ဒီနှစ် ၂၀၁၆ ခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘဲလ်ဆုကို Harvard တက္ကသိုလ်က Oliver Hart နဲ့ Massachusetts နည်းပညာဌာနက Bengt Holmstrom တို့က ပူးတွဲ ရရှိသွားပါတယ်။
သူတို့နှစ်ဦး လေ့လာဆန်းစစ်ခဲ့တဲ့ ကန်ထရိုက်သီအိုရီဟာ ဆိုရင် လုပ်ငန်းအဖွဲ့အစည်းတွေ နဲ့ အပြန်အလှန် သဘောတူထားတဲ့ ကန်ထရိုက် ဆက်ဆံမှုတွေအကြောင်းနဲ့၊ ဒီဆက်ဆံမှုတွေအတွင်း ဆုံးရှုံးနိုင်ချေတွေအပေါ် နားလည် သဘောပေါက်လာစေပါတယ်လို့ ဆုရွေးချယ်ရေးအဖွဲ့ဖြစ်တဲ့ ဆွီဒင် တော်ဝင်အကယ်ဒမီသိပ္ပံ အဖွဲ့က တနင်္လာနေ့မှာ ကြေညာခဲ့ပါတယ်။
သူတို့ဟာ ကန်ထရိုက်သီအိုရီ ဆိုတာကို ပုံဖော်ပေးခဲ့သူတွေလို့ ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။ လုပ်ငန်းကုမဏီတွေမှာ အမှုဆောင် အရာရှိကြီးတွေကို သူတို့ရဲ့ စွမ်းဆောင်ရည်အပေါ်အခြေခံပြီး လစာပေးတာ၊ အာမခံကြေး ဖြတ်တောက်တာ၊ အာမခံ ကန်ထရိုက်မှာ ကိုယ့်ဖက်က စိုက်ပေးရတာ၊ အများပြည်သူဆိုင်ရာ လုပ်ငန်းတွေရဲ့ လည်ပတ်လုပ်ကိုင်မှုတွေကို ပုဂ္ဂလိကပိုင်ပြုလုပ်တာ စတဲ့ ကန်ထရိုက်စနစ် ပုံစံအမျိုးမျိုးအပေါ် မတူကွဲပြားချက်တွေကို ပြည့်ပြည့်စုံစုံ သုံးသပ်ထားတဲ့ သီအိုရီဖြစ်ပါတယ်လို့လည်း ဆုရွေးချယ်ရေးအဖွဲ့က ပြောပါတယ်။
ပူးတွဲဆုရသူနှစ်ဦး အနေနဲ့ ဆုကြေးငွေ ဒေါ်လာ ကိုးသိန်း နှစ်သောင်း လေးထောင်ကို ခွဲဝေယူကြရမှာပါ။ ဆုချီးမြှင့်တဲ့ အခမ်းအနားကို တော့ နိုဘဲလ်ဆုကို စတင်ခဲ့သူ Alfred Nobel ၁၈၉၆ ခုနှစ်က သေဆုံးခဲ့တဲ့ နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ဆေးဘက်ဆိုင်ရာ၊ ရူပဗေဒပညာရပ်ဆိုင်ရာ၊ ဓါတုဗေဒဆိုင်ရာ နဲ့ ငြိမ်းချမ်းရေးဆိုင်ရာ နိုဘဲလ်ဆုတွေကို ဆုရွေးချယ်ရေး ကော်မတီက ကြေညာခဲ့တာပါ။ နောက်ဆုံးကျန်နေတဲ့ စာပေဆိုင်ရာ နိုဘဲလ်ဆိုကိုတော့ ကြာသပတေးနေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။