သုံးရလွယ်ကူစေသည့် Link များ

ပါရီသဘောတူညီချက်မှ နုတ်ထွက်မှုအပေါ် တုံ့ပြန်ချက်များ


ပါရီသဘောတူစာချုပ်ကနေ နုတ်ထွက်မယ်လို့ အမေရိကန်သမ္မတ Donald Trump ဆုံးဖြတ်လိုက်အပြီး အိမ်ဖြူတော်ရှေ့ဆန္ဒပြမူ

ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး ပါရီသဘောတူစာချုပ်ကနေ နုတ်ထွက်မယ်လို့ အမေရိကန်သမ္မတ Donald Trump ဆုံးဖြတ်လိုက်တဲ့အပေါ် ဥရောပခေါင်းဆောင်တွေက စိတ်ပျက်ကြောင်း တုံ့ပြန်နေကြပါတယ်။

ဒီကြေညာချက်က အားလျော့သွားစေတာထက် ထိတ်လန့်သွားစေခဲ့တယ်၊ လစ်လပ်သွားတဲ့ ဦးဆောင်နေရာမှာ ဥရောပနဲ့ ကမ္ဘာတဝန်းက ဆုံးဖြတ်ချက်ခိုင်မာတဲ့ မိတ်ဆွေနိုင်ငံတွေက အစားထိုး ဦးဆောင်သွားဖို့ အသင့်ပဲလို့ EU ဥရောပသမဂ္ဂရဲ့ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ ကော်မရှင်နာမင်းကြီး Miguel Arias Cañete ကတုံ့ပြန်ခဲ့ပါတယ်။ ယုံကြည်မှု၊ ဦးဆောင်မှုနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဒီဆုံးဖြတ်ချက်ကြောင့် အမေရိကန်အပြင် ကမ္ဘာဂြိုလ်ကြီးထိခိုက်လိမ့်မယ်လို့ ဥရောပပါလီမာန်ဥက္ကဋ္ဌ Antonio Tajani ကလည်းပြောကြားခဲ့ပါတယ်။

ဥရောပပါလီမာန်ရဲ့ Liberal အမတ်များအဖွဲ့ခေါင်းဆောင်ကတော့ ပင်လယ်ရေမြင့်တက်လာမှုကြောင့် ဟာဝါရီကျွန်းအပေါ် သက်ရောက်နိုင်တဲ့ အကြောင်းကို Tweet လုပ်ပြီး “Make America small again” အမေရိကန်အရွယ်ကြုံသွားအောင် ပြန်လုပ်မယ်လို့ ရေးသားခဲ့ပါတယ်။ သမ္မတ Trump ရဲ့ “Make America Great Again” အမေရိကန်ကို ကြီးကျယ်အောင်လုပ်ကြမယ် ဆိုတဲ့ဆောင်ပုဒ်ကို သရော်ရေးခဲ့တာပါ။

ပါရီသဘောတူစာချုပ်ကနေ Trump ထွက်လိုက်တဲ့အတွက် အမေရိကန်ဟာ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်တဲ့ ခေါင်းဆောင်ကနေ အရှုံးပေးသူအဖြစ်ပြောင်းသွားပြီလို့ သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေး Greenpeace အဖွဲ့က တုံ့ပြန်ပါတယ်။

ကမ္ဘာပေါ်မှာ လေထုငြစ်ညမ်းမှု ဒုတိယအဆိုးဆုံးဖြစ်တဲ့ အမေရိကန်က စာချုပ်ကနေ နုတ်ထွက်တဲ့အတွက် ရာသီဥတုပြောင်းလဲမှု နှောင့်နှေးအောင် ကြိုးစားဆောင်ရွက်မှုတွေ ပိုပြီးခက်ခဲသွားလိမ့်မယ်လို့ ဥရောပခေါင်းဆောင်တွေက မြင်နေကြပါတယ်။ ပါရီစာချုပ်ကနေ နုတ်ထွက်တဲ့အတွက် အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကြား မဟာမိတ်ဆက်ဆံရေးမှာ နောက်ထပ်အဖုအထစ်တွေဖြစ်လာနိုင်တယ်လို့ ဥရောပနိုင်ငံကြီးတော်တော်များများရဲ့ အစိုးရတာဝန်ရှိသူတွေက ပြောကြားခဲ့ကြပါတယ်။

XS
SM
MD
LG