သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာအကူအညီနဲ့ နိုင်ငံရေးချဉ်းကပ်မှု


နိုင်ငံတကာအကူအညီနဲ့ နိုင်ငံရေးချဉ်းကပ်မှု
please wait

No media source currently available

0:00 0:12:19 0:00

နိုင်ငံတာ အကူအညီတွေမှာ နိုင်ငံရေးပါဝင်နေပါသလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်းကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။

မိုခါ မုန်တိုင်းသင့်ဒေသတွေကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ သွားရောက်ခွင့်ရရေးဟာ အရေးပေါ် လိုအပ်ချက် ဖြစ်တယ်လို့ UNDP ဌာနေ ကိုယ်စားလှယ်က ပြောတာကို ဂျနီဗာကုလသမဂ္ဂ အင်တာနက်စာမျက်နှာမှာ ဇွန်လ ၂ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ လူသားချင်း စာနာထောက်ထားရေး အကူအညီပေးတာတွေကို စစ်ရေးနိုင်ငံရေးအရ မချဉ်းကပ်ဖို့ အချိန်ဖြစ်တယ်လို့လည်း သူက ပြောဆိုပါတယ်။ နိုင်ငံတာ အကူအညီတွေမှာ နိုင်ငံရေးပါဝင်နေပါသလား။ ဒီတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ ဦးတင်မောင်သန်းကို မမြသဇင်အောင်က ဆွေးနွေးမေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဦးတင်မောင်သန်းရှင်။ မြန်မာန်ိုင်ငံမှာ မိုခါမုန်တိုင်းဒဏ်သင့်တဲ့ နေရာတွေကို နိုင်ငံတကာအသိုက်အဝိုင်းအနေနဲ့ သွားရောက်ဖို့က အရေးပေါ်လိုအပ်ချက် ဖြစ်တယ်ဆိုပြီးတော့ UNDP ဌာနေ ကိုယ်စားလှယ်က ဂျီနီးဗာ ကုလသမဂ္ဂ အင်တာနက်စာမျက်နှာမှာ ဇွန်လ ၂ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ နောက်ပြီးတော့ မြန်မာနိုင်ငံမှာ အကူအညီပေးတာတွေကို အခုအချိန်မှာ စစ်ရေးအရ နိုင်ငံရေးအရ မချဉ်းကပ်ဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။ ဒီအပေါ်မှာ ဘယ်လိုအမြင် ရှိပါသလဲ။

ဖြေ ။ ။ မင်္ဂလာပါ မမြသဇင်အောင်။ အဓိကတော့ နိုင်ငံရေး၊ စစ်ရေးအရ မချဉ်းကပ်ဖို့ လိုတယ်ဆိုတဲ့အချက်က အဓိက ဖြစ်မယ်ထင်တယ်။ ကျန်တဲ့ သွားရောက်ခွင့် မရတာကတော့ အဲဒီအောက်မှာ ရှိမယ်လို့ ကျနော် ထင်တယ်။ UNDP ကိုယ်စားလှယ်ပြောတာက သင့်တယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုရင် မိုခါမုန်တိုင်းဒဏ်သင့်တဲ့ နေရာတွေကိုကြည့်ရင် ရခိုင်၊ မကွေး၊ စစ်ကိုင်း။ ဒီနေရာတွေက လက်နက်ကိုင် တော်လှန်ရေး ဖြစ်ပွားနေတဲ့ နေရာတွေ၊ ပဋိပက္ခ နယ်မြေတွေ။ ကျနော်ထင်တယ် စစ်ကောင်စီက စစ်ရေးအရ ပိုပြီးကြည့်လိမ့်မယ် ထင်တယ်။ သူတို့ရဲ့ စစ်ရေးချဉ်းကပ်ပုံကလည်း မြေလှန်ဖြတ်လေးဖြတ် စစ်ရေးချဉ်းကပ်ပုံ ဖြစ်တယ်။ အင်္ဂလိပ်လိုတော့ Scorched Earth Operation ပေါ့။ ဆိုတော့ ဒီလိုကိစ္စရပ်တွေမှာ များသောအားဖြင့် သူတို့တွေက စစ်ကောင်စီရဲ့ ရန်သူ။ တနည်းပြောရရင် အဲဒီဒေသမှာရှိတဲ့ PDF တွေ စားနပ်ရိက္ခာ အကုန်လုံးမရဖို့အတွက် လုပ်တယ်။ ဒီနည်းကို သုံးနေတဲ့အတွက်ကြောင့်မို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကနေမှ မိုခါမုန်တိုင်းနဲ့ ပတ်သက်ပြီး အရေးပေါ် အကူအညီတွေ ပေးချင်တယ်ဆိုတဲ့အခါကြတော့ စစ်ရေးအရ ခွင့်ပြုဖို့ တော်တော်ကြီး ခက်နေတဲ့ အနေအထားမှာ ရှိတယ်လို့ ထင်တယ်။

အာဆီယံရဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးဖို့ အထူးသဖြင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေကြတဲ့ IDP တွေကို ပေးဖို့ဆိုတဲ့ ကိစ္စမှာလည်း မပေးတာ ဒါကြောင့် ဖြစ်တယ်လို့ ကျနော် ထင်တယ်။

မေး ။ ။ အဲဒီတော့ ဒီမှာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ NGO တွေရဲ့ ဥပဒေ ဆိုတာက ဘာကိုဆိုလိုတာပါလဲ။

ဖြေ ။ ။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပတ်သက်ပြီတော့လည်း စိုးရိမ်မကင်း ဖြစ်နေတာတွေ ရှိတယ်။ မတ်လ ၂၄ ရက်နေ့မှာ နိုင်ငံတကာအဖွဲ့အစည်းတွေကို ကန့်သတ်ဖို့။ ဒါမှမဟုတ် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ပတ်သက်တဲ့ ဥပဒေတရပ်ကို စဉ်းစားဖို့အတွက် ကော်မတီတရပ် ဖွဲ့စည်းခဲ့တယ်။ အဲဒီမှာ ကျနော် သတိထားမိတာ ဘာဖြစ်လဲဆိုတော့ ဥက္ကဋ္ဌက ရဲချုပ်ကို ဥက္ကဋ္ဌအဖြစ်နဲ့ထားတယ်။ အတွင်းရေးမှူးကလည်း ရဲကပဲ။ ဆိုတော့ ဒါက အရင်အစိုးရတွေ လုပ်ခဲ့ပုံနဲ့ နည်းနည်းခြားနားတယ်။ အရင်အစိုးရတွေက နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ ဥပဒေတွေကို ရေးဆွဲတဲ့အခါမှာ တကယ်ကိုင်တွယ်တာက အထွေထွေအုပ်ချုပ်ရေးဌာနက အဓိကထား ကိုင်တွယ်ခဲ့တယ်။ အခုကတော့ လက်နက်ကိုင်တပ်တွေရဲ့ အောက်ကနေမှ ဒီဟာကို ကိုင်တွယ်တော့မယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်လာတယ်။ ဒါက နိုင်ငံရေးကိုလည်း တစုံတရာ ထင်ဟပ်နေတယ်လို့ ကျနော် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က များသောအားဖြင့် စဉ်းစားတဲ့အခါမှာ အမျိုးသားလုံခြုံရေး စီမံကိန်းအောက်ကနေ စဉ်းစားတာများတယ်။ အမျိုးသားလုံခြုံရေးမှာလည်း ၉၀ ခုနှစ်ကတည်းက သတ်မှတ်ထားခဲ့တာက အနောက်နိုုင်ငံတွေက ရန်သူ ဖြစ်တယ်။ အဲဒီအဓိက ရန်သူဟာ ကုလသမဂ္ဂ အလံတော်အောက်ကနေမှ တိုင်းပြည်ထဲကို ဝင်ရောက်ကျူးကျော်လာနိုင်တယ်ဆိုတဲ့ အယူအဆ ၉၀ ခုနှစ်တွင်းမှာ ရှိခဲ့တယ်။ ဒါကြောင့်မို့လို့ ဒီ စဉ်းစားပုံအရ တဘက်မှာလည်း နိုင်ငံရေးအရလည်း လက်ယျာအမျိုးသားရေးဝါဒ၊ အတွင်းထဲကိုကြည့်တယ်။ အပြင်ကိုကြည့်တာထက် အတွင်းထဲကို ပိုကြည့်တဲ့ နိုင်ငံရေးလမ်းကြောင်းကို သွားနေတဲ့ အတွက်ကြောင့်မို့ အဲဒီနိုင်ငံရေးကို အာဏာရယူပြီး လုပ်ကိုင်ဖို့လည်း အစိုးရက ရည်ရွယ်ပုံရတယ်။ ဒါကြောင့်မို့လည်း အာဏာသိမ်းတယ်။ ဖွဲ့စည်းပုံကို အခြေခံဥပဒေမှာပါတဲ့ ရွေးကောက်ပွဲကိုလည်း အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲကို သွားနေတယ် စသည်ဖြင့် နိုင်ငံရေးခြေလှမ်းတွေကိုလည်း တွေ့ရတဲ့အတွက်ကြောင့်မို့ ဒါက နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် အင်မတန်ကြီးမားတဲ့ စိန်ခေါ်ချက် ဖြစ်တယ်။ အာဆီယံအပါအဝင်။

မေး ။ ။ စစ်ကောင်စီက စိုးရိမ်နေသလိုမျိုး အကူအညီတွေကို နိုင်ငံရေးအရ အသုံးချတာမျိုး ရှိခဲ့ဖူးပါသလား။ ရှိကောရှိနိုင်ပါသလား။

ဖြေ ။ ။ နိုင်ငံရေးနဲ့လည်း အကူအညီက မကင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ - နှစ်ခု ခွဲပြောရမယ် ထင်တယ်။ ပထမတခုက လူသားချင်းစာနာထောက်ထားရေး အကူအညီနဲ့ သာမန်နိုင်ငံရေး နိုင်ငံတကာ အကူအညီ။ လူသားချင်းစာနာထောက်ထားရေးကတော့ များသောအားဖြင့် အရေးပေါ်အခြေအနေတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ လူကြောင့်ဖြစ်တဲ့ အန္တရာယ်တွေအပါအဝင်ဆိုတဲ့ အဲဒီလို အန္တရာယ်တွေကြောင့် ဖြစ်လာတဲ့ အရေးပေါ်လူတွေရဲ့ လိုအပ်ချက်။ အဲဒီထဲမှာ အိုးအိမ်စွန့်ခွါထွက်ပြေးတဲ့ IDP တွေလည်းပါတယ်။ အဲဒီလို ကိစ္စတွေကို အကူအညီပေးတဲ့အခါမှာတော့ နိုင်ငံရေးကို သိပ်ပြီးတော့ ဇောင်းပေးလိမ့် မရှိဘူး။ ဒါဖြင့်ရင် ရိုးရိုးသာမန် အကူအညီက ဇောင်းပေးလေ့ ရှိသလားဆိုတော့ နိုင်ငံရေးကို ဇောင်းပေးတယ်လို့တော့ မဟုတ်ဘူး။ ဒါပေမဲ့ နိုင်ငံတွေကို ကူညီတော့မယ်ဆိုရင် သူတို့ရဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဗျူဟာကြီးတခုလုံးနဲ့ ဆက်နွှယ်ပြီး စဉ်းစားပြီးတော့မှ အကူအညီပေးရေး ဘတ်ဂျက်တွေကို ချထားတာများတတ်တယ်။ ဒါကြောင့်မို့လို့ တနည်းတဖုံအားဖြင့်တော့ နိုင်ငံရေးနဲ့ ပတ်သက်သလားဆိုရင် ပတ်သက်တယ်။ ဒါပေမဲ့ နိုင်ငံရေးကို အသုံးချပြီးတော့ နှောင့်ယှက်မယ်ဆိုတာမျိုးတော့ မဟုတ်ဘူးလို့ ကျနော်ထင်တယ်။

မေး ။ ။ အရင်အစိုးရတွေ လက်ထက်မှာလည်း ဒီလိုအကူအညီပေးရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ NGO တွေက ဆန္ဒပြခဲ့တာ ရှိပါတယ်။ အဲဒီလို ဆန္ဒပြပွတွေကို အလှူရှင်နိုင်ငံတွေက ထိန်းချုပ်တယ်ဆိုပြီးတော့ ထင်မြင်ချက်တွေလည်း ရှိပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ ။ ။ အဲဒီလို အလှူရှင်နိုင်ငံတွေက ဆန္ဒပြပွဲတွေကို တိုက်ရိုက်ဖန်တီးတာ၊ ထိန်းချုပ်တာမျိုးတော့ မဟုတ်ဘူး။ ဥပမာအားဖြင့် အခုနပြောတဲ့ ခေါင်းစဉ်အောက်မှာ အလှူရှင်တွေက နိုင်ငံက ချမှတ်ထားလိုက်ပြီဆိုရင် ဥပမာအားဖြင့် ဒီမိုကရေစီ၊ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတဲ့ အောက်မှာ ချထားပြီဆိုရင် အဲဒီပိုက်ဆံ - ဥပမာ ၂၅ သန်း ချလိုက်ပြီဆိုရင် ၂၅ သန်းကို စီမံခန့်ခွဲဖို့အတွက် Management လုပ်တဲ့ အဖွဲ့တဖွဲ့ကို သူတို့က တင်ဒါ ခေါ်လိုက်ပါတယ်။ တင်ဒါဝင်ရတယ်။ ဝင်ပြီးတဲ့နောက်မှာ အဲဒီခေါင်းစဉ်အောက်မှာ - အဲဒီခေါင်းစဉ်ကို ချထားတဲ့အခါမှာလည်း အမေရိကန်ဆိုရင် အမေရိကန်ပြည်ထောင်စုရဲ့ ရည်မှန်းချက်က ဘာတွေရှိလဲ။ မူဝါဒက ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှု - ယေဘူယျကျတာတွေ ပြရတယ်။ အဲဒါကို ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာကို အဲဒီအဖွဲ့တွေက လိုက်လံစုံစမ်းပြီးတော့မှ သူတို့တွေက အဆိုပြုလွှာကို တင်ရတယ်။ တင်ရတဲ့ထဲကနေ တယောက်ကို ရွေးတယ်။ ရွေးပြီးတဲ့အခါကျမှ အရပ်ဘက်အဖွဲ့အစည်းတွေကို ခေါ်လိုက်တယ်။ ခေါ်တဲ့အခါမှာ အရပ်ဘက်အဖွဲ့အစည်း မြေပြင်မှာ လုပ်နေတဲ့လူက ဒီရန်ပုံငွေကို လျှောက်ရတဲ့အခါမှာ သုံးလကနေ ခြောက်လအထိ ကြာတတ်ပါတယ်။ များသောအားဖြင့် ရွေးချယ်တဲ့အဖွဲ့ကလည်း အမေရိကန်ဆိုရင် USAID ပါမယ်။ ဗြိတိန်ဆိုရင် DFID ပါမယ်။ ဒီက ပုဂ္ဂိုလ်တယောက်ပါမယ်။ နောက် စီမံခန့်ခွဲတဲ့အဖွဲ့ကလူတွေ ပါမယ်။ နောက် Board အဖွဲ့ ဖွဲ့စည်းထားတယ်။ Board အဖွဲ့က အဲဒီတိုင်းပြည်မှာရှိတဲ့ အထင်ကရလူတွေ၊ အငြိမ်းစား အရပ်ဘက်အဖွဲ့အစည်းတွေမှာ လုပ်ခဲ့တဲ့လူတွေနဲ့ ဖွဲ့စည်းထားတယ်။ သူတို့ကနေ ပြန်ပြီးတော့ အောက်ခြေက တင်ပြတဲ့ အဆိုပြုချက်တွေကို ပြန်ပြီးတော့ ရွေးပါတယ်။ ရွေးတဲ့အတွက်ကြောင့် ဒီဖြစ်စဉ်က သုံးလကနေ ခြောက်လအထိ ကြာတတ်တယ်။ ဒါပေမဲ့ စောစောက ဆန္ဒပြပြီဆိုတဲ့အခါကြတော့ ဒါဆိုရင် အဲဒီလို ဆန္ဒပြမှ ရော့ ပိုက်ဆံဆိုပြီး သွားပေးတာမျိုးတော့ မရှိပါဘူး။

အခုန အဆိုပြုထားတဲ့ အဖွဲ့အစည်းတွေက သူတို့ရဲ့ အစီအစဉ်ထဲမှာ Advocacy လိုပြောတဲ့ ဆော်သြစည်းရုံးရေး။ ဥပမာ သဘာဝပတ်ဝန်းကျင်အတွက် လှုပ်ရှားနေတဲ့ အဖွဲ့ဆိုရင် သဘာဝပတ်ဝန်းကျင်အတွက် အာဏာပိုင်အဖွဲ့အစည်းတွေကိုလည်း စည်းရုံးဖို့အတွက် စည်းရုံးရေးစရိတ်၊ လူထုကို စည်းရုံးရေးစရိတ် အစရှိသဖြင့် ဒီဟာတွေ တင်ထားတယ်။ အဲဒီစရိတ်ထဲကပဲ ဆန္ဒပြတာ၊ မပြတာ - ဆန္ဒပြတယ်ဆိုတာကတော့ Advocacy လို့ပြောတဲ့ ဆော်သြစည်းရုံးရေး နည်းနာတရပ်ပဲ ဖြစ်တယ်။ ဒီလိုဆန္ဒပြဖို့လည်း အဲဒီအဖွဲ့က ရန်ပုံငွေရှာပြီး တောင်းတာမဟုတ်ဘူး။ အဲဒီမှာ Advocacy လုပ်တဲ့အခါမှာလည်း အောက်ခြေအဖွဲ့အစည်းက ဒါကတော့ ငါတို့သည် လမ်းလျှောက်ပြီး လမ်းပေါ်ထွက်မှပဲ ရတော့မယ်၊ ဒီကိစ္စကို သတိထားမိလိမ့်မယ်၊ စဉ်းစားလိမ့်မယ်ဆိုရင် သူတို့က လမ်းပေါ်ထွက်ကြတာ။ ဒါက လုပ်ငန်းသဘာဝ ဖြစ်တယ်။ ဒီအတိုင်းပဲ ဖြစ်နေကြဆိုတဲ့အတွက်ကြောင့် ငါတို့ကတော့ ဆန္ဒပြမယ်၊ မင်း ဆန္ဒပြပါဆိုပြီး ပိုက်ဆံပေးတာ မဟုတ်ပါဘူး။ ဒါက လူအများ အထင်လွဲနေတာပါ။

မေး ။ ။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာကော နိုင်ငံတကာ အကူအညီတွေပေါ်မှာ ဘယ်လိုသဘောမျိုး ရှိပါသလဲ။

ဖြေ ။ ။ နိုင်ငံတကာ အကူအညီတွေပေါ်မှာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ။ များသောအားဖြင့်တော့ တောင်ပိုင်းနိုင်ငံတွေ၊ မြောက်ပိုင်းနိုင်ငံတွေကတော ဖွံ့ဖြိုးပြီနိုင်ငံတွေ။ များသောအားဖြင့်တော့ တောင်ပိုင်းနိုင်ငံတွေက ပိုက်ဆံချေးရတယ်။ အတိုးပေးရတယ်။ မြောက်ပိုင်းနိုင်ငံတွေက ပိုက်ဆံကို ချေးတယ်။ သူတို့က အတိုးရတယ်။ အဲဒီတော့ မြောက်ပိုင်းနဲ့ တောင်ပိုင်းနိုင်ငံတွေမှာ များသောအားဖြင့် တောင်ပိုင်းက မဖွံ့ဖြိုး မတိုးတက်ကြဘူး။ အဲဒီအတွက် အကူအညီ လိုအပ်တယ်။ တချို့ကလည်း ဒီအကူအညီတွေကို အလွှဲသုံးစား လုပ်ကြတာတွေ ရှိတယ်။ တချို့ကလည်း အကူအညီကို အသုံးချပြီးတော့ အောင်မြင်သွားတာတွေ ရှိတယ်။ အဲဒီတော့ သူတို့အမြင်ကတော့ ဒါဟာ သူတို့ရဲ့ နိုင်ငံရေးကို စည်းရုံးတာ ဖြစ်တယ်။ အထူးသဖြင့် စစ်အေးတိုက်ပွဲကာလမှာတော့ ဆိုဗီယက်အုပ်စုနဲ့ အမေရိကန်အုပ်စု။ ဒီထဲမှာပါဝင် စည်းရုံးကြတယ်။ ဒါမှမဟုတ်လို့ရှိရင်လည်း လက်ရှိ အမေရိကန်အနေအထားကို ပြောရရင် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ဖြစ်ပေါ်တိုးတက်မှုကို အားပေးတယ်။ ဒါကြောင့်မို့ ဘိုင်ဒန်အစိုးရရဲ့ မူဝါဒအတိုင်းပဲ ဒီအတွက် အကူအညီတွေ ချထားပေးတယ်။ ဒါသည် အမေရိကန်ရဲ့ စံနှုန်းလည်း ဖြစ်တယ်ဆိုတဲ့ အယူအဆပေါ်မှာ အခြေခံတယ်။ ဒီထောင့်က ကြည့်မယ်ဆိုရင်တော့ ဒါက အမေရိကန်မှ မဟုတ်ဘူး၊ တရုတ်လည်း ဒီအတိုင်းပဲ၊ ရုရှားလည်း ဒီအတိုင်းပါပဲ။ ဆိုတော့ ဒါသည် တကယ့်ဖြစ်ရပ် ဖြစ်ပါတယ်။ အဲဒီအထဲမှာပဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေက မိမိနိုင်ငံ တိုးတက်ရေးအတွက် စီမံခန့်ခွဲကြရတာပေါ့။

မေး ။ ။ အခု မြန်မာနိုင်ငံ အခြေအနေမျိုးမှာ သဘာဝဘေးအန္တရာယ်တွေကို ကြုံနေရတဲ့ ဒုက္ခသည်တွေ ရှိတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေ ရှိတယ်။ သူတို့ဆီကို အကူအညီတွေကို နိုင်ငံတကာက ထိထိရောက်ရောက်နဲ့ အမြန်ဆုံး ပေးနိုင်ဖို့ဆိုရင် ဘယ်လိုအကြံပြုပေးချင်ပါသလဲ။

ဖြေ ။ ။ ဒါ တော်တော်လေး ကြီးမားတဲ့ စိန်ခေါ်ချက် ဖြစ်တယ်။ စစ်တပ်က မြန်မာနိုင်ငံအတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဘာတွေလုပ်မလဲ။ ဘယ်လိုသွားမလဲ။ အားလုံးပါဝင်အောင် ဘယ်လိုနည်းလမ်းနဲ့ လုပ်မလဲဆိုတဲ့ အပြန်အလှန် သုံးသပ်ချက် မရှိသမျှ ကာလပတ်လုံးက အာဆီယံနဲ့ ကုလသမဂ္ဂတို့နဲ့ အခြားနိုင်ငံတွေအတွက် ခက်ခဲမှာပဲ။ အထူးသဖြင့် မိုခါနဲ့ ပတ်သက်ပြီးတော့ မုန်တိုင်းဖြတ်သွားတဲ့ ဒေသတွေ၊ ပြီးရင် အာဆီယံက အဆိုပြုထားတဲ့ လူသားချင်းစာနာထောက်ထားရေး IDP ကိစ္စတွေမှာလည်း ခက်ခဲလိမ့်မယ်လို့ ထင်တယ်။ အဲဒီတော့ မစ္စတာဘန်ကီမွန်း ပြောသလိုပဲ သံတမန်ရေး ဖိအားများ ပိုပေးဖို့ လိုအပ်မလား။ ဒါက နိုင်ငံတကာအနေနဲ့လည်း စဉ်းစားသင့်တယ်။ အထူးသဖြင့် နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ဘယ်လိုပုံစံနဲ့ ဖိအားပေးရင် ပိုကောင်းမလဲဆိုတဲ့ တင်ပြချက်တွေအတိုင်း အစိုးရတွေကို ဖိအားပေးကြဖို့ လိုမလား မသိဘူး။ မြန်မာနိုင်ငံ အခြေအနေကတော့ အဲဒီအခြေအနေ ဖြစ်နေပါတယ်။

XS
SM
MD
LG