သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ Pacific မဟာမိတ်တွေနဲ့ အမေရိကန်ဆက်လက်တွဲဖို့လို


ကာကွယ်ရေးဝန်ကြီး Ash Carter
ကာကွယ်ရေးဝန်ကြီး Ash Carter

ရွေးကောက်ခံသမ္မတ Donald Trump အစိုးရသစ်အနေနဲ့ NATO မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့ဝင်တွေ၊ အာရှ-ပစိဖိတ်ဒေသက မဟာမိတ် တွေနဲ့ မိတ်ဘက်အဖြစ် ဆက်ထိန်းထားဖို့နဲ့ ဆီးရီးယားနိုင်ငံမှာ အကြမ်းဖက်သမားတွေကို ချေမှုန်းပြီး - ပြည်တွင်းစစ် အဆုံးသတ်အောင်လုပ်ဖို့ ရုရှားနိုင်ငံက ပြောထားတဲ့အတိုင်း တာဝန်ယူအောင် လုပ်ရလိမ့်မယ်လို့ ကာကွယ်ရေးဝန်ကြီး Ash Carter က ပြောဆိုလိုက်ပါတယ်။

သမ္မတ ဘရက်ခ် အိုဘားမားရဲ့ ၈ နှစ်တာ သမ္မတသက်တမ်းမှာ ဝန်ကြီးဌာနတွေ ဆောင်ရွက်ခဲ့တဲ့ အောင်မြင်မှုတွေကို အလေးထား ပြောကြားရာမှာ - အစိုးရအဖွဲ့ဝင် တခြားဝန်ကြီးတွေလိုပဲ ကာကွယ်ရေး ဝန်ကြီး ကာတာ ကလည်း သူ့ရဲ့မှတ်တမ်းမှာ တင်ပြခဲ့တာပါ။ သမ္မတသစ်အဖြစ် Trump က တာဝန်မယူခင် သီတင်း ၂ ပတ်လောက် အလိုမှာပဲ သမ္မတ အိုဘားမားထံက စာတစောင်အပါအဝင် ကြာသတေးနေ့က အစီရင်ခံ ထုတ်ပြန်တင်ပြခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံပိုင် ခရိုင်းမီးယားဒေသကို ရုရှားပိုင်အဖြစ် ၂၀၁၄ ခုနှစ်က သွတ်သွင်းခဲ့တဲ့အပေါ် အမေရိကန်က တုံ့ပြန်တဲ့အနေနဲ့ ဒေသတွင်းမှာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်မယ့် ပစ္စည်းကိရိယာတွေ တိုးမြှင့်ခဲ့တာတွေကိုလည်း ဝန်ကြီးကာတာ က အလေးထား တင်ပြခဲ့ပါတယ်။

အမေရိကန်အနေနဲ့ ရပ်တည်ချက်ခိုင်မာပြီး၊ အင်အားတောင့်တင်းတဲ့ မဟာမိတ်ဖြစ်တဲ့ NATO နဲ့ ဆက်လက်ပြီး ထိတွေ့ဆက်ဆံဖို့၊ ဆက်လက် တိုးတက်မှုတွေ ရရှိအောင်လုပ်ဖို့နဲ့ ဥရောပမှာ ရုရှားနိုင်ငံရဲ့ ရန်လိုတဲ့လုပ်ရပ်တွေကို တားဆီးဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ဆီးရီးယားသမ္မတ Bashar al-Assad ကို ထောက်ခံပြီး ရုရှားနိုင်ငံက ၂၀၁၅ ခုနှစ်နှောင်းပိုင်းကစလို့ ဆီးရီးယားမှာ စစ်ဆင်ရေးတွေ ဆင်နွှဲခဲ့ရာမှာ ပဋိပက္ခတွေဟာ ပိုမိုအန္တရာယ်ကြီးမားပြီး အကြမ်းဖက်မှုတွေ ပိုမိုများပြားလာသလို အချိန်ပိုကြာလာနိုင်ကြောင်းလည်း ဝန်ကြီးကာတာ က ပြောဆိုခဲ့ပါ တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG