သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုလှုံခွင့် ငြင်းပယ်ခံရသူတွေ နေရပ်ပြန်ပို့မယ့် ဥပဒေသစ် ဂျပန်မှာ စတင်အသက်ဝင်


ဂျပန်နိုင်ငံ၊ တိုကျိုမြို့မြင်ကွင်းတခု (ဧပြီ ၁၉၊ ၂၀၂၄)
ဂျပန်နိုင်ငံ၊ တိုကျိုမြို့မြင်ကွင်းတခု (ဧပြီ ၁၉၊ ၂၀၂၄)

ဂျပန်နိုင်ငံမှာ ခိုလှုံခွင့် လျှောက်ထားပြီးနောက် ငြင်းပယ်ခံရသူတွေကို ပြည်နှင်ဒဏ်ပေးမယ့် ဥပဒေ ဒီနေ့ကစတင် အသက် ဝင်လာပါပြီ။ တက်ကြွလှုပ်ရှားသူတွေကတော့ ဒီစနစ်သစ်ကြောင့် ခိုလှုံခွင့်လျှောက်သူတွေ အန္တရာယ် ကြုံရနိုင်တယ်လို့ သတိပေးနေပါတယ်။

ကမ္ဘာ့စတုတ္ထစီးပွားရေးအင်အာကြီးနိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံဟာ ခိုလှုံခွင့် လျှောက်ထားသူတွကို လက်ခံတာ နည်းပါးတာကြောင့် ဝေဖန်ခံနေရတာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း လူပေါင်း ၃၀၃ ဦးကိုသာ ခိုလှုံခွင့်ပေးခဲ့ပြီး အများစုကတော့ အာဖဂန်နစ္စတန် နိုင်ငံက ဖြစ်ပါတယ်။

မနှစ်က ပြောင်းလဲ ပြဋ္ဌာန်းခဲ့တဲ့ လူဝင်မှုကြီးကြပ်ရေးဥပဒေသစ်အရ သုံးကြိမ်တိုင်တိုင် ပယ်ချခံ ထားရတဲ့ ခိုလှုံခွင့်တောင်းခံသူတွေကို အစိုးရက ပြည်နှင်ဒဏ်ပေးခွင့်ရှိနေတာပါ။ အရင်ကတော့ ခိုလှုံခွင့် လျှောက်ထားသူတွေဟာ ဘယ်နှစ်ကြိမ်ပဲ ပယ်ချခံရခံရ၊ ဆုံးဖြတ်ချက်ကို အယူခံဝင် နေတဲ့အချိန်မှာ နိုင်ငံအတွင်း နေထိုင်ခွင့်ပြုထားပါတယ်။ ပြန်လည်ပြင်ဆင်လိုက်တဲ့ ဥပဒေဟာ နေထိုင်ခွင့်မရှိသူတွေကို အမြန်ပြန်ပို့ရေးနဲ့ ကာလကြာရှည် ဖမ်းဆီးထိန်းသိမ်းခံရတာတွေကို လျှော့ချဖို့ ရည်ရွယ်တယ်လို့လည်း တရားရေးဝန်ကြီး Ryuji Koizumi က မေလတုန်းကပြောပါတယ်။

လိုအပ်သူတွေကို အကာအကွယ်ပေးမှာဖြစ်ပြီး စည်းကမ်းဖောက်ဖျက်သူတွေကိုတော့ ပြင်းပြင်းထန်ထန် အရေးယူမယ်လို့လည်း ပြောပါတယ်။ ဝေဖန်သူတွေကတော့ ခိုလှုံခွင့်လျှောက်ထားသူတွေကို စိစစ်တဲ့ ဂျပန်နိုင်ငံရဲ့ လုပ်ငန်းစဉ်တွေမှာ ပွင့်လင်းမြင်သာမှု အခြေအနေတွေကို စိုးရိမ်ကြောင်း ပြောဆိုထားပြီး၊ ဥပဒေသစ်အရ နေရပ်ပြန်ပို့ခံရသူတွေ နိုင်ငံပြန်ရောက်တဲ့အခါ အပြစ်ပေး အရေးယူခံရနိုင်တယ်လို့လည်း သတိပေးနေပါတယ်။

ဂျပန်နိုင်ငံ ဒုက္ခသည်ရေးအရာအသင်းကလည်း ဥပဒေသစ်ကြောင့် ဒုက္ခသည်တွေကို နေရပ်ပြန်ပို့တဲ့အခါ အသက်အန္တရာယ် ထိခိုက်မှာကို အထူး စိုးရိမ်မိ ပါတယ်လို့ X လူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။ ခိုလှုံခွင့်တောင်းသူတွေကို နိုင်ငံတကာစံတွေအတိုင်း အကာအကွယ်ပေးတယ်ဆိုတာထက် သူတို့ဘဝပြန်လည်ထူထောင်ရေးအတွက် တရားမျှတတဲ့ စနစ်တခုကို ထူထောင်သင့်တယ်လို့လည်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG