သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်မီးသုံးစွဲမှု ကန့်သတ်ချက်ကြောင့် လုပ်ငန်းငယ်တွေစိုးရိမ်


ရန်ကုန်မြို့က ဓာတ်မီးတိုင်များ
ရန်ကုန်မြို့က ဓာတ်မီးတိုင်များ

လျှပ်စစ်မီး မလုံလောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံမှာ သုံးစွဲမှုတွေကို လျှော့ချဖို့ အာဏာပိုင်တွေက ညွှန်ကြားလိုက်တာကြောင့် ကုန်ထုတ်လုပ်ငန်းတွေ စိုးရိမ်နေကြပါတယ်။ ရန်ကုန်၊ မန္တလေး အပါအဝင် မြို့ကြီးတွေမှာ သတ်မှတ်ချိန်အတွင်းသာ လုပ်ငန်းတွေမှာ လျှပ်စစ်မီးသုံးဖို့ အမိန့်ထုတ်လိုက်တာကြောင့် အထူးသဖြင့် အငယ်စားလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ကြုံရမှာကို စိုးရိမ်လာကြတာပါ။ ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး ကိုစံကျော် တင်ဆက်ပေးထားပါတယ်။

ညနေ ၅ နာရီကနေ နောက်တရက် မနက် ၅ နာရီအထိ လျှပ်စစ်မီးကိုမသုံးဖို့ တနိုင်တပိုင် အိမ်တွင်းစက်မှု၊ လက်မှု လုပ်ငန်းရှင်တွေကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကော်ပိုရေးရှင်းက ဧပြီလ ၂၄ရက်နေ့စွဲနဲ့ အသိပေးထားပါတယ်။ ဒီလို အချိန်နဲ့ ကန့်သတ်တာကို စက်မှုဇုံတွေမှာ အရင်လုပ်ခဲ့ပြီး အခု ဝန်အားမနိုင်တဲ့အတွက် လူနေရပ်ကွက်ထဲက အသေးစား လုပ်ငန်းတွေကိုပါ ကန့်သတ်ရကြောင်း လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

" မနက် ၉ နာရီကနေ ၁၇ နာရီအတွင်းကိုပဲ လုပ်ရမှာလေ လုပ်ငန်းက၊ ၁၇ နာရီနောက်ပိုင်းကို မလုပ်ရဘူးလို့ ပြောချင်တာ။ အခုက စက်မှုဇုံပြင်ပမှာလုပ်နေတဲ့ စက်မှု၊ လက်မှု လုပ်ငန်းတွေပေါ့နော်။ အဲဒါတွေက ရှောင်တခင် စစ်ဆေးဖို့ဆိုပြီး ညွှန်ကြားချက် ထုတ်ထားတာ။ Generation အရ ထုတ်လုပ်မှုက နည်းနေတော့ မီးကထိန်းသုံးနေရတာ။"

ဌာနဆိုင်ရာကပေးတဲ့ လျှပ်စစ်မီးကို အားပြုသုံးနေရတဲ့ အိမ်တွင်းမှု လုပ်ငန်းတွေကတော့ မီးအားကောင်းတဲ့ ညပိုင်းအချိန်မှာပဲ အဓိက အလုပ်လုပ်ကြတာပါ။ အခုလို ကန့်သတ်မှုတွေကြောင့် အသေးစားလုပ်ငန်းတွေ ဒီထက်ပိုပြီး ကြပ်တည်းသွားနိုင်တယ်လို့ ခန့်မှန်းနေတာလည်း ရှိပါတယ်။ မြောက်ဒဂုံက တွင်ခုံလုပ်ငန်းရှင်တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

" အခုပုံမှန်တောင်မှ မနက်ခင်းကို မီးမလာရင် မီးစက်နဲ့ပဲ run ရတာဆိုတော့ ၅ နာရီနောက်ပိုင်း မrunရဘူးဆိုရင် အချိန်တွေ delayဖြစ်တာပေါ့။ အဲဒါ အဓိက ဖြစ်သွားမယ်ပေါ့။ တချို့နေရာတွေဆို မီးအားက လာသာလာနေတယ် လုံးဝ ဝရိန်လည်း ဆွဲလို့မရတဲ့ အခြေအနေရှိတယ်။ ညသန်းခေါင်ကြီးမှပဲ ထလုပ်ရတာမျိုးပေါ့နော်။ မီးအားလေး နည်းနည်းတက်မှ ဝရိန်လေးဆွဲရတာတို့။ အဲဒါတောင် တနာရီ၊ နှစ်နာရီလောက်ပဲ ရတာ။ တော်တော်ကြီးတော့ delay ဖြစ်တာပေါ့နော်။"

ရန်ကုန်၊ မန္တလေးလို နေရာတွေကလွဲလို့ ကျန်တဲ့နေရာတွေမှာ လျှပ်စစ်ကို အနည်းငယ်သာ ရနေပါတယ်။ ဧရာဝတီတိုင်းမှာ လျှပ်စစ်ကို ၂ နာရီပေး၊ ၄ နာရီပျက် စနစ်နဲ့ပေးနေကြောင်း လုပ်ငန်းရှင်တဦးက အခုလိုပြောပါတယ်။

" ညီမတို့ ဒီ ဧရာဝတီတိုင်းဘက်က ပိုဆိုးတယ်၊ ၂ နာရီလာ ၄ နာရီပျက်တာတောင်မှ မမှန်ဘူး။ အကုန်လုံး စရိတ်တွေက အတက်ပဲပေါ့၊ ဆီဈေးတွေကလည်း တက်တယ်၊ ပရီမီယံ(ဓာတ်ဆီ)ဆိုရင် သင်္ကြန်မတိုင်ခင်ကတည်းက စပြီးတော့ တက်နေတာတွေလည်း ရှိတာပေါ့နော်။ မနက်အလုပ်စချိန်ကနေ ၁၂ နာရီလောက်အထိပဲ မီးစက်မောင်းတယ် ကျန်တဲ့အချိန်တွေ တောက်လျှောက်ကတော့ ဆိုလာနဲ့ သွားတာများတယ်။"

နေ့အပူချိန်တွေ တက်လာလို့ မြို့ကြီးတွေမှာ လျှပ်စစ်သုံးစွဲတာ ပိုများလာသလို ဘီလူးချောင်း လျှပ်စစ်စက်ရုံသုံးခုက ပေးပို့နေတဲ့ တာဝါတိုင်တွေ အကြိမ်ကြိမ် ဖောက်ခွဲခံရပြီး ဓာတ်အားပြတ်တောက်နေကြောင်း လျှပ်စစ်စွမ်းအားဌာနက တနင်္လာနေ့က ထုတ်ပြန်ခဲ့တာပါ။

ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုနဲ့အတူ အထွေထွေ စီးပွားရေးကျဆင်းတာ၊ လျှပ်စစ်ဓာတ်အားကို အလုံအလောက် ထုတ်လုပ်၊ ဖြန့်ဖြူး မပေးနိုင်တာတွေကို ကြုံနေရပါတယ်။ လျှပ်စစ်ကို မှီခိုအားထားနေရတဲ့ အထွေထွေ ကုန်ထုတ်လုပ်ငန်းတွေအားလုံး ကုန်ကျစရိတ်ကြောင့် လုပ်ငန်းရပ်ဆိုင်းတဲ့အထိ ဖြစ်လာခဲ့တာပါ။ ယခင်က တရက်ကို ၈နာရီ အလှည့်ကျစနစ်နဲ့ လျှပ်စစ်ပေးနေရာက အခုနောက်ပိုင်းမှာ ၄ နာရီခြားလောက်ပဲ လျှပ်စစ်ရရှိတော့တာပါ။

ပြည်တွင်းမှာတော့ အလွယ်တကူတပ်ဆင်နိုင်တဲ့ တရုတ်ကလာတဲ့ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားတွေကို တနိုင်တပိုင် အားပြု၊ သုံးစွဲလာကြပါတယ်။ စစ်ကောင်စီရဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဌာနကတော့ ပြည်ပကတင်းသွင်းလာတဲ့ ဆိုလာနဲ့ ဆက်စပ်ပစ္စည်းတွေကို အခွန်ကင်းလွတ်ခွင့်ပြုလိုက်ပြီလို့ ဧပြီလ၂၀ရက်က ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG