ဂျပန်နိုင်ငံကို မြန်မာစစ်ကောင်စီက ချစ်ကြည်ရေး လက်ဆောင်အဖြစ် ဆင် ၄ ကောင်ပေးပို့ဖို့ စီစဉ်နေပေမဲ့ ဒီဆင်တွေကို လက်မခံဖို့ ဂျပန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ဂျပန်အစိုးရကို တောင်းဆိုနေပါတယ်။ ဂျပန်နိုင်ငံ Fukuoka မြို့ တိရိစ္ဆာန်ရုံနဲ့ ရုက္ခဗေဒ ဥယျာဉ်အတွက် စစ်ကောင်စီက ပေးမယ့် ဆင် ၄ ကောင်က ဒီလကုန်မှာ ရောက်လာတော့မယ့်အကြောင်း ဂျပန်နိုင်ငံက မြန်မာ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြင့်ဆွေ ပြောဆိုတာကို The South China Morning Post သတင်းစာမှာ ရေးသားထားပါတယ်။
၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ ဆင်သံတမန်ရေး လှုပ်ရှားမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုလိုက်သလို ဖြစ်သွားမယ့် လုပ်ရပ်တွေကို ဆိုင်းထားပေးဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေက Fukuoka မြို့ကိုရော ဂျပန်အစိုးရကိုပါ တောင်းဆိုနေကြတာပါ။ ဆင်တွေကို နိုင်ငံရေးအတွက် အသုံးချတာမျိုး မဖြစ်ဖို့ ဂျပန်အစိုးရကို အိတ်ဖွင့်ပေးစာ ပေးပို့ထားပါတယ်။
Fukuoka တိရိစ္ဆာန်ရုံက တာဝန်ရှိသူတွေကတော့ ဆင်တွေ ဘယ်တော့ ရောက်လာမယ်ဆိုတာ သူတို့ မသိသေးတဲ့အကြောင်း၊ ဒါပေမဲ့လည်း ကန့်ကွက်တာတွေကြောင့်တော့ နှောင့်နှေးမှာ မဟုတ်ဘဲ၊ ဆင်တွေကိုသားဖေါက်ဖို့နဲ့ ဇီဝဗေဒ သုသေတန လုပ်ငန်းတွေအတွက် သုံးမှာ ဖြစ်တဲ့အကြောင်း တုံ့ပြန်ပြောဆိုနေပါတယ်။
Forum