သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

El Paso ပစ်ခတ်မှု အမုန်းတရားအခြေခံ ရာဇဝတ်မှုဟုတ်မဟုတ် စုံစမ်းနေ


လူ ၂၀ ထက်မနည်းသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရခဲ့တဲ့ Texas ပြည်နယ် El Paso မြို့ ပစ်ခတ်မှုနဲ့ပတ်သက်လို့ ဒါဟာ အမုန်းတရားကိုအခြေခံတဲ့ ရာဇဝတ်မှု ဟုတ်မဟုတ်ဆိုတာ စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတာဝန်ရှိသူတွေက ပြောပါတယ်။

El Paso မြို့က Walmark ကုန်တိုက်မှာ စနေနေ့တုန်းက ပစ်ခတ်မှုနဲ့ပတ်သက်လို့ သံသယရှိသူ တဦးကို ရဲက ဖမ်းဆီးထားပါတယ်။ ဟစ်စပန်နစ် စပိန်စကားပြော လက်တင်နွယ်ဖွားတွေကို ရည်ရွယ်ပစ်မှတ်ထားခဲ့တယ်လို့ ဖမ်းခံထားရတဲ့ အသက် ၂၁ နှစ်အရွယ် လူဖြူအမျိုးသားရေး ရေးသားတယ်ဆိုတဲ့ အွန်လိုင်းစာတခုကို ရရှိထားတယ်လို့ ရဲချုပ် Greg Allen က ပြောပါတယ်။ ပစ်ခတ်မှုမဖြစ်ခင် တနာရီလောက် အွန်လိုင်းပေါ်မှာ ဒီစာကို တွေ့ခဲ့ရပြီး၊ Texas ပြည်နယ်ကို Hispanic တွေကျူးကျော်ဝင်ရောက်နေတယ်ဆိုတဲ့ အသုံးအနှုန်းမျိုး ရေးသားထားပါတယ်။

ဒါ့အပြင် စာရေးသူက ဒီတိုက်ခိုက်မှုအတွက် သူ သေဆုံးပြီလို့ တွက်ဆ ရေးသားထားပါတယ်။ လူမျိုးရေးခွဲခြားမှု ပြောဆိုချက်တွေကြောင့် Hispanic နွယ် အမေရိကန်တွေကို အခုလို စိတ်မနှစ်မြို့ဖွယ် အကြမ်းဖက် လုပ်ရပ်တွေဖြစ်လာတာလို့ Texas ပြည်နယ် အောက်လွှတ်တော် အမတ် Joaquin Castro က ကြေညာချက်ထုတ်ပါတယ်။ သေနတ်သမား ရေးသားပြောဆိုသုံးနှုန်းတာတွေဟာ သမ္မတ Donald Trump ရဲ့ Hispanic ရွေ့ပြောင်းဝင်ရောက်လာသူတွေကို ကျူးကျော်လာသူတွေဆိုပြီး သုံးနှုန်းတာနဲ့ အတူတူလို ဖြစ်နေတယ်လို့ အောက်လွှတ်တော်အမတ် ကြေညာချက်မှာဖော်ပြပါတယ်။

အကြမ်းဖက်မှုအတွင်းမှာ မက္ကဆီကန်သုံးဦး သေဆုံးပြီး၊ ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ မက္ကဆီကို သမ္မတ Andres Manuel Lopez Obrado က ပြောပါတယ်။ Texas ပြည်သူတွေအတွက် သူရော ဇနီးဖြစ်သူ Melania ကပါ ထပ်တူ စိတ်မကောင်းဖြစ်ရပါတယ်လို့ သမ္မတ Trump က သူ့ Twitter စာမျက်နှာမှာ ရေးပါတယ်။ El Paso မှာဖြစ်ခဲ့တဲ့ ဒီပစ်ခတ်မှုဟာ သဘောကြောင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း သမ္မတ Trump က သုံးနှုန်း ဝေဖန်ခဲ့ပါတယ်။ El Paso မြို့ဟာ လူဦးရေ ခုနှစ်သိန်းနီးပါးနေတဲ့ Texas ပြည်နယ်အနောက်ဖက်ခြမ်း Mexico နိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ နယ်စပ်မြို့လည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG