောက်ပွဲရှုံးနိမ့်ပြီး ဇန္နဝါရီလထဲမှာ အမေရိကန်သမိုင်းမှာ အတော်အကျည်းတန်တဲ့ လွှတ်တော်အဆောက်အဦးကို ဝင်ရောက်စီးနင်းခဲ့တဲ့ကိစ္စမှာ သူဟာတာဝန်ရှိတယ်လို့ စွပ်စွဲခံထားရပြီး သူ့ကို သမ္မတပြန်မဖြစ်အောင် တားဆီးကြပါလို့ တိုက်တွန်း မှုတွေလည်း ရှိပါတယ်။ ဒေါက်တာတင့်ဆွေက အခုလိုပြောပါတယ်။

“ဒေါ်နယ်ထရန့်မှာ အဲလောက်ကြီးမားတဲ့ရာဇဝတ်မှုကြီးတွေကို ကျော်လွှားဖို့အတွက် သမ္မတရာထူးရမှပဲဖြစ်မယ့်အတွက် သူ့ဘက်ကလည်း ဗျူဟာကျကျ ထပ်ပြီးတော့စီစဉ်ပါတယ်ခင်ဗျ၊ ဒီနေရာမှာ အဆုံးအဖြတ်ကတော့ မဲပေးမယ့် သူတွေလို့ပဲ မြင်ပါတယ်ခင်ဗျ။”

Iowa သမ္မတလောင်းရွေးပွဲအပြီးမှာတော့ ဒေါ်နယ်ထရန့်ဟာ ရီပတ်ဘလစ်ကန် သမ္မတလောင်း ပြန်ဖြစ်လာနိုင်တဲ့ အလားလာတွေရှိလာပါတယ်။ ဒေါက်တာတင့်ဆွေကတော့ အခုလိုမြင်ပါတယ်။

“အမေရိကန်မဲဆန္ဒရှင်တွေကလည်း ခတ်ဆန်းဆန်းပဲပေါ့နော်၊ သမ္မတရွေးကောက်ပွဲတွေကိုကြည့်လို့ရှိရင် ပြီးခဲ့တဲ့သူ သမ္မတဖြစ်ခဲ့တဲ့ရွေးကောက်ပွဲကိုကြည့်လိုက်လို့ရှိရင် သူရဲ့သြဇာလွှမ်းမိုးမှုကြီးမားလွန်းတာကို- အဲဒိသြဇာအရှိန်နောက်မှာ ကပ်ပါတဲ့လူတွေရှိတယ်။ နောက်တခါ ရိုးရိုးပဲကြည့်ပြီးတော့ 'ဒီလူကတော့ ဟိုလူ့ထက်သာလောက်တယ်' ဆိုတဲ့ ရိုးရိုးမြင်တဲ့သူတွေလည်းရှိတဲ့အတွက် အခုလည်းပဲ သူသမ္မတလောင်း ပြန်ဖြစ်နိုင်ပြီးတော့ ဒီမိုကရက်ထက် သူက မနိုင်ဘူးလို့ မပြောနိုင်ဘူး ဆိုတဲ့အဆင့်လောက်တော့ ရောက်နေပြီလို့ ကျနော်မြင်ပါတယ်ခင်ဗျ။”
သမ္မတဟောင်းဒေါ်နယ်ထရန့်ကတော့ Iowa ပွဲအနိုင်ရအပြီးမှာ လာမယ့်ရွေးကောက်ပွဲမှာ သူနိုင်မယ်ဆိုတဲ့ ယုံကြည်မှု မျိုးတွေနဲ့ အမေရိကန်ပြည်သူတွေစည်းလုံးညွတ်ကြပါလို့ ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG