သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာအေးမောင်ကို နိုင်ငံတော်ပုန်ကန်မှုနဲ့ စွဲချက်တင်


စစ်တွေအကျဉ်းထောင်မှာ အထိန်းသိမ်းခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်ကို နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ (၃)ခုနဲ့ တရားစွဲဆိုထားတဲ့အမှုကို ဒီကနေ့ စစ်တွေခရိုင်တရားရုံးတင် စစ်ဆေးခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေ ကပြောပါတယ်။ သူတို့နဲ့အတူ နောက်တဦးကို ဖမ်းဝရမ်းထုတ်ထားပြီး စစ်တွေခရိုင်အုပ်ချုပ်ရေးနဲ့ ရသေ့တောင်မြို့နယ်ရဲမှူးက တရားလိုလုပ် တရားစွဲတဲ့ အမှုကို နောက်လာမယ့် ရုံးချိန်းတွေမှာတော့ သက်သေတွေကို ဆက်စစ် သွားမှာဖြစ်ပါတယ်။ အမှုနောက်ဆုံးအခြေနေ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်းအခမ်းအနား ကျင်းပခွင့်မရတဲ့အတွက် အနည်းဆုံးလူ ၇ဦး သေဆုံးတဲ့အထိဖြစ်ခဲ့ရတဲ့ ဇန်ဝါရီလ ၁၅ရက်နေ့ကဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ဦးပဋိပက္ခနဲ့ပါ ဆက်နွယ်ပြီး ရသေ့တောင်မြို့နယ်မှာ ရခိုင်ပြည်နယ် သီးခြား အချုပ်အခြာအာဏာနဲ့ပတ်သက်ပြီး ဟောပြောခဲ့တဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ကို ဇန်နဝါရီလ ၁၈ရက်နေ့က ဖမ်းဆီးလိုက်ပြီးတဲ့နောက် ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ် ကြီးပုဒ်မ ၅၀၅ (ခ)(ဂ)အပြင် မတရားအသင်းပုဒ်မ ၁၇/၁ တို့နဲ့ တရားစွဲခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၂၉ က စတင်ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ ၉ရက်နေ့ စစ်တွေခရိုင်တရားရုံးမှာ ဒုတိယအကြိမ် ရုံးထုတ်ချိန်မှာတော့ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂နဲ့ပါ ပေါင်းပြီး ပုဒ်မ ၃ခုနဲ့ တရားစွဲဆိုခဲ့တယ်လို့ ကိုဝေဟင်အောင်ဘက်က အကျိုးဆောင်ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်နေတဲ့ ဒေါ်အေးနုစိန်က အမှုနောက်ဆုံးအခြေနေကို အခုလိုရှင်းပြပါတယ်။

"ဒီနေ့တော့ စစ်တွေခရိုင်တရားရုံးမှာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂ နဲ့ အမှုစွဲတင်တဲ့ အဆင့်ကို လုပ်ပါတယ်။ ဒေါက်တာအေးမောင်ရော ဝေဟင်အောင်ရော တရားစွဲဆိုခံရတဲ့အမှုကိစ္စကတော့ ရခိုင့်အချုပ်အခြာအာဏာကျဆုံးတဲ့ အထိမ်းအမှတ်စာပေဟောပြောပွဲ လုပ်ရာက အဲဒီ ဟောပြောချက်တွေဟာတည်ဆဲ ဥပဒေတွေနဲ့ ငြိစွန်းတယ်ဆိုပြီးတော့ တရားစွဲတဲ့အမှုမှာ အမှု ၃ ခုဖြစ်သွားတာပေါ့။ မတရားအသင်းပုဒ်မ ၁၇/၁ ရယ်၊ ရာဇသတ် ကြီးပုဒ်မ ၅၀၅ (ခ)(ဂ)ရယ် အခုတော်တော့်ကို မြန်မာနိုင်ငံရဲ့အကြီးမားဆုံး နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၂နဲ့ စွဲဆိုတဲ့ အဆင့်အထိ ရောက်သွားပါတယ်။"

အမှုတွဲတွေအဖြစ် ဒေါက်တာအေးမောင်၊စာရေးဆရာ ဝေဟင်အောင်အပြင် ဦးဘသန်းဆိုသူကိုပါ ဖမ်းဝရမ်းထုတ်ထားတယ်လို့ ရှေ့နေကပြောပါတယ်။ အမှုရင်ဆိုင်နေရချိန်မှာတော့ ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်တို့ဘက်က အခုသူတို့ကို စွဲဆိုထားတဲ့စွဲချက်တွေဟာ မမှန်ကန်ကြောင်းနဲ့ သူတို့မှာ အပြစ်မရှိကြောင်း တရားဆက်လက်ရင်ဆိုင်သွားဖို့ ပြင်ဆင်နေတယ်လို့လည်း ရှေ့နေဒေါ်အေးနုစိန်ကပြောပါတယ်။

"စွဲတဲ့လူတွေဘက်ကတော့ ဒီလို ငြိစွန်းတယ်လို့ ယူဆပြီးတော့ စွဲပေမယ့် ဒီစွပ်စွဲခံရတဲ့ လူတွေကတော့ ဒီပုဒ်မတွေနဲ့ မမြောက်ပါဘူးလို့ မငြိစွန်းဘူးဆိုတာကို ပိုင်ပိုင်နိုင်နိုင် ကိုယ့်ဘက်က သက်သေပြဖို့ ၊ ကျမတို့အနေနဲ့ အစွန်းကုန်ဆောင်ရွက်ပေးဖို့ ရည်ရွယ်ထားပါတယ်။"

စစ်တွေခရိုင်အုပ်ချုပ်ရေးနဲ့ ရသေ့တောင်မြို့နယ်ရဲမှူးက တရားလိုလုပ် တရားစွဲတဲ့ အမှုကို နောက်လာမယ့် ရုံးချိန်းတွေမှာ သက်သေတွေကို ဆက်လက်စစ်ဆေးသွားမှာဖြစ်တယ်လို့ဆိုပါတယ်။

"စစ်တွေခရိုင်အုပ်ချုပ်ရေးဦးစီးဌာနကလည်း ပါပါတယ်။ နောက်ရသေ့တောင် မြို့နယ်ရဲမှူးက တရားလိုလုပ်ပြီးတော့ စွဲတာလည်းပါပါတယ်။ တရားခွင်မှာတော့ အဲဒီလူတွေအနေနဲ့ တုံ့ပြန်ပြောကြားမယ့်အနေအထား ကိုတော့ မရောက်ပါဘူး။ ဒီနေ့တော့ ကျမတို့ကတော့ ရှေ့နေပါဝါ ကိုယ်စားလှယ်လွဲစာတွေ တင်သွင်းကြပါတယ်။ ရုံးက ဒီနေ့ စွဲတင်တဲ့အကြောင်းကို ရှင်းပြပြီးတော့ ဒီလ ၂၁ ရက်နေ့ကို ထပ်မံပြီးတော့ ချိန်းဆိုလိုက်ပါတယ်။ ရှေ့ ရုံးချိန်းမှာတော့ ပုဒ်မ ၁၂၂ အရ စွဲတဲ့အမှုရယ် ၅၀၅ (ခ)(ဂ)အရ စွဲတဲ့အမှုရယ်မှာ ဖမ်းဝရန်းထုတ်ထားတဲ့ တွဲဖက် တရားခံ ဦးဘသန်းဆိုတဲ့ ကိစ္စကတော့ ရှိနေသေးပါတယ်။ သူ့ကို ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ သူနဲ့ ပတ်သက်လို့ ရုံးလုပ်ငန်းဆိုင်ရာ ဆက်လက်ဆောင်ရွက်ရမယ့်အဆင့် ၁ ဆင့်ကတော့ ရှိပါသေးတယ်။ ၁၇/ ၁ နဲ့ စွဲဆိုထားတဲ့အမှုမှာတော့ တရားလိုသက်သေတွေကို ထုတ်စစ်ပြီးတော့ စတင်စစ်ဆေးတဲ့ အဆင့်ကို ရောက်နေပါပြီ။"

စစ်တွေအကျဉ်းထောင်ကနေ ရသေ့တောင်တရားရုံးကို ရုံးထုတ်စစ်ဆေးစဉ်မှာတော့ ပင်လယ်ခရီးကနေ ခေါ်ဆောင်ခဲ့တဲ့အတွက် သူတို့ရဲ့ကျန်းမာရေးနဲ့ လုံခြုံရေးအပေါ် မိသားစုတွေနဲ့ နိုင်ငံရေးအင်အားစုတွေဘက်က စိုးရိမ်ခဲ့ကြပါတယ်။ နောက်ရုံးချိန်းတွေကိုတော့ စစ်တွေခရိုင်တရားရုံးမှာ လာမယ့် ဖေဖော်ဝါရီလ ၂၁ရက်မှာ ထပ်မံရုံးထုတ်စစ်ဆေးမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG