သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ဆက်တွဲငလျင်များ သတိထားဖို့ ဦးထွန်းလွင် သတိပေး


ငလျင်ဒဏ်သင့် ပုဂံဘုရားတစ်ဆူ
ငလျင်ဒဏ်သင့် ပုဂံဘုရားတစ်ဆူ

ငလျင်ကြီးတခုလှုပ်ပြီးတိုင်း နောက်ဆက်တွဲငလျှင်တွေ ထပ်လှုပ်လာနိုင်တာကြောင့် ငလျင်ကြောပေါ်မှာ နေထိုင်တဲ့ သူတွေအနေနဲ့ သတိထားပြီး နေကြဖို့ လိုတယ်လို့ ထင်ရှားတဲ့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင်တစ်ဦးက သတိပေးလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ ငလျင်လှုပ်ခတ်မှု ရင်ဆိုင်ရနိုင်တဲ့ အခြေအနေတွေနဲ့ပတ်သက်လို့လည်း သုံးသပ်ပြောဆိုထားပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ရှားဖောင်က ပြောပြပေးပါမယ်။

မြန်မာနိုင်ငံ နေရာအတော်များများမှာ ခံစားခဲ့ရတဲ့ ၆. ၈ ပြင်းအားရှိတဲ့ ငလျှင်လှုပ်အပြီး နောက်ဆက်တွဲငလျင်တွေ ထပ်လှုပ်လာနိုင်တဲ့အတွက် သတိထားပြီးနေကြဖို့ မြန်မာ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် က သတိပေးလိုက်တာပါ။ နောက်ဆက်တွဲလှုပ်လာနိုင်တဲ့ ငလျင်တွေဟာ လက်ရှိလှုပ်ခတ်သွားတဲ့ ငလျင်လောက် သိပ်ပြီး မပြင်းထန်နိုင်တော့ပေမယ့်လည်း သတိထားရမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ပညာရှင် ဦးထွန်းလွင်က ပြောပါတယ်။

“ဒါငလျင်ကြီး၁ခုလှုပ်ပြီးရင်တော့ ဒါနောက်ထပ်ငလျင်တွေက နောက်ဆက်တွဲငလျင်ဆိုတာ လှုပ်နေကျပါပဲ။ အနည်းဆုံးတော့ ၁ ပတ်လောက်ပေါ့နော်။ တခါတလေလည်း ၁ လလောက်ကြာပါတယ်။ ဒါပေမယ့် ကျနော်ကတော့ ၁ ပတ်လောက်အတွင်းမှာတော့ နောက်ဆက်တွဲငလျင်ကို နည်းနည်းလေး သတိထားဖို့လိုတယ်ပေါ့နော်။ ဒါပေမယ့် ကျနော့်အတွေ့အကြုံအရတော့ နောက်ဆက်တွဲငလျင်ကတော့ များသောအားဖြင့် ပင်မ ငလျင် ၆.၈ မနေ့ကလှုပ်တဲ့ ငလျင်ထက်တော့ ပိုပြင်းထန်တဲ့ငလျင်က များသောအားဖြင့် လှုပ်လေ့မရှိပါဘူး။နောက်ဆက်တွဲငလျင်က သို့သော်လည်း ချွင်းချက်အနေနဲ့တော့ရှိတာပေါ့နော် တခါတလေကျတော့လည်း ပိုပြီးအားကောင်းတာ လှုပ်တက်ပါတယ်။ ဒါပေမယ့် ဒါက အလွန်နည်းပါတယ် ပြောရရင်တော့ နောက်ထပ်တပတ်လောက်အတွင်းမှာ ဒီလောက်အင်အားမကြီးပေမယ့် ငလျင်ငယ်လေးတွေ ၆ ကျော်ကျော်လေးတွေ၊ သို့မဟုတ် ၆ အောက်တွေ တပတ်လောက်အတွင်းတော့ သတိထားနေဖို့လိုတယ်လို့ ကျနော်တွက်စပါတယ်။ ”

မြန်မာနိုင်ငံမှာ ငလျင်ကြော ၅ ခုထက်မနည်း ရှိတာကြောင့် မြန်မာနိုင်ငံမှာလှုပ်တဲ့ ငလျင်တွေကို လျှော့တွက်လို့မရကြောင်း၊ ငလျင်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကိုလည်း ကြိုတင်လေ့ထားဖို့လိုသလို ငလျင်ဒဏ်ပိုမိုကာကွယ်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ အဆောက်အဦးတည်ဆောက်မှု နည်းပညာတွေလည်း လိုအပ်တယ်လို့ ဦးထွန်းလွင်ကပြောပါတယ်။

“အဲဒီတော့ ငလျင်ဆိုတာက လှုပ်လို့ရှိရင် ငလျင်ကြောင့်သေတာနည်းပါတယ်။ ငလျင်လှုပ်လို့ အဆောက်အဦးပြိုကျလို့ သေတာများတယ်ပေါ့နော်။ အဲဒီတော့ အသေအပျောက်များခြင်း၊နည်းခြင်းဟာ အဆောက်အဦးအပေါ်မှာ မူတည်တယ်။ အဆောက်အဦးသက်တမ်း ၊ အဆောက်အဦးအထက်အမြင့် ၊ အဆောက်အဦးဆောက်ထားတဲ့နည်းပညာပေါ့ ဥပမာ-Earthquake Engineering ဆိုတာမျိုးပေါ့ မြန်မာနိုင်ငံမှာ ကျနော်သိသလောက် သုံးပြီးဆောက်ထားတာ မရှိသလောက်ပါပဲ။ ဆိုတော့ ကျနော်တို့အတွက်ကတော့ reliability ကို မြင့်အောင်လုပ်တာပေါ့ ဒါကြောင့်အဆောက်အဦးတွေကို စီစစ်ဖို့လိုပါတယ်။ နောက်ပြီးတော့ ငလျင်လှုပ်ရင် ဘာတွေလုပ်ရမလဲဆိုတာတွေကို ကျနော်တို့အစိုးရကော NGO တွေရော ဒါတွေကို ဝေနေတော့ ဒါလေးတွေလည်း သိထားသင့်ပါတယ်။ ငလျင်လှုပ်ရင် တက်နိုင်သမျှ အဆောက်အဦးအတွင်းမှာ မနေဖို့ပေါ့။ တကယ်လို့ အဆောက်အဦးအတွင်းမှာ ဖြစ်နေရင်လည်း မိမိတို့ခေါင်းကို အထူးသဖြင့် ဦးစားပေးကာကွယ်ဖို့ပေါ့။ ဆိုလိုတာကတော့ ကုတင်အောက် ၊ စားပွဲအောက်၊ မွေ့ရာတို့နဲ့ ဝပ်ပြီးနေရင်တော့ သာမန်အားဖြင့် အသက်အန္တရာယ်ကင်းပါတယ်ပေါ့။ ငလျင် လှုပ်ရင် မီးလောင်တတ်တယ်ဆိုတာ သိဖို့လိုတယ်။ ဓါတ်လိုက်တတ်တယ် သိဖို့လိုတယ်။အိမ်ပြင်ကို ထွက်ပြေးဖို့အတွက် လမ်းတွေရှင်းထားဖို့လိုတယ်ပေါ့နော်။ နောက်ပြီးတော့ ငလျင်လှုပ်တဲ့အခါမှာ မိမိနဲ့ တပါတည်းယူသွားနိုင်တဲ့ အရေးကြီးတဲ့ပစ္စည်းတွေ အဲဒါလေးတွေက များသောအားဖြင့် ပြည်သူ အများ သိသင့်တဲ့ဟာတွေပါပဲ။”

ဒါ့အပြင် ငလျင်ရဲ့ ပြင်းအားပေါ်အခြေခံပြီး လှုပ်လေ့လှုပ်ထရှိတဲ့ သဘောသဘာဝနဲ့ ပတ်သက်ပြီးတော့လည်း ဦးထွန်းလွင်က အခုလို ရှင်းပြပါတယ်။

“ငလျင်ကတော့ Intensity ပေါ်မှာတည်တာပေါ့နော်။ ဥပမာအားဖြင့် intensity ၆ တို့ ဘာတို့ အင်အားပြင်းတဲ့အဆင့်တို့ရှိတာပေါ့ အဲဒါဆိုရင်တော့ နှစ် ပေါင်း ၃၅-၄၀ ပေါ့ဗျာ ။ တကယ်လို့ intensity ၈ လောက်ဆိုရင်တော့ နှစ် ၆၀-၇၀ ပေါ့နော်။ ၉ လောက်ဆိုရင်တော့ နှစ် ၁၀၀ လောက်ပေါ့နော်။ ဒါကတော့ ငလျင်ပညာရှင်တွေ တွက်တဲ့နည်းအရ အဲဒီလိုသွားပါတယ်ခင်ဗျ။ အနည်းဆုံးကတော့ နှစ်ပေါင်း ၃၀-၄၀ ကတော့ return period လေးတွေရှိပါတယ်။”

ပညာရှင်တွေရဲ့ ခန့်မှန်း တိုင်းထွာချက်တွေအရ အထူးသဖြင့် စကိုင်းငလျင်ကြောပေါ်မှာ လှုပ်ခဲ့တဲ့ ငလျင်တွေဟာ နောက်တကြိမ်ပြန်လှုပ်မယ့်အချိန်တန်ပြီးဖြစ်သလို တော်များများဟာလည်း ပြန်လှုပ်ရမယ့်အချိန်ထက်ကျော်လွန်နေပြီးလို့ဆိုပါတယ်။ ငလျင်ပြန်လှုပ်မယ့်ရက်အထိအကျကို မပြောနိုင်ပေမယ့် ငလျင်ပြန်လှုပ်တော့မယ့်အနေအထားနဲ့ သတိထားရမယ့်အချိန်ရောက်နေပြီး ဆိုတာကိုတော့ ပညာရှင်တွေက ခန့်မှန်းသိရှိထားတယ်လို့လည်း ဦးထွန်းလွင်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG