သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ဆက်တွဲငလျင်တွေ သတိထားသင့်


ငလျင်ဒဏ်သင့် ပုဂံဘုရားတစ်ဆူ
ငလျင်ဒဏ်သင့် ပုဂံဘုရားတစ်ဆူ

မြန်မာနိုင်ငံ အလယ်ပိုင်း ချောက်မြို့ အနောက်ဖက် ၁၆ မိုင်လောက်အကွာကို ဗဟိုပြုပြီး ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီကျော်က ပြင်းအား ၆.၈ ငလျင်လှုပ်သွားခဲ့ ပြီးတဲ့နောက် ကြာသပတေးနေ့ ည ဆယ့်တစ်နာရီ မထိုးခင်မှာပဲ သပိတ်ကျင်း အရှေ့တောင်ဘက် ၈ မိုင်လောက် အကွာမှာ ပြင်းအား အဆင့် ၄ ရှိတဲ့ ငလျင်ငယ်တခု ထပ်ပြီး လှုပ်ခတ်ခဲ့ပါတယ်။

အားပြင်း ငလျင်တခု နောက်မှာ နောက်ဆက်တွဲ ငလျင်တွေလှုပ်လေ့ရှိတာကြောင့် ချောက်ငလျင်ဒဏ်ခံရတဲ့ ပုဂံဘက်က ရှေးဟောင်း အမွေအနှစ် စေတီပုထိုးတွေ တဝိုက် တာဝန်နဲ့ လှုပ်ရှားသွားလာသူတွေ သတိထားကြဖို့ မြန်မာနိုင်ငံ ငလျင်ကော်မတီက သတိပေးလိုက် ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

သြဂုတ်လ(၂၅)ရက်နေ့ မြန်မာစံတော်ချိန် ည ဆယ်နာရီ ၄ရ မိနစ်လောက်မှာ သပိတ်ကျင်းမြိ့ု အရှေ့တောင်ဘက် ၈ မိုင် လောက်အကွာကို ဗဟိုပြီး ပြင်းအား ၄ ရှိတဲ့ ငလျင်ငယ်တခု လှုပ်ခတ်သွားတာကို မန္တလေးမြေငလျင်စခန်းက တိုင်းတာ ရရှိကြောင်း မိုးဇလက သတင်းထုတ်ပြန် ခဲ့ပါတယ်။

၂၄ ရက်နေ့ကတော့ သူ့တောင်ဘက်ပိုင်း ချောက်မြို့ အနောက်ဖက် ၁၆ မိုင်လောက်အကွာ မြေအောက်အနက် ၅၂ မိုင်လောက်မှာ ဗဟိုပြုပြီး ပြင်းအား ၆.၈ ငလျင်လှုပ်ခဲ့တဲ့ အတွက် လူ ၃ ဦးသေဆုံးခဲ့ရသလို ငလျင်ဗဟိုချက်နဲ့ သိပ်မဝေးလှတဲ့ ရှေးဟောင်းလက်ရာတွေနဲ့ ပြည့်နေတဲ့ ပုဂံမှာ ဘုရားပုထိုး ရာနဲ့ချီပြီး ပျက်စီးခဲ့ရပါတယ်။

ဒီငလျင်ဟာ မြန်မာနိုင်ငံသားတွေနဲ့ မစိမ်းလှတဲ့ စစ်ကိုင်းပြတ်ရွေ့ထက် မြန်မာနိုင်ငံ အနောက်တောင်ပိုင်းက မြေလွှာထုချပ်ကြီးတွေရဲ့ လှုပ်ရှားမှုကြောင့် အဓိကဖြစ်လာတာလို့ မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှုး ဒေါက်တာ မျိုးသန့်က ပြောပါတယ်။

“ဖြေ။ ။အခုလှုပ်တဲ့ငလျင်နဲ့ စစ်ကိုင်းပြတ်ရွေ့နဲ့က သိပ်အဆက်အသွယ်မရှိဘူးခင်ဗျ။ ဒီငလျင်ကလှုပ်တာက မြန်မာနိုင်ငံရဲ့ အနောက်ဘက်ပိုင်းကပေါ့နော်။ ဖြစ်နိုင်ဖို့များတာက subduction zone ပေါ့နော် အိန္ဒိယ မြေထုချပ်ကနေပြီးတော့ မြန်မာမြေထုချပ်အောက်ကို တိုက်ဝင်နေတဲ့ဖြစ်စဉ်ပေါ့နော်။ အဲဒီဖြစ်စဉ် ကနေပြီးတော့ မြေအောက်မှာ မြေထုချက် ၂ ခု တွန်းထိုး ထိတွေ့နေတဲ့ အနားသတ်မျဉ်း တလျှောက်ကလှုပ်တယ်လို့ ကျနော်တို့ ပြောရမှာပေါ့။

မေး။ ။ ဒီ Aftershocks လို့ခေါ်တဲ့ နောက်ဆက်တွဲ ငလျင်လှုပ်နိုင်ခြေနဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

ဖြေ။ ။ငလျင်တိုင်းငလျင်တိုင်း တော်တော်များများကတော့ Aftershock တွေလာတာများတာပေါ့။ ဒီငလျင်မှာလည်း Aftershocks လာမယ်လို့ မျှော်လင့်ရတာပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့ ၂၀၁၆ ဧပြီ ၁၃ တုန်းက ၆.၉ နဲ့ လှုပ်သွားတယ်။ ဒါလည်း ကီလိုမီတာ ၁၄၀ အနက်ကနေ လှုပ်ပြီးတော့ ဒါလည်း subduction zone ကဖြစ်တာပဲလေ။ ဧပြီ ၁၃ရက်နေ့ပေါ့ ကလေးဝနဲ့ မုံရွာ လမ်းအလယ်တည့်တည့်လောက်မှာထင်ပါတယ် တောချင်ဆိုတဲ့နေရာလေးမှာ လှုပ်သွားတာ။ အဲဒါတောင်မှပဲ မက်ကနီကျူ့ ၅ နဲ့ အထက် လှုပ်ခဲ့တယ်ဆိုတော့ ဒါလည်းလှုပ်ဖို့များပါတယ်။ လာမယ့် ၁ လခွဲ ၊ ၂ လအတွင်းမှာ လှုပ်နိုင်ခြေရှိတာပေါ့။

မေး။ ။ ဘယ်လိုနေရာမျိုးတွေမှာ သတိထားဖို့လိုပါသလဲ။

ဖြေ။ ။Mainshock ပေါ့နော် မနေ့ကလှုပ်သွားတဲ့ငလျင်ကြောင့်တွမှာ ပျက်စီးဆုံးရှုံးတဲ့နေရာတော်တော်များများပေါ့ အဲဒီနေရာတွေမှာ ဝင်ထွက်သွားလာလှုပ်ရှားမယ့် အခါမျိုးမှာတော့ သတိထားရမှာပေါ့ ။ ပုဂံ-ညောင်ဦး နမူနာပေးမယ်ဆိုရင် စေတီပုထိုးတွေဖြစ်နေတယ်။ အဲဒီနေရာတွေမှာ အစအနတွေ တို့လို့တွဲလောင်းကျန်နေတဲ့ဟာတွေ ပတ်ဝန်းကျင်မှာ ဝင်ထွက်သွားလာမယ်ဆိုရင် aftershocks လှုပ်တဲ့အချိန်နဲ့ သွားကိုက်မယ်ဆိုရင်တော့အန္တရာယ်များတာပေါ့နော်။ဆိုတော့အဲဒီလိုမျိုး ပျက်စီးလက်စ အဆောက်အအုံဘေးမှာ ဝင်ထွက်သွားလာမယ်ဆိုရင်တော့ ဒါကသတိထားရမှာပေါ့။”

မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှုး ဒေါက်တာ မျိုးသန့်က သတိပေးသွားတာပါ။

နောက်ဆက်တွဲငလျင်တွေ သတိထားသင့်
please wait

No media source currently available

0:00 0:03:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG