သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာဇော်မြင့်မောင် ဈာပန မန္တလေးမှာ ကျင်းပ


ဒေါက်တာဇော်မြင့်မောင် ဈာပနအခမ်းအနား မြင်ကွင်းများ (အောက်တိုဘာ ၈၊ ၂၀၂၄)
ဒေါက်တာဇော်မြင့်မောင် ဈာပနအခမ်းအနား မြင်ကွင်းများ (အောက်တိုဘာ ၈၊ ၂၀၂၄)

ထောင်တွင်း ကင်ဆာရောဂါ အပြင်းအထန် ခံစားခဲ့ရပြီးနောက် ကွယ်လွန်သွားခဲ့တဲ့ မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပနကို ဒီကနေ့ မန္တလေးမှာ ကျင်းပပြီးစီးခဲ့ပါတယ်။ ဈာပနကို မန္တလေးမှာ စည်စည်ကားကား ကျင်းပခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ တဦးလည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ရဲ့ စွမ်းဆောင်ခဲ့မှုတွေကိုလည်း အများက သတိရနေကြပါတယ်။ ဒီကနေ့ ဈာပနအခမ်းအနားနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး တင်ပြထားပါတယ်။

NLD ပါတီဝင် မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပနအခမ်းအနားကို အောက်တိုဘာလ ၈ ရက်၊ ဒီကနေ့ မနက် ၁၀ နာရီမှာ နေအိမ်ကနေ တောင်အင်းမြောက်အင်း သုဿန်ကို မြို့ခံအများအပြား လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။ နာရေးယာဉ်တန်း အနောက်ကနေ ကား၊ ဆိုင်ကယ်၊ သုံးဘီးနဲ့ လိုက်ပါပို့ဆောင်ကြသလို၊ လမ်းခုလတ်ကနေ စောင့်ကြိုဂါရဝ ပြုသူတွေလည်း တော်တော်များတယ်လို့ မန္တလေးဒေသခံ တဦးက ပြောပါတယ်။

"များတော့များပါတယ်။ ကျနော်တို့ကတော့ နတ်ရေကန်ထိပ်ကနေ စောင့်ပို့လိုက်တာ။ အတွင်းထဲတော့ ဝင်လို့မရဘူး။ မြို့ခံအင်အားတော့ များတယ်။ ကျနော်တို့မြို့က အရမ်းတိုးတက်လာတာလေ။ ဆရာရဲတို့ လက်ထက်၊ ဒေါက်တာဇော်မြင့်မောင်တို့ လက်ထက်မှာ။ အဲလိုဆိုတော့ ကိုယ်ကတော့ ဝမ်းနည်းတာပေါ့လေ။ ကိုယ့်မြို့သူတယောက် အနေနဲ့ကတော့ ဘာပဲဖြစ်နေဖြစ်နေ အရမ်းဝမ်းနည်းတာပေါ့။"

ဈာပနလိုက်ပို့သူအင်အား တော်တော်များခဲ့တဲ့ အခြေအနေကိုလည်း မန္တလေးဒေသခံ နောက်တဦးက အခုလိုပြောပါတယ်။

"ယာဉ်တန်းက မထင်မှတ်လောက်အောင် များလွန်းတော့ ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်း ထုံးဘိုလမ်းခွဲကနေတဆင့် တောင်အင်းမြောက်အင်းကို ဝင်တဲ့နေရာကျတော့ မိသားစု၊ ဆရာ့ရဲ့နာရေးကား၊ လွမ်းသူ့ပန်းခွေ တင်တဲ့ကားအပြင် မိသားစုကားတချို့သာ ဝင်ခွင့်ပြုပြီး၊ ကျန်တဲ့ကားတွေကို တားလိုက်တယ်ပေါ့။ တားပြီး လူတွေကိုတော့ ခြေကျင်လျှောက် ဝင်လို့ရတယ်ပေါ့။ ဒါပေမဲ့ အဲဒီနေရာကနေ တောင်အင်းမြောက်အင်း သုဿန်နေရာ ရောက်ဖို့ကတော့ တော်တော်လေး လှမ်းတယ်လေ။ အဲတော့ တချို့ကျတော့ သုဿန်မှာ မီးသင်္ဂြိုလ်တဲ့နေရာ အချိန်မီရောက်ဖို့တော့ မရှိလိုက်ဘူး။ ဟိုဘက်ထိပ်မှာပဲ ပိတ်သွားတာပေါ့။ တော်တော်များများ အဲဒီမှာ ကျန်နေခဲ့တာပေါ့။ သုဿန်ဝင်းထဲမှာလည်း ထိုက်သင့်သလောက်တော့ ရောက်တယ်ပေါ့။ အဲဒါတော့ တွေ့ရပါတယ်ဗျ။"

အာဏာသိမ်းပြီးနောက်မှာ ဖမ်းဆီးခံလိုက်ရတဲ့ ဝန်ကြီးချုပ်ဟောင်းဖြစ်ပေမယ့် ချစ်ခင်သူများပြားသလို၊ မြို့ခံတွေကလည်း သူတို့ရဲ့ဝန်ကြီးချုပ်ဟောင်း ဈာပနကို လုံခြုံရေးချထားတဲ့ ကြားကနေ လိုက်ပါပို့ဆောင်ခဲ့ကြတာပါ။

"လိုက်ပို့တဲ့လူကတော့ မထင်မှတ်လောက်အောင်ကို များလွန်းတယ်။ တဖက်မှာတာဝန်ရှိတဲ့ လုံခြုံရေးအင်အားကလည်း တော်တော်များတယ်။ ပုံစံအမျိုးမျိုးနဲ့ပေါ့နော်။ အဲလိုပဲ လိုက်ပို့တဲ့လူတွေကလည်း ဆရာ့ကိုချစ်တဲ့သူတွေ၊ ခင်တဲ့သူတွေ၊ မြို့အပေါ်မှာ တာဝန်ကျေခဲ့တဲ့အလျောက် ဒီအပေါ်မှာ တုံ့ပြန်တဲ့အနေနဲ့ သူ့ကိုချစ်ခင်တဲ့သူတွေ အများကြီးတွေ့ရတယ်။"

စစ်တပ်အာဏာသိမ်းပြီး ဖမ်းဆီးခံလိုက်ရတဲ့ ဒေါက်တာဇော်မြင့်မောင်ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ချိုးဖောက်မှု၊ အများပြည်သူ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လှုံ့ဆော်မှု၊ ရွေးကောက်ပွဲမှာ မလျော်သြဇာသုံး မဲမသမာမှု၊ အဂတိလိုက်စားမှု အပါအဝင် နောက်ထပ်စွဲချက်တွေနဲ့ စစ်ကောင်စီက အရေးယူခဲ့ပြီး၊ ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခဲ့တာပါ။

ဒေါက်တာဇော်မြင့်မောင်ရဲ့ ဈာပနကို NLD ပါတီဝင်တချို့လည်း လိုက်ပါပို့ဆောင်ခဲ့ကြသလို၊ နိုင်ငံတကာ သံရုံးအသီးအသီးကလည်း လွမ်းသူ့ပန်းခွေ ပို့ဆောင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးကတော့ ဒေါက်တာဇော်မြင့်မောင်ရဲ့ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ထပ်တူ ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့တာပါ။ အာဏာသိမ်းပြီး စစ်အာဏာပိုင်တွေရဲ့ မမှန်ကန်တဲ့ နိုင်ငံရေးစွဲချက်တွေနဲ့ ထပ်မံဖမ်းဆီးခံရပြီး၊ နှစ်ပေါင်းများစွာ လုံလေက်တဲ့ဆေးကုသမှု မရခဲ့တဲ့အပြင် မကွယ်လွန်ခင် နာရီပိုင်းအလိုမှ စစ်အစိုးရက လွတ်ငြိမ်းသက်သာခွင့် ပေးအပ်ခဲ့တာဟာ စစ်မှန်တဲ့သနားကြင်နာမှု မဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်တဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ စိတ်ထိခိုက်ရတဲ့အကြောင်း ဖေါ်ပြထားတဲ့ ကြေညာချက်ကို ရန်ကုန် အမေရိကန်သံရုံးကလည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒေါက်တာ ဇော်မြင့်မောင်ကွယ်လွန်သွားတဲ့အတွက် အားလုံးပါဝင်နိုင်တဲ့ အများကို ကိုယ်စားပြုနိုင်တဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေကြတဲ့ မြန်မာပြည်သူတွေရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကို သတိရစေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG