ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း တင်သွင်းခဲ့ကြရာမှာ မိဘနိုင်ငံသားမဖြစ်တာ၊ သတ်မှတ်အသက် မပြည့်မှီတာနဲ့ နိုင်ငံတွင်း ၁၀ နှစ် ဆက်တိုက် နေထိုင်သူတွေ မဟုတ်တာကြောင့် ကိုယ်စားလှယ်လောင်း လျှောက်လွှာ ၇၀ ကျော်ကို ပယ်ချခဲ့တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က ပြောပါတယ်။
ရွေးကောက်ပွဲကော်မရှင်အနေနဲ့ လာမယ့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းစာရင်းကို တရားဝင်ထုတ်ပြန်လိုက်ပြီး၊ လွှတ်တော်သုံးရပ်အတွက် ကိုယ်စားလှယ်လောင်း ၆ ထောင်ကျော် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။
ဒီကနေ့ ရွေးကောက်ပွဲကော်မရှင်ကနေ လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းတွေကို အပြီးသတ် ဒီကနေ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်း လျှောက်ထားမှုထဲက လျှောက်လွှာပေါင်း ၇၀ ကျော်ကို ကော်မရှင်က ပယ်ချခဲ့ပြီး အယောက် ၃၀ က မိမိသဘောအရ နှုတ်ထွက်ခဲ့ကာ ၁ ဦးကတော့ သေဆုံးလို့ နှုတ်ထွက်ခဲ့တာ ဖြစ်တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
“ပြည်သူ့လွှတ်တော်က ၁၇၄၅ ယောက်ပါခင်ဗျာ။ အမျိုးသားကတော့ ၈၈၆ ဦး ရှိပါမယ်။ တိုင်းဒေသကြီးက ၃၄၄၉ ဦး ရှိပါမယ်။ အားလုံးက ၆၀၇၄ ဦးရှိပါမယ်။ အားလုံးပယ်တာကတော့ ၇၀ ကျော်ပဲ ရှိပါမယ်။ ယခင်တင်ခဲ့တာက ၆၁၈၀ ကျော်လေး တင်ပါတယ်။ မိမိဆန္ဒနဲ့ မိမိပုံစံ ၉ နဲ့ နှုတ်ထွက်တာကတော့ ၃၉ ဦးရှိပါတယ်။ ပယ်လိုက်တာကတော့ အားလုံး ၇၅ ဦးရှိပါမယ်။ ကြားထဲမှာ သေဆုံးသွားတာ ၁ ဦး ရှိပါတယ်။ ဆိုတော့ အားလုံး ၆၀၇၄ ဦး ကျန်ပါ့မယ်။”
နောက်ဆုံး တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းအရ ပြည်သူ့လွှတ်တော်အတွက် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၁၆၀၀ကျော်၊ တသီးပုဂ္ဂလအနေနဲ့ အယောက် ၉၀၊ စုစုပေါင်း ၁၇၀၀ ကျော် ပါဝင်ပါတယ်။ အမျိုးသားလွှတ်တော်အတွက် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၈၀၀ ကျော်၊ တသီးပုဂ္ဂလအနေနဲ့ အယောက် ၄၀ကျော် စုစုပေါင်း အယောက် ၈၀၀ကျော် ပါဝင်ပါတယ်။ တိုင်းဒေသကြီးအတွက် ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်း ၃၂၀၀ ကျော်နဲ့ တသီးပုဂ္ဂလ အယောက် ၁၀၀ ကျော် ပေါင်း အယောက် ၃၀၀၀ ကျော် စာရင်းထဲမှာ ပါဝင်ပါတယ်။
လျှောက်လွှာပယ်ခဲ့ရတဲ့ ကိုယ်စားလှယ်လောင်းတွေ အယူခံဝင်ခဲ့ပြီးနောက်၊ အချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ရွေးကောက်ပွဲဝင်ခွင့် ပြန်လည် ခွင့်ပြုခဲ့ပါတယ်။ ဝင်ပြိုင်တဲ့ ပါတီကိုယ်စားလှယ်လောင်း တဦးကို မိဘဖြစ်သူတွေ နိုင်ငံသားမဟုတ်ဘူးဆိုတဲ့ စွပ်စွဲချက်နဲ့ ပယ်ချခံခဲ့ရပြီး အခုပြန်လည်ဝင်ရွေးခံခွင့် ရခဲ့တဲ့အပေါ် အမျိုးသား ဒီမိုကရေစီသစ် ဥက္ကဌ ဦးသိန်းညွှန့်က အခုလို ပြောပါတယ်။
“ကျနော်တို့ဆီမှာ တိုင်းဒေသနဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်ပေါ့။ ဒေါ်စန်းစန်းမြင့်က ၂၀၁၀ တုန်းကလည်း သူ့အဖေက နိုင်ငံသားဖြစ်ကြောင်း သူ့ကိုယ်ပိုင် ဝန်ခံချက်နဲ့ ခွင့်ပြုခဲ့တာပါ။ အဲဒီတုန်းက ခွင့်ပြုပြီးမှ၊ ဘာကြောင့်ခွင့်ပြုတာလည်း ။ အဲဒါကြောင့် အခုတခါ သူ့ကို ငြင်းပယ်လိုက်တာဟာ ဟိုတုန်းက မနိုင်ဘူးလို့ထင်ပြီး ခွင့်ပြုပြီး၊ အခု နိုင်မှန်းသိလို့ ငြင်းပယ်တာလား၊ ဒါတချက် ကျနော်တင်ပြတယ်။ အဲဒါကြောင့် ရန်ကုန်ပိုင်းခရိုင် ကော်မရှင်အဖွဲ့ဝင်ကလေ သူ့ကို စိစစ်ပြီးတော့ ပယ်ချလိုက်တယ်။ ကျနော် ရန်ကုန်တိုင်း ကော်မရှင် အဖွဲ့ခွဲကို တင်တယ်။ တခါထပ်ပြီးတော့ အယူခံကို ပလပ်တယ်။ အဲဒါကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးဆီကို လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၅ အရ ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လည် ထည့်သွင်းပေးဖို့ ကျနော် စာတင်ခဲ့တာပါ။ အဲဒါကို ကော်မရှင်က ခွင့်ပြုကြောင်း သိတဲ့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကိုလည်း လွန်စွာ ကျေးဇူးတင်ပါတယ်။”
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း လျှောက်ထားသူ ၆၂၀၀ နီးပါးကနေ အယောက် ၆၀၀၀ ကျော် ရွေးချယ်ခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပေမဲ့ ခုချိန်ထိ ဘယ်ပါတီက ဘယ်နှစ်ဦး အပယ်ခံထားရပြီး ဘယ်သူတွေ နှုတ်ထွက်သလဲ ဆိုတာကို ထုတ်ဖော် မပြောသေးပါဘူး။
လူနည်းစု လူမျိုးတွေ အထူးသဖြင့် မူဆလင် လူနည်းစု ကိုယ်စားလှယ်လောင်းတွေ လျှောက်လွှာ အပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ လာမယ့် ရွေးကောက်ပွဲ တရားမျှတမှု အခြေအနေအပေါ် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကတော့ စိုးရိမ်မကင်းဖြစ်ကြောင်း ထုတ်ပြန်ခဲ့ကြပါတယ်။ ပယ်ခံရတဲ့ လျှောက်လွှာတွေ အယူခံကို ပြန်လည် စိစစ်နေတာကြောင့် ကိုယ်စားလှယ်လောင်းစာရင်း တရားဝင်ထုတ်ပြန်ဖို့ ကော်မရှင်အနေနဲ့ ကြန့်ကြာမှုတွေ ဖြစ်ခဲ့ရပါတယ်။