သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီမံနဲ့ ဘဏ္ဍာဝန်ကြီး ဦးကောျ်ဝင်း ရာထူးနုတ်ထွက် သတင်းတွေ ထွက်ပေါ်


စီမံနဲ့ ဘဏ္ဍာဝန်ကြီး ဦးကောျ်ဝင်း
စီမံနဲ့ ဘဏ္ဍာဝန်ကြီး ဦးကောျ်ဝင်း

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဦးကျော်ဝင်း နုတ်ထွက်စာတင်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီကိစ္စကို NLD ပါတီအနေနဲ့ မသိဘူးလို့ ပါတီပြောခွင့်ရသူ ဒေါက်တာမျိုးအောင်က ပြောပါတယ်။ ဒါပေမဲ့ ရက်ပိုင်းအတွင်း ဝန်ကြီးအပြောင်းအလဲတွေရှိနိုင်တဲ့အတွက် စောင့်ကြည့်ဖို့လည်း သူကပြောပါတယ်။ အဂတိလိုက်စားမှုစွပ်စွဲချက်တွေနဲ့ပါတ်သက်လို့ ဝန်ကြီးဦးကျော်ဝင်းနဲ့ သားဖြစ်သူတို့ မေးမြန်းစစ်ဆေးခံနေရတယ်ဆိုတဲ့ သတင်းတွေနဲ့ပါတ်သက်လို့ နောက်ဆုံးသိထားတာကို မစုမြတ်မွန်က ဆက်ပြီးပြောပြပါမယ်။

စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းနဲ့ သူ့ရဲ့သားဖြစ်သူတို့ကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) နဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးမှုတွေလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ပြီး သီတင်းတပါတ်လောက်အကြာမှာ ဝန်ကြီးဦးကျော်ဝင်း နှုတ်ထွက်စာတင်တယ်ဆိုတဲ့သတင်း ထပ်ထွက်လာခဲ့တာပါ။ သူနှုတ်ထွက်စာတင်တယ်ဆိုတာကို NLD ထိပ်ပိုင်းတာဝန်ရှိသူတယောက်ကတော့ အလွတ်သဘောဟုတ်မှန်တယ်လို့ ပြောပေမဲ့ တခြားက သီးခြားအတည်ပြုချက်မရပါဘူး။ အုပ်ချုပ်ရေးပိုင်းနဲ့ပါတ်သက်နေတဲ့ ကိစ္စမို့ ပါတီအနေနဲ့ တိတိကျကျ မသိဘူးလို့ NLD ပြောခွင့်ရ ဒေါက်တာမျိုးအောင်က VOA မြန်မာပိုင်းကို ပြောပါတယ်။

"ကျနော်တို့ တကယ်တန်းဟုတ်ရင်တော့ တရားဝင်ကြေညာချက်ထွက်မှာပါ။ ကျနော်တို့က ပါတီကပဲဆိုင်ပါတယ် သူက အုပ်ချုပ်ရေးအပိုင်းရောက်သွားတဲ့အခါကျတော့ ကျနော်တို့ လမ်းကြောင်းလည်းမတူပါဘူး။ သူတို့ အုပ်ချုပ်ရေးတွေ ပြောင်းလဲဖို့လိုတယ်ဆိုရင် အုပ်ချုပ်ရေးအပိုင်းကနေပြီးတော့ ကျနော်တို့ စီမံသွားမှာပါ။ ကျနေ်ာတို့ပါတီအပိုင်းမှာကျတော့ ဒီကိစ္စတွေလုံးဝကိုတင်ပြထားတာမရှိဘူး ကျနော်တို့ အမှန်တကယ်မသိပါဘူး။"

အတည်ပြုချက်မရပေမဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းဟာ ဖေဖော်ဝါရီလတုန်းက တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်ကိစ္စနဲ့ပါတ်သက်လို့ စစ်ဆေးခံနေရတာလို့ တချို့ပြည်တွင်းသတင်းမှာ ဖော်ပြပါတယ်။ တရုတ်နဲ့မြန်မာကြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှုအတွက် ဆွေးနွေးခဲ့ကြတဲ့ ဝန်ကြီးဦးကျော်ဝင်းရဲ့ ခရီးစဉ်အတွင်း စီးပွားရေးလုပ်ငန်းရှင်အများအပြားလည်း တရုတ်နိုင်ငံကို လိုက်ပါသွားခဲ့တာပါ။ အဂတိလိုက်စားမှုနဲ့ စစ်ဆေးခံရတယ်ဆိုတဲ့နေရာမှာ ဝန်ကြီးဦးကျော်ဝင်းနဲ့ သားဖြစ်သူအပြင် ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်တချို့လည်း ဒီကိစ္စနဲ့ ဆက်စပ်ပြီး စစ်ဆေးခံခဲ့ရတယ်လို့ စီးပွားရေးအသိုင်းအဝိုင်းက သိရပါတယ်။

သူတို့စစ်ဆေးခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်မှာပဲ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အဖွဲ့ (၆) ဖွဲ့ ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးရေးလုပ်နေတယ်လို့ မေလ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။ တိုင်ကြားစာတွေကြောင့် ကြိုတင်စုံစမ်းမှု ၁၈ မှုကို လုပ်နေတယ်လို့ အဲဒီထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။ စစ်ဆေးဆဲအချိန်မှာ လှို့ဝှက်ထားဖို့လိုတဲ့အတွက် အသေးစိတ် မထုတ်ပြန်နိုင်သေးဘူးလို့လည်း ဖော်ပြထားပါတယ်။ NLD ပါတီရဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အနေနဲ့တော့ ပြည်ထောင်စုအဆင့်တာဝန်ရှိသူတွေကို စစ်ဆေးနေတာမျိုး မရှိဘူးလို့ ပါတီပြောခွင့်ရ ဒေါက်တာမျိုးအောင်ကပြောပါတယ်။

" ပြည်ထောင်စုအဆင့်တာဝန်ရှိသူတွေကို ဝန်ကြီးချုပ်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့မှာ စစ်ဆေးနေတာ လောလောဆည်မရှိပါဘူး။"

NLD အစိုးရအဖွဲ့တွင်းမှာ ဝန်ကြီးအပြောင်းအလဲရှိနိုင်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒေါက်တာမျိုးအောင်ကတော့ ရက်ပိုင်းအတွင်း ထူးခြားမှုရှိနိုင်တယ်လို့ ခုလိုပြောပါတယ်။

"အခုလောလောဆည်တော့ ကျနော်တို့ မပြောနိုင်သေးပါဘူးခင်ဗျ။ ဦးဉာဏ်ဝင်းက ကျနေ်ာတို့ ဝါရင့် ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်ဖြစ်ပါတယ်။ သူက ကျနော်တို့ထက်ပိုပြီးတော့ သတင်းအချက်အလက်ပြည့်စုံနိုင်မယ့်အတွက် သူပြောထားသလို ရက်အနည်းငယ်လောက်စောင့်ကြည့်ရင်တော့ တစုံတရာ ထူးခြားမယ်လို့ထင်တယ်။ ဝန်ကြီးအပြောင်းအလဲ နဲ့ ပတ်သက်ပြီး ဦးဉာဏ်ဝင်းပြောထားတာလေးတွေရှိတယ်။ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးဉာဏ်ဝင်းပြောထားသလိုပဲ ရက်ပိုင်းလောက်တော့ စောင့်ကြည့်ပေးစေချင်ပါတယ်။"

အရင်အစိုးရလက်ထက်က လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေးကော်မရှင်ကို NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ်က အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ပြည်ထောင်စုဝန်ကြီးဟောင်း ဦးအာင်ကြည်ကို ဥက္ကဋ္ဌအဖြစ်တာဝန်ပေးခဲ့ပါတယ်။ သမ္မတသစ်ဦးဝင်းမြင့်ကလည်း အဂတိလိုက်စားမှုကို ထိထိရောက်ရောက်လုပ်သွားမယ်လို့ သမ္မတာဝန်ယူချိန်မှာ ကတိပေးထားပါတယ်။ ဒီတော့ NLD အစိုးရအနေနဲ့ အဂတိလိုက်စားမှုတွေကို ဘယ်လောက်အတိုင်းအတာအထိ လုပ်ဖို့ ပြင်ဆင်ထားပါသလဲ

"ကျနော်တို့အခြေအနေပေးသရွေ့ကတော့ ကျနော်တို့ အစိုးရက အကောင်းဆုံးလုပ်နိုင်တာကိုတော့ အကုန်လုံးလုပ်သွားမယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့မှာက နဂိုကတည်းက ချမှတ်ထားတဲ့ ဥပဒေတွေနဲ့အညီလုပ်ဆောင်ရတယ်။ ဝန်ကြီးတွေကိုလည်း ဝန်ကြီးဥပဒေအရ ကျနော်တို့က လုပ်ရပါတယ်။ အဲဒီတော့ ဥပဒေတွေနဲ့အညီလုပ်မှာ ဖြစ်တဲ့အတွက် ဒီဥပဒေက ခွင့်ပြုသလောက်ကတော့ ကျတော်တို့ အမြန်ဆုံးလုပ်ဆောင်သွားမယ်လို့ ပြောနိုင်ပါတယ်။"

အာဏာအလွဲသုံးစားလုပ်ပြီး အဂတိလိုက်စားခဲ့တယ်ဆိုတဲ့စွဲချက်နဲ့ FDA အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှုးချုပ် ဒေါက်တာသန်းထွဋ်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြီးခဲ့တဲ့ ဧပြီလကပဲ တရားစွဲဆို အရေးယူခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG