သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Drone အမှုနဲ့ ဖမ်းထားတဲ့ သတင်းထောက်တွေကို လဝက ဥပဒေနဲ့ ထပ်မံတရားစွဲ


နေပြည်တော်က လွှတ်တော်အဆောက်အအုံကို အဝေးထိန်း Drone နဲ့ရိုက်ကူးဖို့ပြင်ဆင်မှုနဲ့ လေကြောင်း ပျံသန်းမှုဆိုင်ရာ အက်ဥပဒေနဲ့ ထောင်ချခံထားရတဲ့ နိုင်ငံခြားသတင်းထောက် ၂ ဦးကို ဒီကနေ့ တရားရုံးထုတ်ချိန်မှာတော့ နောက်ထပ် တရားစွဲဆိုထားဆဲအမှုတွေ ရုပ်သိမ်းဖို့ လျှောက်လဲချက်ကို ပယ်ချပြီး လဝက အက်ဥပဒေနဲ့ တရားထပ်မံစွဲဆိုလိုက်တယ်လို့ အမှုလိုက်ရှေ့နေကပြောပါတယ်။ အခုလိုသတင်းသမားတွေအပေါ် ထောင်ဒဏ်ချပြီးတာတောင် နောက်ထပ် ဥပဒေပုဒ်မ အမျိုးမျိုးတပ်ပြီး ထပ်မံတရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့အပေါ် သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ပတ်သက်လို့ ဒီမိုကရေစီအစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ သတင်းမီဒီယာလွတ်လပ်ခွင့်လှုပ်ရှားသူတွေဘက်က ဝေဖန်လိုက်ပါတယ်။ မဆုမွန် စုစည်းတင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေထဲက လွှတ်တော်အဆောက်အအုံကို အဝေးထိန်း Drone နဲ့ရိုက်ကူးဖို့ပြင်ဆင်နေချိန် ဖမ်းဆီးခံလိုက်ရတဲ့ တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာနရဲ့ စင်္ကာပူရုံးခွဲက မလေးရှားနိုင်ငံသူ သတင်းထောက်အမျိုးသမီး ၊ စင်ကာပူနိုင်ငံသား အမျိုးသားသတင်းထောက်တို့အပြင် ဘာသာပြန်အဖြစ် လိုက်ပါသွားတဲ့ မြန်မာနိုင်ငံသား သတင်းထောက် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတို့ကို နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီး လေကြောင်းပျံသန်းမှုဆိုင်ရာ အက်ဥပဒေနဲ့ ထောင်ဒဏ် ၂ လစီ ချမှတ်ပြီးဖြစ်ပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၇ရက်နေ့မှာတော့ သူတို့ကို တရားစွဲဆိုထားဆဲ အမှုတွေကို နေပြည်တော် မှာ ရုံးထုတ်စစ်ဆေးချိန်မှာတော့ ရာဇဝတ် ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၃ (၁) အရ တရားစွဲဆိုမှုတွေ ကို ရုပ်သိမ်းဖို့ လျှောက်လဲချက်ကို ပယ်ချလိုက်ပါတယ်။ ဒါ့အပြင် ဇမ္ဗူသီရိမြို့နယ် လ.ဝ.က ဦးစီးမှူးက လ.ဝ.က အက်ဥပဒေ ၁၃(၁) နဲ့ ထပ်မံပြီး တရားစွဲဆိုလိုက်တယ်လို့ သတင်းသမားတွေဘက်က အမှုကို ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။

" ဒီနေ့ ၄၀၃ (၁) ကို တင်လိုက်တယ်ပေါ့ဗျာ ရုံးက ။ ပြစ်မှုတခုတည်းကို ၂ ခါစစ်ဆေးတာ မဟုတ်ဘူးပေါ့ဗျာ။ ပြစ်မှုတခုက Drone လွှတ်တင်တာ၊ နောက်တခုက Drone ကို နိုင်ငံခြားက သွင်းတာပေါ့ဗျာ။ အဲဒီလိုမျိုးမတူဘူးပေါ့ အဲဒါ ပယ်လိုက်တယ်။ နောက်ပြီးတော့ ထူးထူးခြားခြား နောက်တမှုထပ်တက်လာတယ် အဲဒါကတော့ Immigration act ၁၃(၁) နဲ့ တက်လာတယ် Overstay ပေါ့ Visa သက်တမ်းကျော်လွန်ပြီးတော့ နေထိုင်နေတယ်ဆိုပြီး အဲဒီ နိုင်ငံခြားသား၂ယောက်ကို ။ မြန်မာ၂ ယောက်ကတော့ မပါဘူး ဦးစီးမှူးကနေပြီးတော့ တရားလိုလုပ်ပြီးတော့ လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ၁၃(၁) နဲ့ ပြစ်ဒဏ်ကတော့ ၁ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ ငွေဒဏ် ဖြစ်စေ ဒဏ်၂ ရပ်လုံးချမှတ်နိုင်တယ်။"

အခုလာမယ့် ဒီဇင်ဘာ ၄ရက်နေ့မှာ ထပ်မံရုံးထုတ်စစ်ဆေးချိန်မှာတော့ သူတို့ကို သက်ဆိုင်ရာက တရားစွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ပတ်သက်ပြီး ဆက်လက်စစ်ဆေးမှာဖြစ်တယ်လို့ ရှေ့နေဦးခင်မောင်ဇော်ကပြောပါတယ်။

"ပုဒ်မတွေကို ဒီနေ့ဖတ်ပြရုံပဲရှိသေးတယ်။တင်စရာရှိသေးတယ် ရှေ့ရုံးမှာ ကျမှပဲ အကျယ်တဝင့်ပြောကြမှာ ။ ကျနော်ကိုယ်တိုင်လည်း ပါဝါမတင်ခဲ့ဘူး Import နဲ့ export အတွက်နဲ့ လွှတ်တင်တာ ပဲတင်ခဲ့တယ် အဲဒီ ၂ ခုပဲ ။ နောက်ရုံးကျမှ တင်ရမှာ ။ သူတို့က အမှု ၃ ခုကို ရင်ဆိုင်ရတာပေါ့ဗျာ ၊ ၁ မှုကို ဒီနေ့ စွဲလိုက်တယ်ပေါ့ဗျာ။"

သတင်းမီဒီယာလွတ်လပ်ခွင့်အပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဒီမိုကရေစီစနစ်ဖော်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ NLD ပါတီဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ အခုလို သတင်းသမားတွေအပေါ် ဖမ်းဆီးထောင်ချမှုတွေနဲ့ ဥပဒေပုဒ်မတွေ အမျိုးမျိုး တပ်ပြီး တရားစွဲဆိုဖို့ ပြင်ဆင်နေတဲ့အပေါ် ဒီမိုကရေစီအစိုးရရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်လို့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် လှုပ်ရှားဆောင်ရွက်နေသူ ကဗျာဆရာ မောင်ဆောင်းခက ဝေဖန်ပြောဆိုလိုက်ပါတယ်။

"သူတို့ကို ပထမ အမှုနဲ့ ပြစ်ဒဏ် ၂ လ ချပြီးသွားပြီ တကယ်က ဒီလောက်ဆိုရင် ကျေနပ်သင့်တယ်ပေါ့နော်။ အငြှိးတကြီးနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ကို ထောင်ထဲကို အကြာကြီးထည့်ထားနိုင်အောင်ဆိုပြီးတော့ ရှိသမျှ ပုဒ်မတွေနဲ့ အကုန် ကောက်စွဲတပ်ပြီးတော့ ထောင်ထဲဆွဲထည့်ထားတာမျိုးတော့ လုံးဝမဖြစ်သင့်ဘူး။ ဒီလောက်ကြီး ဥပဒေတွေ တခုပြီးတော့တခု ၊ ဥပဒေတွေ မြောက်မာျးစွာနဲ့ သူတို့ကို ထောင်ထဲကို အကြာကြီးထည့်ဖို့ ကြိုးစားတာကတော့ ဒီမိုကရေစီအစိုးရလက်ထက်မှာ မလုပ်ဆောင်သင့်ဘူးလို့ ကျနော် မြင်တယ် "

အခုလို သက်ဆိုင်ရာက တရားစွဲဆိုမှုအပြင် အခုနောက်ပိုင်းမှာ အကဲဆတ်မခံတဲ့ သတင်းအချက်အလက် ဖော်ပြမှုတွေနဲ့ပတ်သက်လို့ သတင်းမီဒီယာ သမားတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုများလာတယ်လို့လည်း မောင်ဆောင်းခကပြောပါတယ်။

"မီဒီယာသမားတွေ နည်းနည်းလေးလွဲလိုက်တာနဲ့ အဲဒီလူကို ထောင်ထဲထည့်မယ်၊ သတ်မယ်ဖြတ်မယ်အထိ ခြိမ်းခြောက်တာတွေက ကျနော်တို့က ကြုံလာရတယ် မြင်လာရတယ်ပေါ့နော်။ တကယ် တရားဝင်ကိုပဲ online မှာ Profile အမှန်တွေနဲ့ ပြောနေတာတွေကို ကြုံလာရတယ် ပေါ့နော်။ မီဒီယာပေါ်မှာ ဒီလိုဖိနှိပ်နေတာနဲ့ပတ်သက်ပြီး ဘယ်သူကပဲလုပ်လုပ် လက်ရှိ NLD အစိုးရပဲ တာဝန်ယူရမယ် ။ ဒီထက် မဆိုးဝါးသေးတဲ့အချိန်တွေမှာ သူတို့က ဒါအပေါ်မှာ ဒီဟာတွေကို တာဝန်ယူပြီးတော့ ဖြေရှင်းတာတွေ ဖြေလျှော့တာတွေ မဖြစ်မနေ လုပ်ပေးဖို့လိုတယ်။ နောက်ဆုံး ဘယ်သူ နာမည်ပျက်မလဲဆိုတော့ NLD အစိုးရပဲ နာမည်ပျက်မယ်။ NLD အစိုးရကို ဦးဆောင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ပဲ နာမည်ပျက်မယ်လို့ ကျနော်ထင်တယ်ခင်ဗျ။"

အရင်က သူတို့ကို သွင်းကုန် ထုတ်ကုန်ဥပဒေနဲ့တရားစွဲဆိုခဲ့တာဖြစ်ပြီး လေကြောင်းပျံသန်းမှုဆိုင်ရာ ဥပေဒနဲ့ ထပ်တိုးတရားစွဲပြီး အရေးယူခဲ့တာဖြစ်ပါတယ်။ ကျန်အမှုတွေကို ရုပ်သိမ်းဖို့ လျှောက်လဲမှုတွေကို ပယ်ချပြီး နောက်မှာတော့ လ.ဝ.က အက်ဥပဒေ ၁၃(၁) နဲ့ ထပ်မံပြီး တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။အမှုထင်ရှားပြီး အပြစ်ရှိတယ်လို့ တရားရုံးက စီရင်ချက်ချရင်တော့ သွင်းကုန်ထုတ်ကုန်ဥပဒေအရဆိုရင် အနည်းဆုံး ထောင်ဒဏ် သုံးနှစ်အထိကျခံရမှာဖြစ်ပြီး လဝက ဥပဒေချိုးဖောက်မှုနဲ့လည်း ထပ်တိုးထောင်ဒဏ်တွေ ချမှတ်ခံနိုင်ရခြေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG