သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၉ ခု DV Lottery ဗီဇာကံစမ်းမဲ ပြန်လျှောက်လွှာတင်ရမည်


DV Lotteryလို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ခွင့်ရှိတဲ့ Green Card ဗီဇာကံစမ်းမဲလျှောက်လွှာ တင်ထားတာတွေထဲက တချို့ ပျောက်ဆုံးနေလို့ အသစ်ထပ်ပြီး လျှောက်ကြရမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဌာနက ပြောပါတယ်။

အောက်တိုဘာလ ၃ရက်ကနေ ၁၀ရက်နေ့ အကြား တင်ထားကြတဲ့လျှောက်လွှာတွေ နည်းပညာချို့ ယွင်းမှုကြောင့် ပျောက်ဆုံးခဲ့တာဖြစ်ပြီး အဲဒီရက်တွေအတွင်း လျှောက်ထားကြသူတွေအားလုံး လျှောက်လွှာအသစ်တွေ ပြန်တင်ကြရမယ်လို့ဆိုပါတယ်။

ဒီထပ်တင်တဲ့လျှောက်လွှာတွေကို လျှောက်လွှာ၂ခါတင်တယ်ဆိုပြီး တွက်မှာမဟုတ်ဘူး လို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အင်တာနက်စာမျက်နှာမှာ ဖေါ်ပြထားပါတယ်။ ပုံမှန်အတိုင်းဆိုရင် လူတဦးထဲက လျှောက်လွှာ၂ခါတင်ရင် အကြုံးမဝင်ဘူးဆိုပြီး ပယ်ချတာကိုခံရတာပါ။ နည်းပညာချို့ယွင်းတဲ့ပြဿနာကို အခုတော့ ဖြေရှင်းပြီးသွားပြီလို့ဆိုပါတယ်။

လျှောက်လွှာတင်ဖို့အချိန်အသစ် ကတော့ ၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၁၈ရက် ဗုဒ္ဓဟူးနေ့ အမေရိကန်ပြည်ထောင်စုအရှေ့ဘက်ခြမ်းစံတော်ချိန် နေ့လည်မွန်းတည့် ၁၂နာရီကနေ၂၀၁၇ခု နိုဝင်ဘာလ ၂၂ရက် ဗုဒ္ဓဟူးနေ့ မွန်းတည့်၁၂နာရီအထိဖြစ်ပါတယ်။ အောက် တိုဘာ ၃ရက်ကနေ ၁၀ရက်အတွင်းလျှောက်ထားခဲ့သူ တွေအတွက် ထုတ်ပြန်ထားတဲ့ လျှောက်လွှာလက်ခံရရှိကြောင်း အသိအမှတ်ပြုတဲ့ နံပတ်တွေကိုတော့ အသိအမှတ်ပြု တော့မှာမဟုတ်တဲ့အတွက် ဒီနံပတ်တွေကိုသိမ်းမထားကြဖို့လည်း အသိပေးထားပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ အောက်တိုဘာလစောစောပိုင်းကလျှောက်လွှာတင်ထားကြသူတွေထံ အကြောင်းကြားစာတွေကိုအီးမေးကတဆင့်ပေးပို့မှာ ဖြစ်တဲ့အတွက် dvlottery.state.gov ဆိုတဲ့ website ကိုအရေးကြီးတဲ့ကြေညာချက်အတွက်သွားရောက်ကြည့်ရှုကြရန် ညွန်ကြားထားပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ အမေရိကန်သံရုံးတွေကိုလည်း အသိ ပေးအကြောင်းကြားထားမှာဖြစ်ပြီး လျှောက်လွှာသစ် တင်ရမယ့်ကာလတွေကိုလည်း အင်တာနက်လူမှုကွန်ယက်နဲ့ သတင်းမီဒီယာတွေကိုသုံးပြီး အသိပေးမယ်လို့ အမေရိ ကန်နိုင်ငံခြားရေးဝန်ကြီးဌာနကပြောပါတယ်။လက်ရှိလျောက်လွှာထပ်တင်ဖို့ တလ ရက်တိုးပေးမှာဖြစ်ပါတယ်။ ဒီ၂၀၁၉နှစ်အတွက်ဗီဇာကံစမ်းမဲပေါက်ကြသူတွေဟာ ၂၀၁၈ အောက်တိုဘာ ၁ ရက် နဲ့ ၂၀၁၉ စက်တင်ဘာ ၃၀ ရက်ကြားအမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ခွင့်ရှိတဲ့ဗီဇာ ရကြမှာဖြစ်ပါတယ်။

XS
SM
MD
LG